ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူး ဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၅

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ် လူသိများခဲ့တဲ့ ဦးသော်ကောင်း ၈၉ နှစ်အရွယ်မှာ ၂၀၂၆ ဇူလိုင် ၂၉ ရက်နေ့က ကွယ်လွန်ခဲ့ပါပြီ။ နိုင်ငံတကာနဲ့ လက်လှမ်းမီ ချိတ်ဆက်နိုင်တဲ့ ပညာရှင် ရှားပါးတဲ့ တချိန်က တံခါးပိတ် မြန်မာပြည်မှာ ဦးသော်ကောင်းတယောက် စာကြည့်တိုက်မှူးတာဝန်အပြင် ပညာရပ်ဆိုင်ရာ သံတမန်အဖြစ် တာဝန်ယူခဲ့ရုံမက အဖိုးတန် အမျိုးသားအမွေအနှစ် စာပေကျမ်းဂန်တွေကိုလည်း နိုင်ငံအတွက် ရှာဖွေပေးခဲ့ပါတယ်။

ဒါတွင်မက မြန်မာစာပေနဲ့ သမိုင်းဆိုင်ရာ ပညာရပ်ဆိုင်ရာ စာတမ်းတွေကို ပြုစုကာ ရာဇဝင်ကျမ်းတွေကို တည်းဖြတ်ပေးခဲ့လို့ သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာညီညီက "သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေ ရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြောင်း သူရဇော်ရဲ့ စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း ဆောင်းပါးမှာ ပါရှိပါတယ်။

အိမ်မှာ စာသင်ခဲ့တဲ့ စာကြည့်တိုက်မှူးလောင်းလျာ

ဦးဘ၊ ဦးချို၊ ဦးကောင်း စတဲ့ ပညာမင်းကြီးတွေ တခေတ်က မြန်မာပြည် ပညာရေးဌာနမှာ ထင်ရှားခဲ့ကြပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ ကိုလိုနီခေတ် ဗြိတိန်မှာ ပညာသင်ကြားခဲ့ပြီး ပညာရေးဌာနမှာ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ကျောင်းဆရာကြီးတွေ ဖြစ်ကာ လွတ်လပ်ပြီးခေတ် မြန်မာပြည် ပညာရေးကို တိုးတက်အောင် အားထုတ်ခဲ့ကြပါတယ်။ ဒီထဲက မင်းကြီးဦးချိုရဲ့ သမီး ဒေါ်လှိုင်လှိုင်ချိုနဲ့ မင်းကြီးဦးကောင်းရဲ့သား ဦးသော်ကောင်းတို့ နှစ်ယောက်က အနောက်တိုင်းမှာ စာကြည့်တိုက်ပညာ သင်ကြားပြီး စာကြည့်တိုက်မှူးတွေအဖြစ် မြန်မာပြည်မှာ ထင်ရှားခဲ့ပါတယ်။

ပညာမင်းကြီး သားသမီးတွေ ဖြစ်လို့ ဦးသော်ကောင်းတို့ မောင်နှမသုံးယောက်လုံး ပညာထူးချွန်ပြီး နှမ ဒေါက်တာကြည်မေကောင်းနဲ့ ဒေါ်ရီမေကောင်းတို့က စီးပွားရေးပညာရှင်တွေအနေနဲ့ ထင်ရှားသလို ဒေါ်ရီမေကောင်းရဲ့ခင်ပွန်း ယောက်ဖဖြစ်သူ ဒေါက်တာမြသန်းကလည်း လူသိများတဲ့ စီးပွားရေးပါရဂူဖြစ်ပါတယ်။ ဦးသော်ကောင်းကတော့ သက်တမ်းရှည် စာကြည့်တိုက်မှူးကြီးအနေနဲ့သာမက စာပေပညာရှင်၊ ရှေးဟောင်းအထောက်အထား ထုတ်ဖော်စုဆောင်းသူအဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။ သူတို့ဖခင် ဦးကောင်းက ဟုတ်ကျန့်တရုတ်နွယ်ဖွား စောမျိုးရိုးနာမည် ရှိပြီး မိခင် ဒေါ်သိန်းကောင်းကတော့ ကွမ်းတုံတရုတ်အဆက် တေယိုမျိုးရိုးထဲက ဖြစ်ကြောင်း စင်္ကာပူ နန်ယန်း နည်းပညာတက္ကသိုလ် တရုတ်အမွေအနှစ်စင်တာက သုတေသီ ဒေါ်ဝင်းက အရှေ့တောင်အာရှ တရုတ်နွယ်ဖွားတို့ရဲ့ အတ္ထုပ္ပတ္တိ အဘိဓာန် စာအုပ်မှာ ရေးပါတယ်။

