အောက်တိုဘာ ၆ ရက် ထိပ်တန်းသတင်းများ - ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်နိုင်ဖို့ ကာဇက်စတန်ဆီက စစ်ကောင်စီ အကူအညီတောင်း

ဓာတ်ပုံ ရင်းမြစ်, MOI
ကာဇက်စတန်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ ပတ်ဝန်းကျင်မထိခိုက်ဘဲ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ယူနိုင်မယ့် နည်းပညာအကူအညီပေးဖို့ ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး နဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
ကာဇက်စတန်ဟာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးက ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ပထမအကြိမ်စွမ်းအင်ဖိုရမ် ကို တက်ရောက်ဖို့ ကာဇက်စတန်နိုင်ငံ ကို ရောက်နေချိန်မှာ စွမ်းအင်ဝန်ကြီးက အခုလိုတောင်းဆိုတာပါ။
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးထွက်ပေမဲ့ ထိရောက်စွာမသုံးနိုင်သေးဘူး လို့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကပြောပြီး မြန်မာမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိလို့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ယူနိုင်ဖို့ ကြိုးစားနေတယ် လို့ သူက ပြောပါတယ်။
ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပြီး နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကျင်းပဖို့ ရှိတယ် ပြန်ဆွေးနွေးပါတယ်။
ဒါ့အပြင် ရေနံရှာဖွေရေးဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဘာသာရပ်တွေ နဲ့ သတ္တုဗေဒဘာသာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်တွေအထိပါ သင်တန်းပေးဖို့လည်း ဦးကိုကိုလွင်က အကူအညီ တောင်းပါတယ်။
စစ်ကောင်စီရဲ့ စွမ်းအင်ကိုယ်စားလှယ်အဖွဲ့ဟာ ကာဇက်စတန်နိုင်ငံ၊ အက်စ်တာနာ မြို့တော်က လျှပ်စစ်ဓာတ်အား ၅၁၀ မဂ္ဂါဝပ်ထွက်တဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုပါ သွားရောက်လေ့လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်က ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့က ကျောက်မီးသွေးစီမံကိန်းတွေကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးရိမ်လို့ ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
စစ်ကောင်စီ နဲ့ TNLA တစ်လ အတွင်း တိုက်ပွဲ ၄၁ ကြိမ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, tnla
လေကြောင်းကနေ အကြိမ် ၂၀ ကျော် တိုက်ခိုက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာတစ်လထဲမှာပဲ စစ်ကောင်စီ နဲ့ တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ် လို့ တအာင်းတပ်(TNLA)က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) က မူဆယ်၊ကွတ်ခိုင် နဲ့ ရှမ်းပြည်နယ် နဲ့ ဆက်စပ်နေတဲ့ မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပြီး မူဆယ်မြို့နယ်ထဲ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကြုံခဲ့ရတယ် လို့ TNLA က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဖျက်အားပြင်း ပေါင် ငါးရာဗုံးတွေ အသုံးပြုခဲ့တယ် လို့ TNLA သတင်းပြန်ကြားရေးကပြောပြီး စစ်တပ်ဟာ အရင်ကထက် လေကြောင်းတိုက်ခိုက်မှုကို ပိုသုံးလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ တပ်စခန်း လေးခုကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကလည်း အကြိမ် လေးရာကျော် ရှိခဲ့တယ် လို့ TNLA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြားက နှစ်ဘက်အကျအဆုံးကို TNLA က မထုတ်ပြန်ခဲ့ပေမဲ့ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် ပြည်သူငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို TNLA က လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သား အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ပါတယ်။








