ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီလ ၂၁ ရက်နေ့ ထိပ်တန်းသတင်းများ စုစည်းချက် - ခင်ဦးမှာ စစ်ကြောင်းထိုးလာချိန် တိမ်းရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဘွားတစ်ဦး အမောဖောက်သေဆုံး
စစ်ကိုင်းအင်းစရွာ စစ်ကြောင်းဝင်လာပြီး မီးရှို့ခံရလို့ တစ်ရွာလုံးနီးပါး မီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အင်းစရွာကို ဒီနေ့ ဧပြီ ၂၁ ရက် မနက် ၉ နာရီကျော်က စစ်ကောင်စီအဖွဲ့တွေ စစ်ကြောင်းထိုးရင်း နေအိမ်တွေမီးရှို့သွားလို့ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ကုန်ပါပြီဗျာ။ ရွာလုံးကျွတ်နီးပါး မီးထဲပါတာ။ ဘာမှကိုမခုခံတဲ့ရွာပါ အကြောင်းမဲ့ကို၀င်ရှို့သွားတာ"လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဟာ မြင်းမူမြို့နယ် မူးမန္တလေးရွာဘက်ကနေ ဒီနေ့မနက်အစောကြီး မူးမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းထဲက တလိုင်းကျွန်းရွာကို စတင်ဝင်ရောက်လာပါတယ်။
ဒီနောက် အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကြောင်းဟာ အင်းစရွာနဲ့ တောင်ကြားရွာကို ဆက်လက်ဝင်ရောက်လာပြီး ဒီနေ့မနက် ၉ နာရီလောက်မှာ မီးရှို့ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
တောင်ကြားရွာဟာ အခုတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး အရင်အကြိမ်တွေမီးရှို့ခံရမှုတွေမှာတော့ နေအိမ် ၂၈၂ လုံးမီးရှို့ခံထားရပါတယ်။
အင်းစရွာမှာ အိမ်ထောင်စု ၄၂၀ ရှိပြီး အခုမနက်ပိုင်းမီးရှို့ခံရမှုမှာ နေအိမ် ဆယ်လုံးခန့်သာ ကျန်ပြီး ရွာလယ် ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
"နေကလည်းအရမ်းပူ တောင်လေ တိုက်တော့ ခဏလေးအတွင်း အကုန်လောင်သွားတာ"လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ နေ့ခင်းပိုင်းမှာ အင်းစနဲ့တောင်ကြားရွာဘက်ကနေ မူးသာရွာထဲ စစ်ကြောင်းဆက်လက် ဝင်ရောက်နေပါတယ်။ အင်းစရွာမီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ ဧပြီ ၂၁ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမီးရှို့ခံရမှုနဲ့ပတ်သက်ပြီး KIA/PDF တို့က ပြုလုပ်တာဖြစ်တယ်လို့ တန်ပြန်စွပ်စွဲထုတ်ပြန်ထားတာတွေရှိခဲ့ပါတယ်။
ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံကို တိမ်းရှောင်နေရသူတွေ အားလုံးနီးပါး နေရပ်ပြန်
မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ ပြီးခဲ့တဲ့ဧပြီ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲကို တိမ်းရှောင်နေတဲ့ ဒေသခံ သောင်းနဲ့ချီထဲက အများစုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းကပဲ နေရပ် ရွှေကုက္ကိုလ် မြို့သစ်ကို ပြန်သွားကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ဆိုကြပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်က နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ် မြို့သစ်အနီးမှာ အခုလ ၅ ရက်နေ့လောက်ကတည်းက စစ်ကောင်စီ၊ BGF နယ်ခြားစောင့်တပ် တွေ နဲ့ KNLA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၅ ရွာက လူ သောင်းချီ တစ်ဘက် ထိုင်းနိုင်ငံမှာ တိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