ဦးသော်ကောင်း ငယ်စဉ်က ကျန်းမာရေးမကောင်းဘဲ ခြေထောက်မသန်လို့ အိမ်မှာ မိခင် ဒေါ်သိန်းကောင်းနဲ့ တခြားဆရာတွေက စာသင်ပေးခဲ့ရပါတယ်။ သူ့အသက် ၁၀ နှစ်အရွယ်မှာတော့ လန်ဒန်မှာ မြန်မာသံရုံးဖွင့်ဖို့နဲ့ လန်ဒန်ရောက် မြန်မာပညာတော်သင်တွေကို ကြည့်ရှုဖို့အတွက် ဗြိတိသျှတို့ မသိမ်းပိုက်မီနဲ့ သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်းကျမ်းနဲ့ လန်ဒန်က မဟာဝိဇ္ဇာဘွဲ့ယူခဲ့တဲ့သူ့ဖခင် ဦးကောင်းကို ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်လွှတ်ပါတယ်။ ဦးကောင်းဟာ ဗမာနိုင်ငံငွေကြေးအုပ်ချုပ်မှုအဖွဲ့ကိုယ်စား ဗြိတိန်မှာ ရိုက်နှိပ်တဲ့ မြန်မာငွေစက္ကူတွေပေါ်မှာ မောင်ကောင်းဆိုပြီး လက်မှတ်ထိုးခဲ့ရသူလည်း ဖြစ်ပါတယ်။ လန်ဒန်မြို့လယ်က အိန္ဒိယမဟာမင်းကြီးရုံးရှိရာ အိန္ဒိယဟောက်စ်မှာ ကပ်ပြီး မြန်မာ့လွတ်လပ်ရေးအမီ မြန်မာသံရုံးဖွင့်ဖို့ လုံးပန်းခဲ့ရကြောင်း ဦးသော်ကောင်းက အမှတ်တရ ပြောကြားခဲ့ပါတယ်။ လန်ဒန်မှာ နေစဉ် သားဖြစ်သူ ပညာရေးအတွက် ဦးကောင်းက ကိန်းဘရစ်တက္ကသိုလ်က နည်းပြဆရာမတဦးကို ငှားရမ်းခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် လန်ဒန်က ပြန်လာချိန်မှာတော့ ပညာရေးလောကရဲ့ ကြီးသုံးကြီးအဖြစ် သူ့ဖခင်က အခြေခံပညာရေး၊ ကဗျာဆရာနဲ့ စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဇော်ဂျီ)က ကျောင်းသုံးစာအုပ် ပြုစုရေးနဲ့ ပါမောက္ခဒေါက်တာဘက ဆရာအတတ်သင်ကျောင်းတွေကို ကွပ်ကဲပြီး ပြည်တော်သာ ပညာရေးခေတ်မှာ ထင်ရှားခဲ့ကြပါတယ်။ မြန်မာပြည် ပြန်ရောက်လာတဲ့ မောင်သော်ကောင်း တက္ကသိုလ်ဝင်တန်း မဖြေမီ နှစ်နှစ်လောက်ပဲ ရန်ကုန်က မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်းမှာ သူ စာသင်ခဲ့ရပါတယ်။ ကျောင်း တတိယထပ်ကို သူ ကြိုးစားပမ်းစား တက်ပြီး စာသင်ခဲ့ရကြောင်း သူ့အိမ်နီးချင်း စာကြည့်တိုက်မှူး ဒေါက်တာ ခင်သက်ထားက နောင်မှာ အမှတ်တရ ရေးသားခဲ့ပါတယ်။

ပညာရေးဌာနတာဝန်အပြင် အသစ်ဖွဲ့စည်းစ မြန်မာသမိုင်းကော်မရှင်ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူပြီး အလုပ်တွေများတဲ့ကြားက ဦးကောင်းဟာ ပညာမင်းကြီးပီပီ သားသမီးတွေရဲ့ ပညာရေးအတွက် အထူးဂရုစိုက်ပါတယ်။ သမီးနှစ်ယောက်ကို ကျောင်းဆရာမအဖြစ် အောင်မြင်စေလိုပြီး ချူချာတဲ့ သားကြီး မောင်သော်ကောင်းကိုတော့ စာကြည့်တိုက်မှူး ဖြစ်စေလိုတဲ့အတွက် သူ့မိတ်ဆွေ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဆရာဇော်ဂျီဆီ အပ်ထားပါတယ်။

