ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၁ ရက် ထိပ်တန်းသတင်းများ - ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦး သေဒဏ်ချမှတ်ခံရ
စစ်အုပ်ချုပ်ရေးနယ်မြေတွေမှာဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှု နှစ်ခုနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေအပါအဝင် လူငယ် ၁၀ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အကြောင်း မိသားစုဝင်တချို့က ဘီဘီစီကိုအတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုအတွက် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ကို သေဒဏ်ချမှတ်ခဲ့တာပါ။
ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးကတော့ ဒီသေဒဏ်ချမှတ်မှုကို မတရားမှုလို့ပြောပြီး ဒီကိစ္စကို နိုင်ငံတကာက အာရုံစိုက်ဖို့ တိုက်တွန်းပါတယ်။
အလားတူ ပြီးခဲ့တဲ့မေလက ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး လူငယ် ၃ ဦးကိုလည်း မနေ့က စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
အမှု နှစ်မှုလုံးက မိသားစုဝင်တွေကတော့ သေဒဏ်ကိုအယူခံဝင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာသေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၂၈ ဦး ရှိနေပြီး အခု ၁၀ ယောက်ပါထပ်ပေါင်းရင် ၁၄၀ နီးပါးရှိလာမှာပါ။
မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှု မလုပ်တာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ ဦးဂျင်မီနဲ့ဦးဇေယျာသော်အပါအဝင် ၄ ဦးကို စီရင်ခဲ့လို့ ပြည်တွင်းပြည်ပက အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
သူတို့ ၄ ဦးနောက်ပိုင်း သေဒဏ်စီရင်မှုတွေ ဆက်ရှိနေလားလို့ မေးမြန်းဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
ထီးချိုင့် လေသာရွာမှာ တိုက်ပွဲဆက်ဖြစ်နေ
လက်နက်ကြီးပြောင်းကွဲတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက လေသာကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
လေသာကျေးရွာကို စစ်ကောင်စီတပ်ဘက်က မနေ့ညပိုင်းမှာ လေယာဥ်နဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒီနေ့မှာလည်း တိုက်ပွဲ ဆက်ဖြစ်နေတာလို့ သိရပါတယ်။
“လေသာရွာထဲမှာ မနေ့က စစ်ကောင်စီတပ်ဘက်က မီးရှို့တယ်။ ညနေပိုင်းအထိ တိုက်ပွဲဖြစ်တယ်။ ညဘက်ကျတော့ လေယာဥ်နဲ့ တစ်ခေါက် လာပစ်သွားတယ်။ သူတို့ဘက်က အကျအဆုံးရှိတယ်လို့ သတင်းတွေကြားရပြီးမှာ လေယာဥ်နဲ့လာပစ်သွားတာ။ ဒီနေ့လည်း တိုက်ပွဲဖြစ်လိုက်၊ နားလိုက် ဖြစ်နေတယ်’’လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လေသာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း လက်နက်ကြီးထည့်တဲ့ပြောင်း ပေါက်ကွဲမှုကြောင့် သေဆုံးတယ်လို့ သိရတယ်ဆိုပြီး သူက ပြောပြပါတယ်။
အဲဒီတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုနဲ့အရေအတွက်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ်ထဲက လေသာအပါအဝင် အင်ကြင်းကုန်း၊ ဆူးပုတ်ချောင်၊ အလယ်တော၊ အင်းတိမ်စတဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရာနဲ့ချီတဲ့နေအိမ်တွေ မီးထဲပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ အဲဒီဒေသတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးစုပေါင်းအဖွဲ့တွေနဲ့ ထိတွေ့မှုတွေအတွင်းမှာ ၄ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ဟာ ထီးချိုင့်မြို့ကနေ ၁၀ မိုင်အနီးအတွင်းရှိတဲ့ အခုတိုက်ပွဲဖြစ်ပွားရာနေရာတွေ အနီးကို ဘာကြောင့် အခုလို စစ်ကြောင်းထိုးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကေအိုင်အေနဲ့ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက ထီးချိုင့်မြို့အထိ အင်အားပြခဲ့အပြီးမှာ အခုလို စစ်ကြောင်းထိုးတာတွေ ပေါ်ပေါက်လာတာလို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ ထီးချိုင့်မြောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ယာဥ်မှောက်မှုမှာ ထိခိုက်သေဆုံးတဲ့မြန်မာလုပ်သားတွေကို ကူညီနေတယ်လို့ မဲဆောက် အလုပ်သမားအရာရှိရုံးပြော