တိမ်းရှောင်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ စစ်ရှောင်ဒုက္ခသည်အများစုက နေရပ်ကို ပြန်သွားကြပြီး တချို့တလေလောက်ပဲ ဆက်ကျန်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတစ်ခုမှ စစ်ဘေးရှောင် လူ ၅၀၀ ကို ကူညီ ပြီး ချက်ပြုတ် ကူညီ ပေးခဲ့သူတစ်ဦး က " ပြီးခဲ့တဲ့အပတ်ဆိုတော့ ဧပြီ ၁၁၊ ၁၂ လောက်က ဖြစ်မယ်။ တဖြည်းဖြည်း ပြန်သွားကြတယ်။ အခု လူ ၅၀၀ (ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံသူတွေ)လည်း တစ်ယောက်မှ မရှိတော့ဘူး။ နေရပ်ပြန်ကုန်ကြတယ်။ ဝမ်းဖာ ဘုန်းကြီးကျောင်းထဲလည်း မကျန်တော့ဘူး။ အကုန်နီးပါး ပြန်ကုန်ပြီ။ တချို့ကတော့ နည်းနည်း ဆက်ရှိနေတာ ရှိတယ်။ " လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြဝတီဘက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် စစ်ဘေးရှောင်လူသစ်တွေ နယ်စပ်ကိုထပ်တိုးရောက်လာနိုင်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဟာ ကူညီရှာဖွေ ကယ်ဆယ်ရေးအစီအစဥ်တွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မိုးဗြဲ - လွိုင်ကော်လမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တန်းကိုတိုက်ခိုက် သေဆုံးမှု ရှိနိုင်လို့ ထုတ်ပြန်
ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့ မနက် အစောပိုင်းက လွိုင်ကော် မိုးဗြဲ ကားလမ်းမမှာရှိတဲ့ အစီး ၂၀ လောက်ရှိတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF B- 03 နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တချို့ထံက သိရပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ယာဉ်တစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိနိုင်တယ်လို့လည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဘက်က ပြောဆိုလာပါတယ်။
အဲဒါ အပြီးမှာ စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက် ၂ နာရီ လောက်ကစတင်ပြီး လွိုင်ကော်အနီးတဝိုက်မှာ တပ် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လွိုင်ကော်နဲ့ အနီးတစ်ဝိုက်ကိုပစ်ခတ်တာတွေရှိသလို မနက်ပိုင်း ၉ နာရီလောက်မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
" ကားတစ်စီး ထိတယ်။ ကားတောင် ထိတော့ လူလည်း ထိမှာပဲ။ အတိအကျပဲ မသိရတာ။ ဒေသကာကွယ်ရေးတွေဘက်ကတော့ အထိအခိုက် မရှိပါဘူး။ အဲဒါပြီးတော့ လက်နက်ကြီးတွေနဲ့တော့ ရမ်းသမ်းပစ်နေတော့ ဒေသခံ ၂ ဦးတော့ ဒဏ်ရာရထားတယ်" လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲ လွိုင်ကော် ကားလမ်းမတစ်လျှောက်လုံးကိုလည်း စစ်ကောင်စီတပ်တွေ ပိတ်ဆို့ စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ လောပိတ ဘက်ကို စစ်ကြောင်းဆက်ဝင်သွားတာတွေ့ရတယ်လို့ သိရပါတယ်။
သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ခံရ
သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်ပြီး အခုအခါ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို ပြန်လည်ပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေထံက သိရှိရပါတယ်။
“အကြမ်းဖျင်းသိတာကတော့ကန့်ဘလူ ပဇီကြီးကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာရေးသားမှုနဲ့ပတ်သက်လို့ အခုလိုပုဒ်မတပ်ပြီး တရားစွဲလိုက်တာလို့သိရပါတယ်။ ဦးကျော်မင်းဆွေက စမ်းချောင်းရဲစခန်းမှာ ရောက်နေပြီလို့ အတည်ပြုနိုင်ပါတယ်”လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
၄င်းတို့သုံးဦးအနက် မေပန်းချီနဲ့ ရွှေရည်သိန်းတန်ကို ဧပြီ ၁၁ ရက်၊ ဦးကျော်မင်းဆွေကို ဧပြီ ၁၂ ရက်နဲ့ မြောက်ဒဂုံမြို့နယ်က နောက်ထပ်အရပ်သားအမျိုးသမီးတစ်ဦး ဖြစ်တဲ့ မထက်ထက်လှိုင်ကို ဧပြီ ၁၉ ရက်တို့မှာ ၄င်းတို့ရဲ့နေအိမ်တွေကနေ အသီးသီးဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ရန်ကုန်မြို့က အောင်သပြေ စစ်ကြောရေးမှာ ထားရှိကာ အာဏာပိုင်တွေက စစ်ဆေးခဲ့တဲ့နောက် ၁၀ ရက်အကြာမှာ ပုဒ်မ ၅၀၅ (က) တပ်ပြီး ဦးကျော်မင်းဆွေကို စမ်းချောင်းမြိုန့ယ်ရဲစခန်း၊ မေပန်းချီ၊ ရွှေရည်သိန်းတန်နဲ့ မထက်ထက်လှိုင်တို့ကို မြောက်ဒဂုံမြို့နယ် ရဲစခန်းတို့ထံ ဧပြီ ၂၀ ရက် ညပိုင်းက ပြန်လည်ပို့ဆောင်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
မထက်ထက်လှိုင်ကတော့ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဓာတ်ပုံကို လူမှုကွန်ရက်မှာ စာသားပြုပြင်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာကြောင့် ခုလို ဖမ်းဆီးခံရတာလို့လည်း နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
ဦးကျော်မင်းဆွေအပါအဝင် ၄င်းတို့ကို ပဇီကြီးကျေးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ဖော်ပြနေတယ်ဆိုပြီး အကြမ်းဖက်မှုကို အားပေးရာရောက်လို့ ဖမ်းဆီးပါ ဆိုပြီး စစ်ကောင်စီကိုထောက်ခံသူတွေက ၄င်းတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေ လှုံ့ဆော်ခဲ့တာတွေရှိခဲ့ပါတယ်။
အဲဒီလိုလှုံ့ဆော်ခဲ့တဲ့နောက် ညတွင်းချင်းမှာပဲ ၄င်းတို့သုံးဦးကို နေအိမ်တွေမှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဦးကျော်မင်းဆွေဟာ The Voice Weekly အပတ်စဥ်ထုတ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ပြည်တွင်းမှာ သတင်းစာဆရာတစ်ဦးအဖြစ် လူသိများသူလည်း ဖြစ်ပါတယ်။
မေပန်းချီကတော့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်းတချို့အတွက် အွန်လိုင်းကနေ လိုက်ဖ်လွှင့်ပြီး ရောင်းချပေးနေသူဖြစ်ပါတယ်။
အခုလို သက်ဆိုင်ရာစခန်းအသီးသီးကို ပြန်လည်လွှဲပြောင်းလိုက်တာနဲ့ပတ်သက်လို့ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်တို့ မိသားစုတွေထံ ဘီဘီီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ထီးလင်းမြောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက် ပအဖရုံးအဖွဲ့ဝင် သုံးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