ဒီအတောအတွင်း သတ္တမတန်း မေးခွန်းရိုက်ဖို့ အိန္ဒိယကို သွားရင်း ကာလကတ္တား (ကိုလ်ကတ္တား)မှာ ဦးကောင်း ကားတိုက်ပြီး ကွယ်လွန်လို့ မောင်သော်ကောင်းတို့ မိသားစု လောကဓံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ဘဝမုန်တိုင်းကြားက စာကြည့်တိုက်မှာ လုပ်ချင်ရင် စာပေတခုခုမှာ ထူးချွန်အောင်လုပ်ဖို့ ဆရာဇော်ဂျီ အကြံပေးတဲ့အတိုင်း ၁၉၅၉ မှာ မောင်သော်ကောင်း အင်္ဂလိပ်စာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ပထမဆင့် ဆွတ်ခူးပြီး ဦးဘိုးနှစ်ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။

၂၂ နှစ်သား ဘွဲ့ရ စာကြည့်တိုက်မှူး

ဘွဲ့ရပြီးနောက် ရန်ကုန်တက္ကသိုလ် လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဆရာဇော်ဂျီက ၂၂ နှစ်အရွယ် ကိုသော်ကောင်းကို ခန့်အပ်ပါတယ်။ ဒေါ်ခင်ခင်အုန်း၊ ဦးမောင်မောင်၊ ဒေါ်ကျော့ကျော့တို့နဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်မှူးဖြစ်လာခဲ့တဲ့ ကိုသော်ကောင်းကို ဆရာဇော်ဂျီက အရင်ဆုံး ခန့်ထားပြီး နောင်မှာ သူ့နေရာဆက်ခံမယ့်သူအဖြစ် လျာထားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာပေ အဖတ်အရှုများတဲ့ ကိုသော်ကောင်းကို မြန်မာစာပေနဲ့ ယဉ်ပါးလာစေဖို့ ဆရာဇော်ဂျီက ပျိုးထောင်ပေးပါတယ်။ ဒီလိုနဲ့ ၁၉၆၄ မှာ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေကနေ တက္ကသိုလ်အသစ်တွေ ခွဲထုတ်လိုက်ချိန်မှာတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဖြစ်လာပြီး မြန်မာပြည်ရဲ့ အဓိက ရည်ညွှန်းစာကြည့်တိုက်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟာ တရုတ်နဲ့ ပတ်သက်တဲ့ အထောက်အထား စုံလင်ပြီး မြန်မာမှုအထောက်အထားဘက်မှာလည်း ရတနာပုံခေတ်လွှတ်တော်မှတ်တမ်းတွေ၊ ပေပုရပိုက် ငါးထောင်နီးပါးနဲ့ သရေခေတ္တရာနဲ့ သထုံက ရတဲ့ ရှေးဟောင်းကျောက်ရုပ်တွေ ရှိခဲ့တဲ့ စာကြည့်တိုက်ကြီး ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ စာအုပ်စာစောင်နဲ့ စာပေပစ္စည်း အစုံလင်ဆုံးဆိုတဲ့ စာအုပ် နှစ်သောင်းကျော် ရှိခဲ့တဲ့ ဒီစာကြည့်တိုက်ကြီး ကမ္ဘာစစ်ဒဏ်ထိခဲ့ပြီး စစ်ပြီးခေတ်မှ ဆရာဇော်ဂျီက ပြန်လည်ထူထောင်ခဲ့ရပါတယ်။ ကမ္ဘာအရပ်ရပ်က စာအုပ်ဟောင်းဆိုင်တွေကနေ မြန်မာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ဘာသာဆိုင်ရာ ရှားပါးစာအုပ်တွေကို ပြန်လည်မှာယူခဲ့ရပြီး ရန်ကုန်မြို့က စာအုပ်ဟောင်းရောင်းသူတွေနဲ့ ဆက်သွယ်ပြီး မြန်မာစာအုပ်တွေလည်း ပြန်လည်စုဆောင်းခဲ့ရပါတယ်။