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ နိုဝင်ဘာလ ၂၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ နားလည်မှုစာချွန်လွှာ(MOU) အောက်ကနေ အလုပ်လုပ်ဖို့ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ကား တိမ်းမှောက်မှုမှာ ထိခိုက်သေဆုံးသူတွေအတွက် ရသင့်ရထိုက်တာရဖို့ အကူအညီပေးနေတယ်လို့ မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားရုံး ဘက်ကနေ သိရပါတယ်။
MOU အလုပ်သမားတွေ လိုက်ပါလာတဲ့ကားဟာ မဲဆောက်- မောင်တာ့ခ်လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာကြောင့် MOU နဲ့ လာတဲ့ မြန်မာလုပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ် ၄၀ ကျော် ဒဏ်ရခဲ့တာပါ။
‘’ထိခိုက်သေဆုံးသူတွေအတွက် ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေရအောင် သူတို့ကို ပို့ပေးတဲ့ အလုပ်အကိုင်အေဂျင်စီနဲ့ရော ထိုင်းအာဏာပိုင်တွေနဲ့ရော ညှိနှိုင်းပြီး အကူအညီပေးနေပါတယ်။ သေဆုံးသူတွေရဲ့ စျာပန ကိစ္စအတွက်လည်း အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒဏ်ရာရသူတွေကတော့ တာ့ခ် ဆေးရုံမှာ ဆေးကုနေတုန်းပါပဲ’’ လို့ မဲဆောက် မြန်မာအလုပ်သမားရုံး ဘက်က ပြောပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေလိုက်ပါလာတဲ့အဲဒီကားဟာ ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ကနေ သက်ဆိုင်ရာလုပ်ငန်းခွင်ကို ပို့ဖို့ အသွားမှာ ယာဥ်တိမ်းမှောက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကြောင့် မိုင်ချီတဲ့ကားတန်းရှည်နဲ့ စောင့်ဆိုင်းနေရ
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားက ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တိုးလုပ်နေတာကြောင့် ကရင်နဲ့မွန်ပြည်နယ်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ အသွားအပြန်မော်တော်ယာဥ်တွေဟာ မိုင်ချီတဲ့ ကားတန်းရှည်နဲ့ တစ်ရက်ကျော်ကြာ စောင့်ဆိုင်းနေရတယ်လို့ ကားသမား တွေက ဘီဘီစီကို ပြောပြလာပါတယ်။
၅ မိုင်နဲ့ ၆ မိုင်နီးပါးရှိတဲ့ကားတန်းရှည်ဟာ ညောင်ခါးရှည်က X Ray စစ်ဆေးရေးဂိတ်ကို ဖြတ်ဖို့ ၂၅ နာရီနီးပါးကြာ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
“အရင်က ရန်ကုန်က လာတဲ့ကားဆို မစစ်ဘူး။ မြဝတီဘက်က ပြန်တဲ့ကားလောက်ပဲ စစ်တာ။ အခုက အသွားအပြန်ကားတွေ အကုန်စစ်တာ။ အခုက လက်နက်နဲ့မူးယစ်ဆေးဝါးကြောင့် ဆိုပြီး ပိုစစ်တာ။ ကွေ့လို့ရတဲ့လမ်းကြောင်းလည်းမရှိတော့ အရင်က တစ်နာရီလောက်စောင့်ရတဲ့ကားတန်းက အခုဆို ၂၅ နာရီလောက် စောင့်နေရတယ်’’ လို့ ကုန်ကားမောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေက အဲဒီဂိတ်ကို ဖြတ်ပြီး ရန်ကုန်ဘက်ကို လက်နက်သယ်နေတာကြောင့် တင်းတင်းကျပ်ကျပ်စစ်ဆေးနေတာလို့ ရဲအရာရှိတစ်ဦးက ပြီးခဲ့တဲ့လ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