မနေ့ ဧပြီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ မကွေးတိုင်း၊ ထီးလင်းမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ လောင်းဘိုလေးရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ရုံးအဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။
"ပအဖရုံးမှာက စစ်ရှောင်စခန်းတာဝန်ခံရုံးလည်း တွဲဖွင့်ထားတာဆိုတော့ ရုံးဝန်ထမ်း ယောကျ်ား ၂ဦးနဲ့ မိန်းကလေး တစ်ဦး သေဆုံးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၁၂ ဦးမှာလည်း ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ဒါပေမဲ့ အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး" လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းကလည်း မနေ့ မနက်အစောပိုင်းကတည်းက ထီးလင်းမြို့ပေါ်ကနေ ဆောင်းဘိုလေးကျေးရွာတောင်ပိုင်းမှာရှိတဲ့ ပဇင်းချောင်းရွာကို စစ်ကြောင်းထိုးနေပြီး နေအိမ်မီးရှို့တာတွေလည်းရှိခဲ့သလို ဒီကနေ့ မနက်ပိုင်းအထိလည်း ဆက်ပြီး စစ်ကြောင်းထိုးနေဆဲလို့ ဆိုပါတယ်။ ဒါကြောင့် ထီးလင်းမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာ၁၆ရွာက ဒေသခံ ၅၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေကြရပြီလို့ သိရပါတယ်။
လုံးခင်းအုပ်စု မှော်ပုံ( မဒဲ့ယာန် ) ရွာ ကို စစ်ကောင်စီတပ်တွေ ဝင်ရောက် - ကျေးရွာ မီးရှို့ခံနေရ၊ ဒေသခံတွေကို ဆန္ဒပြခိုင်း
ဧပြီလ ၂၁ ရက် ဒီကနေ့ မနက်အစောပိုင်းက ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်းအုပ်စုထဲက မှော်ပုံ (မဒဲ့ယာန် ရွာ) ကို စစ်ကောင်စီတပ်တွေေ ဝင်စီးခဲ့ပြီး ပြည်သူတွေကို NUG အလိုမရှိကြောင်း ဆန္ဒပြခိုင်း တဲ့အပြင် အိမ်တွေဖျက် မီးရှို့နေတယ် လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်ကတည်းက မှော်ပုံ ( မဒဲ့ယာန် ရွာ ) ကို စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်လောက် က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာပြီး တဲ့နောက် မနက် ၁၀ နာရီလောက်မှာ နေအိမ်တွေကို မီးရှို့တာ မှော်ပုံ ကျေးရွာက သပိတ်အခြေစိုက်ရုံးကို ဝင်ရောက်ဖျက်ဆီး တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မီးရှို့ပြီးတဲ့နောက်မှာ ဒေသခံ ပြည်သူ ၅၀ ဝန်းကျင်လောက်ကို ဖမ်းဆီးပြီး ဆန္ဒပြခိုင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
" NUG, KIA, PDF အလိုမရှိ ဆိုပြီး လူတွေကို သေနတ်ထောက်ပြီး အော်ခိုင်းတာတွေရှိတယ်။ ဆန္ဒပြခိုင်းတဲ့သဘောမျိုးပေါ့။ ခုချိန်( နေ့လယ် ၁၁ ခွဲ လောက်) အထိ တချို့ကို လူသားဒိုင်းအဖြစ် ခေါ် သွားတယ်။ တချို့ကို ပြန်လွှတ် ပေးခဲ့တယ်။ ကျေးရွာထဲမှာ နေ့လယ်ပိုင်းထိ စစ်ကောင်စီတပ်တွေ ရှိနေတုန်းပဲ" လို့ မှော်ပုံ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မှော်ပုံကျေးရွာထဲကို ဖားကန့် ဗျူဟာကုန်း ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အခု ဖြစ်စဉ်မှာတော့ မှော်ပုံမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကြံ့ခိုင်ရေးကို ပါတီမှတ်ပုံတင်ခွင့်ပြု
