သြဂုတ် ၂၂ ရက်သတင်းများအနှစ်ချုပ် - ထိုင်းမှာ စတားလင့်ခ် တရားဝင်ရလာနိုင်လား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ဗီယက်နမ်မှာ အီလွန်မတ်စ်ရဲ့ စတားလင့်ခ်အင်တာနက်ကို စီးပွားဖြစ်ဝန်ဆောင်မှုပေးလိုက်တဲ့နောက် ထိုင်းမှာလည်း ဒီကိစ္စအပေါ် ဆွေးနွေးငြင်းခုံတာတွေရှိလာပါတယ်။

ထိုင်းမှာလက်ရှိ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ National Telecom Plc (NT)နဲ့ ဈေးပိုသက်သာမယ့် စတားလင့်ခ်ဝန်ဆောင်မှုအပေါ် နှိုင်းယှဥ်လာကြတာပါ။

စတားလင့်ခ် ထိုင်းဈေးကွက်ထဲဝင်ဖို့ မပိတ်ပင်ထားဘူးလို့ ထိုင်း ဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးဝန်ကြီးချိုင်ချနော့ ချစ်ဟော့ကပြောတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ထိုင်းဥပဒေအရ ထိုင်းရှယ်ယာရှင်က ပိုင်ဆိုင်မှု အများစုရှိဖို့ လိုအပ်တယ်လို့ ထိုင်းဝန်ကြီးက ပြောထားတာပါ။

၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံခြားစီးပွားရေးရင်းနှီးမြှုပ်နှံမှုအက်ဥပဒေအရ ထိုင်းနိုင်ငံသားက ၅၁ ရာခိုင်နှုန်း၊ နိုင်ငံခြားသားက ၄၉ ရာခိုင်နှုန်းပုံစံ ရှိရမယ်လို့ သတ်မှတ်ထားတာပါ။

စတားလင့်ခ်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပုံစံမဟုတ်ဘဲ နည်းပညာကို ယူဆောင်လာပြီး ထိုင်းနိုင်ငံသားစီးပွားဖက်တွေနဲ့ လုပ်ကိုင်တဲ့ ပုံစံဆိုရင်လက်ခံနိုင်စရာရှိတယ်လို့ ထိုင်း ဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းသတင်းဖော်ပြချက်တွေအရ ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေက စတားလင့်ခ်ကို နည်းပညာ၊ဝန်ဆောင်ခ၊ အရည်အသွေးနဲ့ ထုတ်လုပ်မှုမှာ ယှဥ်ပြိုင်ဖို့ ခက်ခဲနိုင်တာကို ထိုင်းအစိုးရဘက်က စိုးရိမ်ချက်ရှိနေတာတွေ့ရပါတယ်။

ဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးဝန်ကြီးကတော့ ထိုင်းကုမ္ပဏီတွေအတွက်အပြင် နိုင်ငံတော်လုံခြုံရေးအတွက်ပါ စိုးရိမ်ချက်ရှိတယ်လို့ ပြောထားပါတယ်။

မြန်မာမှာလည်း စတားလင့်ခ်ကို တရားဝင် သုံးခွင့်မရှိသေးတဲ့အတွက် တော်လှန်ရေးနယ်မြေက စတားလင့်ခ်အင်တာနက်စက်တချို့ အပိတ်ခံနေရပါတယ်။

စစ်တပ်ရဲ့အင်တာနက်ဖြတ်တောက်မှုကို ကျော်လွှားတဲ့အနေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ စတားလင့်ခ်အင်တာနက်စက်တွေ သုံးစွဲနေကြပါတယ်။

ဘယ်လာရုစ်မှာ မြန်မာသံရုံးဖွင့်၊ အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ဖို့ ဆွေးနွေး

ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်က မင့်စ်မြို့မှာ မြန်မာသံရုံးဖွင့်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ သံရုံးဆောက်လို့မပြီးသေးခင်မှာ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို မင့်စ်မြို့က Dipservice Hall မှာ ပြုလုပ်တာဖြစ်ပြီး သံရုံးဆောက်လုပ်မယ့် နေရာကို သွားကြည့်ခဲ့ပါတယ်။

ဘယ်လာရုစ်ကလည်း နေပြည်တော်မှာ သံရုံးလာရောက် ဖွင့်လှစ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ သံရုံးဖွင့်လှစ်ဖို့အတွက် နေပြည်တော်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်တို့ မေလထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ဘယ်လာရုစ်ဘက်ကသတင်းတွေမှာတော့ လာမယ့် နိုဝင်ဘာမှာ သံရုံးဖွင့်မယ်လို့ ဖော်ပြပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမှာ အခြေစိုက်တာဖြစ်ပါတယ်။ဘယ်လာရုစ်သမ္မတကတော့ နှစ်နိုင်ငံသံရုံးတွေ ဖွင့်လှစ်နိုင်တာဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ မနေ့က နေပြည်တော်သမ္မတနဲ့ တွေ့ဆုံချိန်မှာ ပြောတယ်လို့ ဘယ်လာရုစ်သတင်းတွေက ဖော်ပြပါတယ်။