ဒီလို တက္ကသိုလ်စာကြည့်တိုက်ကို ပြန်လည်ထူထောင် အသားကျလာချိန်မှာ သူ့နေရာဆက်ခံမယ့်သူအဖြစ် သူ့မိတ်ဆွေရောင်းရင်း ပညာမင်းကြီးဦးကောင်းရဲ့သား ကိုသော်ကောင်းကို အဲဒီအချိန်က ၅၂ နှစ်အရွယ် ဆရာဇော်ဂျီက ရွေးချယ်ခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်မှာ အရှေ့တိုင်း စာစုစာရင်း ပြုစုမှုမှာ အထူးပြုပြီး စာကြည့်တိုက်ပညာသင်ဖို့ စေလွှတ်ခံရပြီးနောက် ဘွဲ့လွန်ဒီပလိုမာကို ၁၉၆၂ မှာ ကိုသော်ကောင်း ရရှိခဲ့ပါတယ်။ ၁၉၄၈ က ၁၉၆၀ ထိ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်ဘာသာ စာနယ်ဇင်း ဆောင်းပါးများ အညွှန်းနဲ့ ဒီပလိုမာ ယူခဲ့တာပါ။

ပေပုရပိုက် သို့မဟုတ် အမျိုးသား ဘဏ္ဍာထိန်း

၁၈၈၅ မှာ သီပေါမင်း ပါတော်မူချိန် မန္တလေးနန်းတွင်းနဲ့ လွှတ်တော်က ပေပုရပိုက်တွေ မီးရှို့လုယက်ခံရပြီးနောက် ကျန်တဲ့ ကောင်းသမျှကို စုစည်းပြီး လန်ဒန်က ဗြိတိသျှစာကြည့်တိုက်နဲ့ ရန်ကုန်က ဗားနတ်အခမဲ့ ပိဋကတ်တိုက်ကို ပေးပို့ပါတယ်။ ဒီနန်းတွင်းစာစုတွေအပြင် ကင်းဝန်မင်းကြီးနဲ့ ပုဂံဝန်ထောက်ဦးတင်ရဲ့ ပေပုရပိုက်တွေကို ဝယ်ယူပြီး ဗားနတ်ကို အားဖြည့်ခဲ့လို့ သခင်ကိုယ်တော်မှိုင်း၊ ဆရာပွား၊ ဆရာလင်း စတဲ့ မြန်မာပညာရှိကြီးတွေ မှီခိုအားထားရတဲ့ စာကြည့်တိုက် ဖြစ်ခဲ့ပါတယ်။ ဗားနတ်မူဆိုပြီး စက်တင်ပုံနှိပ်ရတဲ့ မြန်မာရှေးဟောင်းကျမ်းဂန်တွေက ဒီဗားနတ်ပိဋကတ်တိုက်ကလာတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဒီပေပုရပိုက်တွေ ကစဉ့်ကလျား ဖြစ်မသွားအောင် ဆရာဇော်ဂျီက ရွှေတိဂုံဘုရား ဇရပ်တွေမှာ သိမ်းဆည်းခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ် နိုင်ငံတော်စာကြည့်တိုက် ထူထောင်ရာမှာ ဒီဗားနတ်က ကျန်တဲ့ ပေပုရပိုက်စာအုပ်တွေနဲ့ မတည်ထူထောင်ခဲ့ပြီး အမျိုးသားစာကြည့်တိုက်အဖြစ် တည်ရှိပါတယ်။

၁၉ နဲ့ ၂၀ ရာစုနှစ်တွေအတွင်း ကမ္ဘာအရပ်ရပ်ကို အကြောင်းမျိုးစုံကြောင့် ပြန့်ကျဲသွားတဲ့ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ကရင်စတဲ့ လူမျိုးစု ပေပုရပိုက်တွေဟာ မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကို ထင်ဟပ်တဲ့ အမျိုးသားယဉ်ကျေးမှုတွေ ဖြစ်လို့ ဒီအမွေအနှစ်တွေကို တတ်နိုင်သရွေ့ စုစည်းထိန်းသိမ်းပြီး နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖြန့်ဖြူးဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ၁၉၆ဝ ကျော်ကစပြီး ရန်ကုန်တက္ကသိုလ်က ပေပုရပိုက်တွေ စုဆောင်းခဲ့ကြောင်း ယူနက်စကိုရဲ့ မြန်မာပြည် အထောက်အထား အမွေအနှစ် စာတမ်းမှာ ပါရှိပါတယ်။ ဆရာဇော်ဂျီနဲ့ ဦးသော်ကောင်းတို့ ကြိုးပမ်းအားထုတ်မှုရလဒ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ ပေစာချပ် တသောင်းခုနစ်ထောင်၊ ပုရပိုက်နက် စောင်ရေလေးထောင်နဲ့ ရောင်စုံပုရပိုက် ၂၆ ဆူကို စုဆောင်းထားရှိကြောင်း သိရပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ မကွေး ၊ ပြည် စတဲ့ နိုင်ငံအနှံ့က ပေပုရပိုက်တွေကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က စုဆောင်းဝယ်ယူ လက်ခံခဲ့တာပါ။ ဒီရှားပါး ရောင်စုံပုရပိုက်တွေထဲမှာ မင်းတုန်းမင်းအလှူတော်၊ သိမ်ပုံ၊ ဗုဒ္ဓဝင်၊ ဝေဿန္တရာဇာတ်တော်၊ မြင်းစီးစက်ထိုး၊ ဆင်ကျုံးသွင်း၊ ၃၁ ဘုံနဲ့ အပျိုတော်တရာ ပုရပိုက်တွေ ပါဝင်ပါတယ်။