နိုင်ငံရေးပါတီတွေကိုမှတ်ပုံပြန်တင်ခိုင်းပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကို နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂၀ ရက်မှာ ပထမဆုံးမှတ်ပုံတင်ချပေးခဲ့ပါတယ်။
ပါတီ ၆၃ ခု မှတ်ပုံတင်ထားတဲ့အထဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကို ပထမဆုံးမှတ်ပုံတင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင် နေပြည်တော်က ကြံ့ခိုင်ရေးရုံးကို မနေ့က သွားရောက်စစ်ဆေးခဲ့ပြီးနောက် မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
တည်ဆဲပါတီတွေကို ရက်ပေါင်း ၆၀ အတွင်းပြည်လည်မှတ်ပုံတင်ခိုင်းခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်နောက်ဆုံးရက် သတ်မှတ်ခဲ့တာပါ။
ကော်မရှင်ရဲ့ စိစစ်မှုဟာ လနဲ့ချီကြာနေတာကြောင့် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတချို့က ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။
မှတ်ပုံပြန်မတင်လို့ဆိုပြီး ပါတီ ၄၀ ကျော်ဖျက်သိမ်းခံခဲ့ရတဲ့အထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တိုင်းရင်းသားပါတီတွေလည်း ပါဝင်ခဲ့ပါတယ်။
ပင်လောင်း စစ်ရှောင်တွေ ရေရှားပါးလို့ ဝယ်သုံးနေရ
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ က စစ်ရှောင်တွေ ရေရှားပါးနေတာကြောင့် ချက်ပြုတ်ရေးနဲ့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေသီးသန့်ဝယ်ယူသုံးစွဲနေကြရပြီး ရေရှားပါးတာကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ အရေပြားရောဂါ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။
"ပင်လောင်းမြို့ပေါ်က ရေရောင်းတဲ့နေရာတွေကနေ ကားတစ်စီးကို ငါးသောင်းနဲ့ ဝယ်သုံးရတယ်။ ထမင်းချက်၊ မျက်နှာသစ်လောက်ပဲ အဓိက သုံးနိုင်တဲ့ သဘောပေါ့။ ခြေထောက်လက်ထောက်တောင် ဆေးဖို့ ရေမလုံလောက်ဘူး။ ရေရှားတော့ စစ်ရှောင်တွေမှာ ရေကြောင့် ရောဂါဖြစ်တာတွေ ရှိပါတယ်။ ကလေးတွေဆို ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်။ အနာရောဂါတွေ ဖြစ်တယ်" လို့ ပင်လောင်းမြို့က စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြရတဲ့ စစ်ရှောင်တွေ ဟာ လက်ရှိအချိန်မှာ လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိပြီ ဖြစ်ပြီး မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် နေရပ်ကို မပြန်နိုင်ကြသေးတာလို့ သိရပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေ အများကြီး ခိုလှုံနေကြတဲ့ ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်း က ကျေးရွာတွေက မူလကတည်းက အဝီစိရေ တွင်းတူးလို့မရတဲ့နေရာတွေ ဖြစ်တဲ့အတွက် အခုလို လူအများအပြား စစ်ရှောင်တွေ လာရောက်ခိုလှုံချိန်မှာ ရေအခက်အခဲ ပိုပြီး ဖြစ်စေတာလို့ ဆိုပါတယ်။ ရေထွက်တဲ့အနီးအနားက နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ ရှိနေပြီး လမ်းတွေ ပိတ်ဆို့ ထားတာရှိနေသလို၊ မိုင်းအန္တရာယ်တွေကြောင့်လည်း ရေရှိရာနေရာတွေကို သွားရောက် မယူနိုင်ဘဲ ရေကို ဝယ်ယူသုံးစွဲနေကြရတာလည်း ဖြစ်ပါတယ်။