တစ်ဖက်မှာလည်း အခုလို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာကြောင့် ပုပ်သိုးနိုင်တဲ့ကုပစ္စည်းတွေဟာ အရည်အသွေးလျော့တာ၊ အခေါက်ရေစားနဲ့ မောင်းတဲ့ယာဥ်မောင်းတွေလည်း လမ်းပေါ်မှာတင် အချိန် ကြန့်ကြာတာကြောင့် တွက်ခြေမကိုက်ဖြစ်ကြရတယ်လို့ ညောင်ခါးရှည်ဂိတ်ကို ဖြတ်ကျော်ခဲ့ကြတဲ့ ယာဥ်မောင်းတွေက ဘီဘီစီကို ပြောပါတယ်။
မြန်မာနဲ့ ရုရှားစစ်တပ်တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆွေးနွေး
မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကြား အကြမ်းဖက်မှု ပူးတွဲတိုက်ဖျက်ရေးအစည်းအဝေးတစ်ရပ်ကို နေပြည်တော်မှာ မနေ့ နိုဝင်ဘာလ ၃၀ ရက်တုန်းက ပြုလုပ်သွားပါတယ်။
အဲဒီအစည်းအဝေးပွဲကို မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ရုရှားစစ်ဦးစီးချုပ်ရုံးက ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့ ဦးဆောင်ပြုလုပ်ခဲ့တာပါ။
မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ပေမဲ့ ဘယ်လိုကဏ္ဍတွေ အတွက်ဆိုတာကိုလည်း တိတိပပမပြောထားပါဘူး။
ရုရှားစစ်ဖက်ကိုယ်စားလှယ်တွေဟာ အခုသီတင်းပတ်အတွင်း နေပြည်တော်ကို ရောက်နေတာဖြစ်ပြီး အခုဆွေးနွေးပွဲ မတိုင်ခင်တုန်းကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းမှု ကိစ္စတွေ ဆွေးနွေးထားတယ်လို့ သိရပါတယ်။
ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနဲ့ စစ်ခေါင်းဆောင် တို့ဆွေးနွေးမှုထဲ ရုရှားနိုင်ငံကို မြန်မာစစ်တပ်က ပညာတော်သင်စေလွှတ်ဖို့လည်းပါဝင်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ရုရှားကို ပညာသင်စေလွှတ်မှုတွေပုံမှန်ရှိခဲ့ပေမဲ့ အခုတခါမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာအကူအညီအတွက်အဓိကထားစေလွှတ်မယ့်အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဘီဘီစီကိုပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ ရုရှားကြား စစ်ဘက်ဆက်ဆံရေးသာမက စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာပါ ဆက်ဆံရေးတိုးမြင့်လာနေတာဖြစ်ပါတယ်။
မကြာသေးခင်က စစ်ကောင်စီက ချီးမြှင့်ခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပေးအပ်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ကိုပါ ပေးအပ်ထားပါတယ်။
အပစ်ရပ်လိုက်တဲ့နောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သားတွေပြန်လွတ်ရေး အေအေက အကူအညီပေးဖို့ မိသားစုတွေတောင်းဆို
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့အေအေတို့အကြားဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံနေကြရတဲ့ အရပ်သား ၃၂၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ နှစ်ဖက်အပစ်ရပ်လိုက်ပြီဖြစ်လို့ အဲဒီဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးသင့်ကြောင်းနဲ့ ပြန်လည်လွတ်မြောက်လာရေးအတွက် ရက္ခိုင့်တပ်တော် အေအေအနေနဲ့ အကူအညီတွေပေးသင့်တယ်လို့ ဖမ်းဆီးခံထားရသူတွေထဲကတစ်ဦးဖြစ်တဲ့ ကျောက်ဖြူမြို့ခံ ဦးစိုးဝင်းနိုင်ရဲ့ ဇနီးက ဘီဘီစီကိုပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက စတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားမီ တစ်လလောက်ကစလို့ ကျောက်ဖြူမြို့နယ်အတွင်းမှာ အေအေနဲ့ပတ်သက်သူတွေ၊ အကူအညီပေးနေသူတွေဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အရပ်သားပေါင်း ၄၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။
ဦးစိုးဝင်းနိုင်ဟာလည်း စက်တင်ဘာလ ၉ ရက်နေ့ညက သူ့အိမ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တစ်ဖွဲ့က ဧည့်စာရင်းစစ်ဆေးဖို့ရောက်ရှိလာရာကနေ သူ့ကို ဖမ်းဆီးသွားတာဖြစ်ပြီး အေအေနဲ့ဆက်စပ်တယ်လို့ဆိုကာ ပုဒ်မ ၅၀၅(က)နဲ့ ကျောက်ဖြူခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာကြောင့် အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။