အစောဆုံး ၁၉ ရာစုဦးထိ သက်တမ်းရှိတဲ့ ဒီရောင်စုံပုရပိုက်တွေရဲ့ သမိုင်းကြောင်း၊ လူမှုရေး၊ အနုပညာနဲ့ ဘာသာရေးအရ ထူးခြားမှုတွေကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်တဲ့ အလားအလာတွေ ရှိကြောင်းလည်း ယူနက်စကိုက ရေးသားခဲ့ပါတယ်။

ဆရာဇော်ဂျီနဲ့ ဦးသော်ကောင်းတို့ ပေပုရပိုက်တွေ စုဆောင်းကြတဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအစိုးရရဲ့ ပြင်းထန်တဲ့ ဆိုရှယ်လစ်မူဝါဒတွေကြောင့် စီးပွားရေးနိမ့်ကျပြီး လူသုံးပစ္စည်းတွေ ရှားပါးနေချိန် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က ကျွန်းသစ်နဲ့ တခြားသယံဇာတပစ္စည်းတွေ၊ ရှေးဟောင်းအနုလက်ရာတွေဟာ စျေးပေါပေါနဲ့ ထိုင်းနိုင်ငံဘက်ကို နယ်စပ်မှောင်ခိုလမ်းက ရောက်ကုန်ကြောင်း မြန်မာ့အသံကျော်ဦးရဲ့ အင်္ဂလန်ပြည်ရောက် ပညာတော်သင်ဘဝနေ့စဉ်မှတ်တမ်းမှာ ပါရှိပါတယ်။

ဒီလို နိုင်ငံပြင်ပရောက်ကုန်တဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ ရှားပါး ပေပုရပိုက်တွေလည်း ပါကုန်တဲ့အတွက် ဒါကို အချိန်မီ တားဆီးဖို့ ပေပုရပိုက် စုဆောင်းထိန်းသိမ်းရေးကို စာကြည့်တိုက်မှူးတွေ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလို စုဆောင်းရာမှာ မန္တလေးတက္ကသိုလ်ဘွဲ့ရ လူပြန်တော် ပညာရှိ ဦးညွန့်မောင်ကို ခေါ်ယူပြီး ပေပုရပိုက် ဌာနစိတ် စာကြည့်တိုက်မှူးအဖြစ် လေ့ကျင့်ပေးခဲ့တဲ့အတွက် တက္ကသိုလ်များဗဟိုစာကြည့်တိုက်အတွက် အားကိုးအားထားဖြစ်ခဲ့ပါတယ်။ ဆဋ္ဌသင်္ဂါယနာ သံဃာ့ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးသူရိယကအစ အနယ်နယ်အရပ်ရပ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဒေသန္တရသမိုင်းလိုက်စားသူတွေရဲ့ ကူညီမစမှုနဲ့လည်း ဒီလို ပေပုရပိုက်တွေကို ထောင်သောင်းချီပြီး စုစည်းနိုင်တာ ဖြစ်ပါတယ်။