မဲကနယ်တောင်ကြောတစ်လျှောက် သုံးရက်ကြာတိုက်ပွဲတွေအခြေအနေ ဘယ်လိုရှိသလဲ။ နယ်စပ်မှာ ထိုင်းလေတပ်က တိုက်လေယာဥ်နှစ်စီးလည်း အသင့်ပြင်ဆင်ထား
မြဝတီ မြို့ အနောက်တောင်ဘက်ရှိ မဲကနယ်ကျေးရွာအထက်ဘက် ကျောက်တောင်နေရာဘက်ကို ဧပြီ ၁ ရက် နေ့ကနေ ဒီကနေ့ ဧပြီ ၂၀ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တပ် BGF တွေက ကရင်လွတ်မြောက်ရေးတပ် KNLAနဲ့ ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေနဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေ KNLA စစ်ရေး လှုပ်ရှားတဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကာလအတွင်း ဧပြီ ၂၀ ရက်နေ့မှာစစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမဲ့ မြေပြင်မှာ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူးလို့ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောပါတယ်။
"စစ်တပ်နဲ့ BGF ပဲပစ်နေတာ။ ညဆို လက်နက်ကြီးသုံးလေးနေရာလောက်က လက်နက်ကြီးတွေ ပြိုင်တူပစ်တယ်။ မဲကနယ်၊ ကျောက်တောင်၊ ဗြုံးတောင်၊ ကျောက်ဂူနေရာတွေကို ပစ်တယ်။ လေယာဥ်နဲ့ ဗုံးကြဲချတယ်။ မြေပြင်က စစ်တပ် BGF တွေ က တောင်ကြောပေါ် တက်လာ တိုက်ဖို့ တော့ ရှိနေတာ မှာ ဆက်ပြီး တင်းမာ နေတဲ့ အခြေအနေေပါ့" လို့ KNLA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ဧပြီ ၂၀ ရက်နေ့က စစ်ရေးအခြေအနေကို ပြောပြပါတယ်။
ထိုင်းမြန်မာနယ်စပ်နား ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က လေးဦးသေဆုံးပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်မှုတွေရှိတဲ့နောက် ထိုင်းတော်ဝင် လေတပ်က နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် F16 တိုက်လေယာဥ်နှစ်စီးကို အသင့်အနေအထားနဲ့ ပြင်ဆင်ထားသလို ကျယ်လောင်တဲ့အသံတွေကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်မဖြစ်ကြစေဖို့ ဆိုပြီး သတိပေးခဲ့တယ်လို့ ဘီဘီစီထိုင်းဌာနက ပြောပါတယ်။
တိုက်ပွဲကြောင့် မဲကနယ် အပါအဝင်အနီးအနားကျေးရွာ ၅ ရွာက ဒေသခံ ၃၀၀၀ ခန့် မြဝတီမြို့ပေါ်နဲ့အနီးတဝိုက်ကျေးရွာတွေကဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရသလို ဧပြီ ၂၀ ရက် တိုက်ပွဲကြောင့် မြဝတီဒေသခံတချို့ မဲဆောက်မြို့ထဲကိုထွက်ပြေးတိမ်းရှောင်လာနေကြတာတွေရှိပြီး အရေအတွက်ကို မပြောနိုင်သေးဘူးလို့ ဘီဘီစီထိုင်းသတင်းထောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က မဲကနယ် ကျေးနယ်အတွင်း စစ်တပ်၊ BGF တပ်တွေနဲ့ KNLA ပူးပေါင်း စစ်ကြောင်းများ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦး သေဆုံး ၊ ၂၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး KNLA ပူးပေါင်း စစ်ကြောင်း ဘက်မှ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် အချို့နဲ့ ခဲယမ်း များ သိမ်းဆည်းရမိ ကြောင်း မနေ့က ဧပြီ ၁၉ ရက် တိုက်ပွဲ သတင်း အခြေအနေ ထုတ်ပြန်ချက် အရ သိရပါတယ်။
