မေလ ၁၆ ရက်၊ ထိပ်တန်းသတင်းများ - စစ်ကောင်စီသုံ့ပန်းကို ကျဉ်စက်နဲ့တို့ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူထားလို့ KNDF ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတစ်ယောက်ကို ကျဉ်စက်နဲ့တို့နေတဲ့ တပ်ဖွဲ့ဝင်၊ အနီးနားမှာ ဝိုင်းပြီးနောက်ပြောင်ကျီစယ်နေသူတွေကို အရေးယူဆောင်ရွက်ထားတယ်လို့ KNDF က မေ ၁၅ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဟာ စနစ်ကျတဲ့မူဝါဒ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်ညှဉ်းပန်းတာကို တားမြစ်ပြီး အခုလိုပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းကမ်းဥပဒေတွေနဲ့အရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေကလည်း နှိပ်စက်ညှဉ်းပန်းလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ခဲ့ဘူးလို့ ရေးသားထားပါတယ်။
၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်က ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတဲ့ ရုပ်သံဗီဒီယိုကြောင့် အမှန်တရားနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို ဝမ်းနည်းစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဝန်ချတောင်းပန်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်တွေမြို့က ကမန်ကျေးရွာ ၃ ရွာ လမ်းတွေပိတ်ဆို့နေလို့ အကူညီတွေမရကြသေး

မိုခါမုန်တိုင်းဗဟို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ထဲက ကမန်ဒေသခံတွေအများစုရှိတဲ့ သင်္ဂနက်၊ သာယာကုန်း၊ သက္ကယ်ပြင် စတဲ့ ကျေးရွာတွေမှာ အပျက်စီးတွေနဲ့လမ်းတွေပိတ်နေတာကြောင့် မေလ ၁၆ရက်၊ ဒီနေ့အထိ အကူညီတွေ မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီကျေးရွာ သုံးခုစလုံး ရွာလုံးကျွတ်နီးပါး နေအိမ်တွေပျက်စီးနေကြပြီး ၊ သစ်ပင်တွေ၊ ဓာတ်တိုက်တွေလဲတာတွေကြောင့် လမ်းတွေပိတ်ဆို့နေတဲ့အကြောင်း၊ လမ်းရှင်းဖို့အတွက် စက်ပစ္စည်းတွေ၊ ယာဉ်တွေမရှိတာကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ၃ ရက်ကြာတဲ့အထိ သွားလာလို့မရကြသေးဘူးလို့ သဂ္ဂနက်ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“စစ်တွေမြို့နဲ့ သိပ်တော့မဝေးပေမဲ့ လမ်းတွေကပိတ်နေတော့ အကူညီတွေ ဒီနေ့အထိ မရောက်ကြသေးဘူး။ အချင်းချင်းပဲ ကူညီနေကြရတယ်။ ပျက်စီးနေတဲ့ အိမ်တွေကိုလည်း ဘာမှပြင်လို့မရသေးဘူး။ စစ်တွေမြို့ထဲလည်း သွားလို့မရသေးဘူး”လို့ သူက ပြောပါတယ်။
အဲ့ဒီကျေးရွာ သုံးခုမှာ လူဦးရေ ၇ ထောင်ဝန်းကျင်ရှိပြီး တချို့က ပျက်စီးနေတဲ့ နေအိမ်တွေမှာ ဖြစ်သလိုနေကြရတာ၊ တချို့က စာသင်ကျောင်းနဲ့ ဗလီတွေမှာ နေကြရတာတွေ ရှိပါတယ်။
စစ်တွေမြို့ဟာ မိုခါမုန်တိုင်းကြောင့် ၉၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်၊ ပြိုင်းချောင်းမှာ အိမ်ခြေ ၂၀၀ ကျော်ပျက်စီး ၊ သောက်သုံးရေခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှာ မေ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်း နှစ် ကျောင်း ၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးပြီး လူတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျေးရွာအတွင်းက အပျက်စီးတွေကိုလည်း သန့်ရှင်းရေး မလုပ်နိုင်ကြသေးဘဲ ပျက်စီးနေတဲ့ နေအိမ်တွေဆီမှာ ဖြစ်သလို နေကြရပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဒီနေ့ မေ ၁၆ ရက်အထိ ရောက်မလာကြသေးဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ လူတစ်ယောက်လည်း ထိခိုက်ထားတယ်။ မုန်တိုင်းတိုက်နေတဲ့အချိန် လွင့်လာတဲ့ သွပ်ပြားရှပြီး လက်မှာ ထိခိုက်သွားလို့ ချုပ်ထားရတယ်။ အခု သောက်ရေအတွက်တော်တော်ခက်နေတယ်။ အရင်က ကန်ရေသောက်ကြတာ၊ ရေကျသွားတော့ သောက်ရေကန်ထဲရေတွေဝင်ပြီး နောက်ကျိနေတယ်။ မနက်ဖြန် ရေသောက်ဖို့ကို ဒီနေ့ကတည်းက အနည်ထိုင်အောင် လုပ်ထားရတယ်။ သောက်ရင်လည်း ရွံ့နံ့တွေ ရနေတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
မသန့်ရှင်းတဲ့ ရေတွေသောက်နေရတာကြောင့် ဝမ်းရောဂါတွေဖြစ်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။ မုန်တိုင်းကြောင့် ဓာတ်တိုင်တွေလဲပြိုနေတာကြောင့် ဒီနေ့အထိ လျှပ်စစ် မရကြသေးပါဘူး။ ဒါ့ကြောင့် လဲကျနေတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းအဖြစ်သုံးနေရတယ်လို့လည်း အဲ့ဒီဒေသခံက ပြောပါတယ်။
အားပြင်းမုန်တိုင်းမိုခါဝင်ရောက်တာကြောင့် ရခိုင်ပြည်နယ်အတွင်း အနီရောင်အဆင့်ပြထားတဲ့ မြို့နယ်တွေထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော နဲ့ မာန်အောင်မြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်ထဲက မြေငူကျွန်းပေါ်မှာ အမျိုးသမီး ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Social Media
ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းဖြစ်တဲ့ ပေါက်တောမြို့နယ်၊ မြေငူကျွန်း(ခေါ်) ဆံတော်ရှင်ကျွန်းမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန် ကျေးရွာ ၂ ရွာက အမျိုးသမီး ၂ ဦး သစ်ပင်ပိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီကျွန်းမှာ ရခိုင်၊ ခမီနဲ့ မွတ်စလင်ကျေးရွာစုစုပေါင်း ၂၄ ရွာရှိပြီး လူဦးရေ ၂ သောင်းနီးပါးနေထိုင်ကြ တာဖြစ်ပါတယ်။
သေဆုံးခဲ့သူတွေဟာ စကဲပင်အထက်ရွာက မွတ်စလင်အမျိုးသမီးတစ်ဦးနဲ့ သစ်ခေါက်တောကျေးရွာက ရခိုင်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
‘‘စစ်တွေမြို့နဲ့ ကျွန်တော်တို့ကျွန်းက ၁၀ မိုင်လောက်ဝေးပြီး ရေလမ်းကြောင်းပဲသွားလာလို့ရတော့ အခုအထိ အကူအညီတွေ မရောက်သေးဘူး။ တံငါရွာပေမဲ့ မုန်တိုင်းမတိုက်ခင် ဘေးလွတ်ရာရွှေ့ ထားတဲ့ စက်လှေတွေလည်း မုန်တိုင်းအပြီးမှာ ဘာမှ မရှိတော့ဘူးလို့ သိရပါတယ်။ ကျွန်းကနေ စစ်တွေကိုသွားဖို့၊ စစ်တွေဘက်ကလည်း ဒီဘက်ကို လာဖို့ ခက်ခဲနေတယ်။ ဖုန်းလိုင်းမရလို့ တောင်တွေပေါ် တက်ပြီး ဆက်သွယ်ရတယ်’’လို့ မြေပြင်နဲ့ အဆက်အသွယ်ရတဲ့ပြိုင်းတောင်ရွာသား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မုန်တိုင်းကြောင့် ပြိုင်းတောင်ကျေးရွာက နေအိမ် ၄၀၀ နီးပါး ပျက်စီးခဲ့သလို ပင်လယ်ကမ်းစပ်က ကျေးရွာအချို့ဆိုရင် နေအိမ်ဆယ်ချီ ရေထဲ မျောပါခဲ့တာကြောင့် နေအိမ်စုစုပေါင်းပျက်စီးမှု ၁ ထောင် ကျော်ထက်မနည်း ရှိနိုင်တယ်လို့လည်း သိရပါတယ်။
ဆင်ဖြူကျွန်းမှာ ရေစီးနဲ့မျောပါပြီး ၃ ယောက်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းမြို့
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ မေ ၁၄ ရက်က စလင်းချောင်းရေနဲ့မျောပါပြီး သေဆုံးသူ သုံးယောက်ရှိနေပြီလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ဆင်ဖြူကျွန်း လူမှုကွန်ရက်စာမျက်နှာကနေ သိရပါတယ်။