ရခိုင်တစ်ပြည်နယ်လုံးမှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သူ အရပ်သား ၃၂၁ ဦးရှိပြီး အဲဒီထဲက ၈၅ ဦးသာပြန်လည်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၂၃၉ ဦးကတော့ အကျဉ်းထောင်တွေနဲ့ အချုပ်တွေထဲမှာ ထိန်းသိမ်းခံနေကြရသလို ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ၁၇ (၁)၊ ၁၇ (၂) စတဲ့ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေကြရသလို တချို့မှာ ပြစ်ဒဏ်တွေချမှတ်ခံထားရပြီဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အေင်၊ အမ်းမြို့နယ်တွေမှာ အရပ်သားတွေကို စစ်ကောင်စီကနေ ပြင်းပြင်းထန်ထန်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကဆိုပါတယ်။
ပြန်လည်လွတ်မြောက်လာခဲ့သူတွေထဲမှာလည်း ဖမ်းဆီးခဲ့တဲ့ စစ်တပ်တွေကို ငွေကျပ်သိန်းရာချီပေးခဲ့ရတာတွေလည်းရှိနေတယ်လို့ ကာယကံရှင်တွေရဲ့ပြောဆိုချက်တွေအရ သိရပြီး ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဖလမ်းနဲ့ ကလေးမှာ နိုဝင်ဘာလအတွင်း စစ်ရေးအခြေအနေ CNDF ထုတ်ပြန်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ ချင်း-စစ်ကိုင်းနယ်စပ် ကလေးမြို့နယ်တို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဆယ်ချီသေဆုံးတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ဘက်က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဟာ ဖလမ်းမြို့နယ်ထဲက သူဖယ်၊ သီးဘွာလ်၊ ဘွာသဲကျေးရွာ၊ ကလေးမြို့နယ်ထဲက ရာဇဂြိုလ်နဲ့ ကလေးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်သေဆုံးပြီး နိုဝင်ဘာလ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ခတ်မှုတွေပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာလအတွင်းဖြစ်ခဲ့တဲ့ အခုတိုက်ပွဲတွေမှာ CNDF တပ်ဖွဲ့ဝင်တွေ အကျအဆုံးမရှိပေမဲ့ ဒဏ်ရာရသူ ၅ ဦးရှိတယ်လို့တော့ CNDF က ပြောထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ချင်းပြည်နယ်ထဲ နိုဝင်ဘာလ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပန်ဆန်းကားဗုံးပေါက်ကွဲမှု လူထိခိုက်သေဆုံးမှုရှိ
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ ပန်ဆန်းမြို့မှာ မနေ့ နိုဝင်ဘာ ၃၀ ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှု လူထိခိုက်သေဆုံးမှု အချို့ရှိတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦးထက်မနည်းသေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူအချို့လည်းရှိတယ်လို့ ‘ဝ’ သတင်းထုတ်ပြန်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရတာပါ။
‘’ အယ်လ်ဖက် အမျိုးအစား ကားကနေ ပေါက်ကွဲမှုဖြစ်တာပါ။ ဖြစ်စဥ်ကိုတော့ စုံစမ်းနေပါပြီ။ ဒဏ်ရာရသူတွေကိုလည်း ပန်ဆန်းမှာပဲ ကုသမှုပေးနေပါတယ်’’လို့လည်း သူက ပြောပါတယ်။
‘ဝ’တပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းပို့တဲ့ကား ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကိုတော့ သူက ပယ်ချပါတယ်။
‘’တရုတ်တွေ သူတို့ အချင်းချင်း မကြေမလည် ဖြစ်ကြတဲ့ ရန်စရန်န မျိုးကနေ လုပ်တာလို့ပဲ ယူဆလို့ရတယ်။ ဒါမျိုးက ဖြစ်နေကျလေ’’ လို့ သူက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ပေါက်ကွဲမှုဖြစ်အပြီး အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံမှာတော့ ‘’ဝ’’ တပ်ဖွဲ့ဝင်တွေက ဒဏ်ရာရ တပ်ဖွဲ့ဝင်အချို့ကို ကားပေါ် တင်ဆောင်သွားတာကိုတွေ့ရပါတယ်။