တိုက်ပွဲတွေအတွင်း မဲကနယ်ကျေးရွာနဲ့အနီးအပါး ကျေးရွာ ငါးရွာခန့်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်မှု့ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးနေပြီး ဒေသခံ ၃၀၀၀ ခန့်မှာ မြဝတီ မြို့ ဘုန်းကြီးကျောင်းတွေနဲ့ ရွာသစ်ကျေးရွာ၊ မြေနီကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ လူရာချီစုဖွဲ့ စစ်ရှောင်ခိုလှုံနေကြရကြောင်း မဲကနယ် ကျေးရွာ ကျောက်မိုင်းလုပ်သား စစ်ဘေးရှောင်နေရသူက ပြောပါတယ်။
"ရွာသစ် ရှမ်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေနေရတာ။ ရက် ၂၀ လောက် ရှိနေပြီ။ ကျောက်ထုတ် အဖွဲ့ တွေ မိသားစု ၁၀၀ လောက်ပေါ့။ အလုပ်လည်း လုပ်မရ၊ ကိုယ့်နေရပ်ပြန်ဖို လည်း အဆင်မပြေနဲ့ အခက်အခဲ တွေ ဖြစ်နေတယ်" လို့ မဲ့ကနယ် ဗြုံး ကျောက်ထုတ် အလုပ်သမား စစ်ဘေး ရှောင်နေရသူက ပြောပါတယ်။
မြဝတီ မြို့ ပြင် က ကုန်သွယ်ရေး ဇုန်၊ သဃ်န်းညီနောင်ရဲစခန်း၊ သဃ်န်း ညီနောင် စစ်တပ်ဗျူ ဟာ ကုန်းနေရာတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့နောက် မတ်လ ၂၅ ရက် နောက်ပိုင်းကစလို့ ရွှေကုက္ကိုလ်တရုတ်ကာစီနို မြို့သစ်၊ ဝေါလေ မြို့သစ်၊ ရွှေမြစန္ဒီ မြို့သစ်၊ မြဝတီ အာရှလမ်းသစ်၊ မဲ့ပလဲ ကျေးရွာ၊ ကော့ကရိတ် ရန်ကုတ်၊ ကြောင်လျှာကုန်း ကျေးရွာ၊ ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာ တွေဘက်အထိ နှစ်ဘက် စစ်ရေး တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာလို့ တိမ်းရှောင် ထွက်ပြေးနေချိန် အမောဖောက်ပြီး အသက် ၈၃ နှစ်အရွယ် အဘွားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ခင်ဦး ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေက ခင်ဦးဘက်က ကျေးရွာတွေကို စတင် စစ်ကြောင်းထိုးချိန်မှာပဲ မနက်စာ ၊ နေ့လယ်စာ ဘာမှမစားနိုင်ဘဲ နေ့တစ်ဝက်လောက် ပြေးလွှားနေရချိန်မှာ ရာသီဉတုကလည်း ပူနေချိန် ဖြစ်တာကြောင့် အမောဖောက် ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
"သုံးဘီးနဲ့ ပြေးကြတာ၊ မနက် ၅ နာရီလောက်တည်းက မစားမသောက် ဆက်တိုက် ပြေးလွှားနေကြတော့ နေ့လယ်ပိုင်း သုံးဘီးပေါ် က ပြန် ချတဲ့အချိန်မှာ အသက်ပါသွားပြီ။ မနေ့ကပဲ သင်္ဂြိုလ်ပြီးစီးခဲ့ပါပြီ" လို့ ခင်ဦး KSO တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ၃ ရက်တာ စစ်ကြောင်းဝင်ပြီးတဲ့နောက် ခင်ဦးမြို့နယ်ထဲက အောင်သာ ကျေးရွာက နေအိမ်တစ်လုံးနဲ့ အိမ်စီးကားတစ်စီး မီးလောင်ပျက်စီးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းစတင်ထိုးတဲ့နေ့မှာလည်း မြကန်ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ ဒေသကာကွယ်ရေးတပ်တွေ ဘက်က ၅ ဦးသေဆုံးခဲ့သလို ဒေသခံ ၅ ဦး ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ခင်ဦးမြို့နယ်မှာ ဧပြီလ ၁၉ ရက်နေ့က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်း ထိုးလာလို့ ကျေးရွာ ၂၀ ကျော်က ပြေးလွှား တိမ်းရှောင်နေကြရတဲ့ လူသောင်းချီဟာ စစ်ကြောင်းနဲ့ ဝေးတဲ့ ကျေးရွာတွေက ကိုယ့် နေရပ်ကို ကိုယ် ပြန်လည် ဝင်ရောက်နေကြပြီဖြစ်ပြီး စစ်ကြောင်းနဲ့ နီးနေသေးတဲ့ ကျေးရွာတွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ် လို့ သိရပါတယ်။