မိုခါမုန်တိုင်းကြောင့် စလင်းချောင်းရေ ရုတ်တရက်ရေကြီးတဲ့အချိန် ဆင်ဖြူကျွန်းမြို၊ နွယ်တမယ်ကျေးရွာက အသက် ၇၀ ဒေါ်အေးသန်းနဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်ယဉ်မင်းစိုးတို့ မျောပါခဲ့ပါတယ်။ ဒေါ်အေးသန်းအလောင်းကို မေ ၁၅ ရက်မှာ တွေ့ခဲ့ပြီး ဒေါ်ယဉ်မင်းစိုးအလောင်းကိုတော့ ဆင်ဖြူကျွန်းမြို့ အရှေ့တောင်ဘက် စမ်းတွင်းရွာကျွန်းမှာ တွေ့ရှိတယ်လို့ သိရပါတယ်။
ဒ့ါအပြင် နွယ်တမယ်ကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုရှိန်းဆိုတဲ့ လူငယ်တစ်ယောက်လည်း ရေထဲမျောပါသေဆုံးသွားပြီး တခြားထိခိုက်သေဆုံးတာတွေလည်း ရှိနိုင်သေးပေမဲ့ အတည်မပြနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
“ဧရာဝတီမြစ်နဲ့နီးတဲ့နေရာနားက ရွာတွေဆိုရင် ရေမကျသေးဘူး၊ ရေကျသွားတဲ့ရွာတွေလည်း ရွှံ့တွေ၊ ဗွက်တွေနဲ့ဆိုင်ကယ်တောင်သွားလို့မရလို့ ပြန်လာခဲ့လိုက်တယ်။ အဲ့ဘက်က ရွာတွေ ကူညီကယ်ဆယ်ရေးအတွက် ဘယ်လိုလုပ်မလဲ တိုင်ပင်နေကြပါတယ်”လို့ အကူညီပေးရေးလုပ်နေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ကျေးရွာတွေရေနစ်မြုပ်သလို စိုက်ခင်းတွေ၊ လယ်ယာမြေနဲ့ တိရစ္ဆာန်တွေ၊ နေအိမ်ရှိပစ္စည်းတွေ၊ လုပ်ငန်းတွေနဲ့ ယာဉ်တွေ ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုခါ မုန်တိုင်းအလွန် ရခိုင်မှာ အကူအညီတွေ လိုအပ်နေတယ်လို့ AA ခေါင်းဆောင် ပြောလာ

ဓာတ်ပုံ ရင်းမြစ်, AA
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ရခိုင်ပြည်နယ်အတွင်းက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို တတ်နိုင်သမျှ ကူညီကယ်ဆယ်ရေးတွေလုပ်နေပေမဲ့ အကူအညီတွေ လိုအပ်နေဆဲလို့ အဖွဲ့ခေါင်းဆောင်က ပြောလာပါတယ်။
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေအပါအဝင် ပြည်နယ်တစ်ခုလုံးနီးပါးကို ဖြတ်ကျော်တိုက်ခတ်သွားတဲ့ အင်အားအလွန့်အလွန်ပြင်း ဆိုင်ကလုန်းမုန်တိုင်းအလွန်ကာလမှာ ULA ဟာ ကူညီကယ်ဆယ်ရေးတွေ အဓိကထား လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
‘’အာရက္ခပြည်သူ့အစိုးရအနေနဲ့ ရှိတဲ့အရင်းအမြစ်တွေကို အသုံးချပြီး အကောင်းဆုံးလုပ်ဆောင်နေပေမဲ့ ဒီသဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးကို ဖြေရှင်းဖို့ အလုပ်နိုင်ပါ။
နိုင်ငံတကာအဖွဲ့ အစည်းအသီးသီး၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ (NGO/INGO) ဒေသတွင်းမှာရှိနေတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ အနေနဲ့လည်း အာရက္ခပြည်သူ့အစိုးရတဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့အကူအညီတွေကို ပေးအပ်လာဖို့အတွက် အထူးမေတ္တာရပ်ခံလိုပါတယ်’’ လို့ ULA ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
အဲဒီလို ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့ ULA ဘက်က လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံ း(HDCO) ကနေ လုပ်ငန်းစဥ်တွေ အသေးစိတ်လုပ်ဆောင်နိုင်ဖို့ ချမှတ်ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲ ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်း နီးပါးအထိရှိခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု လျေ့ာကျခဲ့တာဟာ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်လို့လည်း သူက ဆိုပါတယ်။