မြန်မာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာ စီးပွားရေးကဏ္ဍက အဓိကဦးစားပေးဖြစ်တယ်လို့လည်း ဘယ်လာရုစ်သမ္မတကပြောပါတယ်။ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့ မနေ့က တရားဝင်တွေ့ဆုံချိန်မှာ နှစ်နိုင်ငံသဘောတူစာချုပ်တွေလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီထဲကမှ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည့်နိုင်တဲ့ အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်တဲ့ မှတ်တမ်းလွှာလည်း ပါဝင်လာတာ တွေ့ရပါတယ်။

ဆွစ်အစိုးရပညာသင်ဆု မြန်မာတွေ လျှောက်ထားနိုင်

လာမယ့်ပညာသင်နှစ်အတွက် ဆွစ်ဇာလန်အစိုးရပညာသင်ဆု(Swiss Government Excellence Scholarship) ကို မြန်မာနိုင်ငံသားတွေလျှောက်ထားနိုင်ပြီလို့ ရန်ကုန်မှာရှိတဲ့ ဆွစ်ဇာလန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

အသက် ၃၅ နှစ်အောက်၊ မာစတာဘွဲ့ရထားသူတွေ အနေနဲ့ Ph.D၊ Research Fellowship. တွေအတွက် ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို နိုဝင်ဘာ ၂၄ ရက်နောက်ဆုံးထားပြီး တင်ဖို့ကိုလည်း သံရုံးက ထုတ်ပြန်ပါတယ်။

လစဥ်ပညာသင်ထောက်ပံ့ကြေးမှာ ဆွစ်ဖရန့် ၂,၄၅၀ ပေးမှာဖြစ်ပြီး ကျောင်းလခတော့ မပါဘူးလို့ ပညာသင်ဆုဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။

ပညာသင်ဆုရရှိသူအတွက် ကျန်းမာရေးအာမခံ၊ အိမ်ငှားရမ်းခ ကြိုတင်ငွေ တစ်ကြိမ်စာ ထောက်ပံ့ကြေး ဆွစ်ဖရန့် ၆၀၀၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစီးနင်းခွင့်ကတ်ခရဲ့ တဝက်ကုန်ကျစားရိတ်၊ အပြန်လေယာဥ်လက်မှတ်တို့ ရရှိမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်လွှာအားလုံးအတွက် ဆွစ်ဇာလန်တက္ကသိုလ်တစ်ခုက ပညာရေးဆိုင်ရာကြီးကြပ်ပေးသူတစ်ဦးရှိဖို့ လိုအပ်တယ်လို့ သံရုံးကဆိုပါတယ်။

လျှောက်ထားသူရဲ့ အဆိုပြု သုတေသနစီမံကိန်းကို ထောက်ခံဖို့နဲ့ ထောက်ခံစာရေးပေးဖို့ ဆွစ်ဇာလန်နိုင်ငံက ကြီးကြပ်ပေးသူတစ်ဦးကို ရှာဖွေရမှာဖြစ်ပြီး ပညာရေးဆိုင်ရာကြီးကြပ်သူမပါတဲ့ ပညာသင်ဆုလျှောက်လွှာတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ ပညာသင်ဆုဆိုင်ရာဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီပညာသင်ဆုနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ရန်ကုန်က ဆွစ်ဇာလန်သံရုံးရဲ့ အီးမေးလ်ကို စာပို့မေးမြန်းနိုင်တယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။

ဇလန်းစကီးရဲ့မွေးရပ်မြို့ ဒရုန်းတိုက်ခိုက်ခံရ၊ လူ ၁၆ ဦးသေဆုံးပြီး ရာချီဒဏ်ရာရ

ယူကရိန်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ခရစ်ဗယီရီမြို့က ဈေးဝယ်စင်တာတစ်ခုကို ရုရှားက ဒရုန်းနဲ့ နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတွေကပြောပါတယ်။

ဒီမြို့က သမ္မတ ဇလန်းစကီးရဲ့ မွေးရပ်မြို့ဖြစ်ပြီး ဒီတိုက်ခိုက်မှုက စက်ဆုပ်စရာကောင်းတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

မြို့မှာရှိတဲ့ အကြီးဆုံးဈေးဝယ်စင်တာ တိုက်ခိုက်ခံခဲ့ရမှုအတွင်း ကလေး ၂၃ ဦးအပါအဝင် နောက်ထပ်လူ ၁၃၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

အပျက်အစီးပုံအောက်မှာ လူတွေပိမိနေတယ်လို့ အစိုးရအရာရှိတွေကပြောပါတယ်။

ဈေးဝယ်စင်တာကို မိနစ်အနည်းငယ်ခြားပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ရှိနေချိန်မှာ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

လူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ဒနီပရော့ပဲထရော့ဗ်စ်ခ်ဒေသ အကြီးအကဲ အိုလက်ဆန်ဒါ ဟန်ရှာက သောကြာနေ့မှာ ပြောပါတယ်။

အပျက်အစီးပုံအောက်မှာ ကလေးနှစ်ဦးအပါအဝင် လူ ၉ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ ဟန်ရှာက တယ်လီဂရမ်မှာပြောပါတယ်။

ရုရှားဒရုန်းတွေ အနိမ့်ပိုင်းမှာ ပျံသန်းနေတယ်လို့ ခရီဗယီရီမြို့တော်ဝန် အိုလက်ဆန်ဒါ ဗီကူက သောကြာနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း မိုင်ကိုလိုင်ဒေသမှာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှာလည်း တိုက်ခိုက်မှုကြောင့် နောက်ထပ်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတွေက ပြောခဲ့ပါတယ်။

ဦးမင်းဇင်ကို မတရားဖမ်းဆီးထားတယ်ဆိုတဲ့ အမေရိကန်ပြောဆိုချက်ကို တရုတ်ငြင်းဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးမင်းဇင် တရုတ်နိုင်ငံမှာ "မတရားဖမ်းဆီးထိန်းသိမ်းခံထားရတယ်"ဆိုတဲ့ ပြောဆိုချက်ကို တရုတ်က ငြင်းဆိုပါတယ်။

"တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းတာ မရှိဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပါတယ်။

တရုတ်က ဖမ်းဆီးထားတဲ့ ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုတဲ့ ISP-Myanmar ရဲ့တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သလို အမေရိကန်နိုင်ငံသားလည်း ဖြစ်ပါတယ်။

"တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့လုပ်ဆောင်ချက်မှာ ပါဝင်နေပြီး တရုတ်ဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိတယ်လို့ နားလည်ရပါတယ်" လို့လည်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဖြည့်စွက်ပါတယ်။

ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇွန်လ ၃ ရက်တုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ သွားရောက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

တရုတ်သမ္မတရှီရဲ့ စက်တင်ဘာလထဲသွားရောက်မယ့် အိမ်ဖြူတော်ခရီးစဥ်မတိုင်ခင်မှာ အမေရိကန်ဘက်က ဦးမင်းဇင်ဖမ်းဆီးခံရမှုကို ထုတ်ပြောလာတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ သြဂုတ် ၂၀ ရက်ပြောဆိုချက်မှာ ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒါမှမဟုတ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတယ်လို့ လည်းပြောထားတာပါ။ အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ISP-Myanmar ကလည်း အမေရိကန်ရဲ့သတ်မှတ်ချက်ကို ကြိုဆိုပြီး ဦးမင်းဇင် လွတ်မြောက်ရေးဟာ ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့သုတေသီတွေနဲ့ ပညာရှင်တွေဟာ ခြိမ်းခြောက်ခံရမှာ၊ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်စရာမလိုဘဲ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ISP-Myanmar က အမေရိကန်အစိုးရအနေနဲ့ ဦးမင်းဇင်အမှုကို ဆက်လက်ဦးစားပေးဆောင်ရွက်ပေးဖို့နဲ့ တရုတ်အစိုးရအနေနဲ့ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖျက်သိမ်းပြီး ကော်မရှင်ဖွဲ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းတယ်လို့ မနေ့ကကြေညာပါတယ်။

ဝန်ကြီးဌာနကို ဖျက်သိမ်းရတာကတော့ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းမှာဖြစ်တာကြောင့်လို့ဆိုပါတယ်။

ဒီကော်မရှင်ကနေ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာကော်မရှင်တစ်ရပ်ပေါ်ပေါက်ဖို့အတွက် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို အခုဖျက်သိမ်းတဲ့ဝန်ကြီးဌာနက ရေးဆွဲခဲ့ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ အတည်ပြုချက်ရရှိပြီးဖြစ် တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ CRPH က ဒီဥပဒေကြမ်းကို စိစစ်၊ သုံးသပ်၊ ဆွေးနွေးတာတွေ လုပ်ဆောင်နေတဲ့ အခြေအနေဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးအဖြစ် ဝန်ကြီးဌာနဖျက်သိမ်းချိန်အထိ ဦးအောင်မျိုးမင်းကတာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒုဝန်ကြီးတစ်ဦးဖြစ်တဲ့ ခွန်းဗဟန်းထန်က ၂၀၂၅ ခုနှစ် မတ်လထဲမှာနှုတ်ထွက်ခဲ့ပြီး နောက်ထပ်ဒုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးကတော့ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာ နှုတ်ထွက်ထား ပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနဖျက်သိမ်းလိုက်ပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ၊ အချက်အလက်နဲ့ ထုတ်ပြန်ချက်တွေကို လူထုပြန်လည်ကြည့်ရှုနိုင်အောင် ဆိုရှယ်မီဒီယာစာမျက်နှာတွေ ဆက်လက်ထား ရှိမှာဖြစ်ပါတယ်။