အခုအချိန်မှာ ပြည်သူတွေကို အမိုးအကာနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကို ချက်ချင်းထောက်ပံ့ပေးဖို့ အရေးတကြီး လိုအပ်နေသလို လျှပ်စစ်မီးပြတ်တောက်နေသလို အင်တာနက်၊ ဖုန်းလိုင်း၊ ပြတ်တောက်နေတာတွေပါ အရေးတကြီး ပြန်လည်ရရှိဖို့လည်း လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းက အခြေခံစားသောက်ကုန်ရောင်းချသူတွေအနေနဲ့ ပြည်သူတွေ အခက်ကြုံနေချိန်မှာ စျေးအဆမတန်မြှင့်တင် ရောင်းချတာမလုပ်ဖို့ သူက သတိပေးသလို ပြည်သူတွေအနေနဲ့ စိတ်ဓာတ် မကျဘဲ သဘာဝဘေးကို အတူဖြတ်ကျော်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
ကော့ဆက်စ် ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းက စျေးတန်းမီးလောင်

ဓာတ်ပုံ ရင်းမြစ်, F S Khan Mdw
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်စ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ် ၁၅ က စျေးတန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပါတယ်။
အဲဒီမီးလောင်မှုကြောင့် စျေးဆိုင်တန်းထဲက ဆိုင်ပေါင်း ၂၀ ကျော် မီးထဲ ပါသွားခဲ့တယ်လို့ စခန်းအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောပါတယ်။
စျေးဆိုင်တန်းက ယာယီတဲတွေဟာ တစ်တဲနဲ့တစ်တဲ ကပ်နေတာကြောင့် မီးဘေးကိုစိုးရိမ်ပြီး ရိုဟင်ဂျာတွေ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒါပေမဲ့ မီးလောင်ပြီး မကြာခင်မှာပဲ မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီမီးကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ လျှပ်စစ်မီး မတော်တဆမှုကနေ မီးလောင်မှု စတင်တာဆိုပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ကုန်းတွင်းပိုင်းကို ဖြတ်သန်းဝင်ရောက်ချိန်တုန်းကလည်း အဲဒီစခန်းက ဒုက္ခသည်တွေရဲ့ ယာယီတဲ ၂၄ လုံးပျက်စီးခဲ့သလို မြေပြိုမှုလည်း ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
အဲဒီ စခန်းအမှတ် ၁၅ တစ်ခုတည်းမှာတင် နေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် အယောက် ၅၄၀၀ ရှိတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားနေပြီး မနေ့ညပိုင်းတုန်းကလည်း ဒုက္ခသည် စခန်းအမှတ် ၂ ဘက်မှာ မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၁၈ ယောက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နာမကျန်းဖြစ်သူတွေလည်းရှိပြီး နေအိမ်ပျက်စီးတာ၊ အခြေခံအဆောက်အအုံပျက်စီးတာ၊ လမ်း၊ တံတားတွေပျက်စီးတာ၊ သီးနှံစိုက်ခင်းတွေ ရေလွှမ်းမိုးပြီးပျက်စီးတာ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်တွေ ရေထဲမျောပါ သေဆုံးတာတွေလည်းရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ထိခိုက်မှုအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက ဒုတိယအများဆုံး၊ ချင်း၊ ကချင်၊ ပဲခူး၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရက မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ သန်း ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။
မိုခါကြောင့် ချင်းက သုံးမြို့နယ်မှာ အိမ်ခြေ ၁၀၀၀ ခန့်ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, CNA
မေလ ၁၄ ရက်နေ့ညပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တာကြောင့် ချင်းပြည်နယ် မတူပီ၊ ဟားခါးနဲ့ ထန်တလန်စတဲ့ သုံးမြို့နယ်က အိမ်ခြေ ၁၀၀၀ ခန့်ပျက်စီးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/ CNA ဆီက သိရပါတယ်။
အဲ့ဒီထဲ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှာ အိမ်ခြေ ၁၀၀ ပျက်စီးခဲ့ပြီး အခြားမြို့နယ်တွေက အသေးစိတ်တွေကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
"မုန်တိုင်းလမ်းကြောင်းက မြို့ရွာတွေမှာ အိမ်ရာပျက်စီးမှုတွေရှိတယ်။ မြေပြိုတာတော့မသိဘူး၊ လက်လှမ်းမှီသလောက်က အိမ်ခြေ ၁၀၀၀ ခန့်ရှိတယ်။ ကျွန်တော်တို့ စခန်းငယ် တချို့တဲတွေပျက်စီးပါတယ်" လို့ CNA ပြောရေးဆိုခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါပေမဲ့ လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီကနေ့ မေလ ၁၆ ရက်မနက်ပိုင်းအထိ မုန်တိုင်းဖြတ်ကျော်ခဲ့တဲ့ လမ်းကြောင်းပေါ်က မြို့နယ်အချို့ကို ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ်က ရပ်ကွက်၊ ကျေးရွာ ၅ ခုက လူနေအိမ် ၂ လုံးပျက်စီးပြီး လူထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထား

ဓာတ်ပုံ ရင်းမြစ်, CJ
မုန်တိုင်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကိုလှူဒါန်းထားငွေ ကျပ်သိန်းပေါင်း (၁၃၁,၈၁၀) တစ်သိန်းသုံးသောင်းတစ်ထောင့်ရှစ်ရာ ဆယ်သိန်းအထိရှိထားတယ်လို့ သိရပါ တယ်။
စစ်ကောင်စီသတ်မှတ်တဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားအရဆိုရင် အမေရိကန်ဒေါ်လာ ၆ ဒဿမ ၂ သန်းနဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။
နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လှူဒါန်းသူတွေရဲ့ လှူဒါန်းမှုတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၅ရက်၊ မနေ့က လက်ခံရယူခဲ့ပါတယ်။
အဲဒီငွေတွေကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကိုပါ ခွဲဝေကာပြန်လည် လှူဒါန်းသုံးစွဲ သွားမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကြီးကြပ် စေကာ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်းက အဲဒီအခမ်းအ နားမှာ ပြောခဲ့ပါသေးတယ်။
ဒါကြောင့် ပြောင်းရွှေ့မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့လို့ မုန်တိုင်းကြောင့်သေဆုံးသူ နည်းပါးခဲ့တယ်လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မေလ ၁၅ရက်နေ့ ညပိုင်းအထိကို မိုခါကြောင့်သေဆုံးသူက ၅ ဦးအထိသာရှိနေတယ်လို့ စစ်ကောင်စီက သတ်မှတ်ပြောဆိုနေပါတယ်။
ဒါပေမယ့် မုန်တိုင်းဦးတည်ခဲ့တဲ့ စစ်တွေမှာတင် အဲဒီထက်မက သေဆုံးမှုတွေရှိနေသလို၊ အခြားရခိုင် ပြည်နယ်ရဲ့ မြို့နယ်တွေသာမက စစ်ကိုင်း၊ မကွေးနဲ့ မုန်တိုင်းဒဏ်သင့်ဆက်စပ် နေရာတွေမှာလည်း သေးဆုံးမှုအချို့ရှိ နေတယ်လို့သိရပါတယ်။ အရေအတွက်အတိအကျကိုတော့ စာရင်းတွေပြုစုတာ၊ ရှာဖွေမှုတွေ ဆက်လုပ် နေတာကြောင့် တိတိကျကျ မသိရသေးပါဘူး။
ပျက်စီးဆုံးရှုံးမှုတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေရဲ့ ၉၀ ရာခိုင်နှုန်းက မုန်တိုင်းကြောင့် လုံးဝပျက်စီးတဲ့အခြေအနေမှာရှိသလို၊ အခြားမြို့နယ်တွေမှာလည်း ပျက်စီးမှုအများအပြားရှိနေပါတယ်။
ဒါ့အပြင် စစ်ကိုင်း၊ မကွေးစတဲ့နေရာတွေမှာလည်း ရေကြီးမှုကြောင့် မေလ ၁၆ရက်နေ့အထိ ကျေးရွာလုံး ကျွတ် ရေနစ်မြှပ်နေတာတွေဆက်ရှိနေသလို၊ ကူညီကယ်ဆယ်ရေးတွေလည်း သွားရောက်နိုင်တာမျိုး မရှိသေးတဲ့အခြေအနေအထိရှိနေပါသေးတယ်။
မကွေးနဲ့ စစ်ကိုင်းဘက်က နေရာအများစုမှာတော့ ကူညီကယ်ဆယ်ရေးကို ဒေသခံတွေအချင်းချင်းနဲ့ လူမှုကူညီရေးအသင်းတွေ ကသာဦးစီးဦးဆောင်ကာ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေရတယ်လို့သိရ ပါတယ်။