ဒီလို စုဆောင်းရရှိတဲ့ ပေပုရပိုက်တွေကနေ ပုံနှိပ်စာအုပ်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ စာပေတွေလည်း ရှိခဲ့ပြီး ဇင်းမယ်ရာဇဝင်၊ ယိုးဒယားရာဇဝင်၊ ခွန်ဆံလောနှင့် နန်းအူးပြင် ပြဇာတ်၊ ရာမပြဇာတ်တော်ကြီး၊ တရုတ်ပြည်သွား မှတ်တမ်း (၁၇၅၀-၁၇၅၂) နဲ့ လက်ဝဲနော်ရထာရဲ့ ယိုးဒယားနိုင်မော်ကွန်းတို့ ပါဝင်ပါတယ်။ ၁၉ ရာစုမတိုင်ခင်က ရေးသားခဲ့တဲ့ ပေစာတွေကိုလည်း ပထမဆုံးအကြိမ် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်က ဖော်ထုတ် ရရှိခဲ့ပြီး လန်ဒန်က ပါဠိစာပေအသင်းက အင်္ဂလိပ်လို ပြန်ဆိုထုတ်ဝေခဲ့ကြောင်း ဖူကူအိုကာဆုပေးရေးကော်မတီက မှတ်တမ်းတင်ခဲ့ပါတယ်။

ရှေးဟောင်း ပေ ပုရပိုက် စုဆောင်းမှုတွေအပြင် ရှားပါး မြန်မာ စာနယ်ဇင်းထိန်းသိမ်းမှုအတွက်လည်း ဦးသော်ကောင်းလက်ထက် ဆောင်ရွက်ခဲ့ကြရာမှာ ၁၉၁၁ ကနေ ၁၉၅၄ ထိ ထုတ်ဝေခဲ့တဲ့ သမိုင်းဝင်သူရိယသတင်းစာကြီးကို အပြည့်အစုံရရှိ ထိန်းသိမ်းနိုင်ရုံသာမက မိုက်ခရိုဖလင်နဲ့ ရိုက်ကူးထိန်းသိမ်းနိုင်ခဲ့ကြောင်း အေးကြွယ်ရဲ့ ဂန္ထဝင်တက္ကသိုလ်ကြီးထဲက စိတ်ဝိညာဉ်နေရာတစ်ခု (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဆောင်းပါးမှာ ပါရှိပါတယ်။

စာကြည့်တိုက်မှူးရဲ့ မိတ္တဗလ

၁၉၆၉ အသက် ၃၂ နှစ်အရွယ်က စပြီး တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးတာဝန်ကို ဆရာဇော်ဂျီဆီက ဆက်ခံခဲ့တဲ့ ဦးသော်ကောင်း ၁၉၉၇ ထိ တာဝန်ယူခဲ့တဲ့အတွက် သူ့သက်တမ်းမှာ အနှစ် ၄၀ ကျော် တက္ကသိုလ်နယ်မြေမှာ ကျင်လည်ခဲ့ပါတယ်။ မိသားစုအသိုင်းအဝိုင်းအရ ပညာတတ်လောကမှာ ကျင်လည်ခဲ့တဲ့ ဦးသော်ကောင်းဟာ အလုပ်သဘောအရလည်း ပညာရှင်၊ စာပေအနုပညာသမားတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ နဂိုမူလ ဆက်ဆံရေး ပြေပြစ်ချိုသာမှုနဲ့ အစဉ်ပြုံးနေတတ်တဲ့ ဦးသော်ကောင်းရဲ့ ဟန်ပန်ကြောင့် သူ့ကို ခင်မင်သူ ပေါလှပါတယ်။

မြန်မာပြည်အနှံ့ တက္ကသိုလ်ပေါင်းစုံက ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသားတွေ ဝင်ထွက်သွားလာကြတဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ ပညာရှာသူ တို့ဝိုင်းကူ ဆိုတဲ့ စာကြည့်တိုက်ဆောင်ပုဒ်အတိုင်း အစဉ်ကူညီပေးကြတဲ့ ဦးသော်ကောင်းနဲ့ စာကြည့်တိုက်မှူးတွေကို လူသိများတာ မဆန်းလှပါဘူး။ အစစအရာရာ ရှားပါးပြီး ပြည်ပနဲ့ အဆက်ဖြတ်ခံရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ နိုင်ငံခြားနဲ့ ချိတ်ဆက်ပြီး ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေ ရအောင် ကြိုးစားတဲ့ ဦးသော်ကောင်းကို ပညာရပ်ရင်းမြစ်အဖြစ် ပြည်တွင်းပညာရှင်တွေက အားကိုးကြသလို မြန်မာစာအုပ်တွေကို ပြည်ပစာကြည့်တိုက်တွေနဲ့ ဖလှယ်ပေးခဲ့တဲ့ ဦးသော်ကောင်းကိုလည်း မြန်မာပြည်လေ့လာရေး လူခံအနေနဲ့ မြန်မာပြည်ကို ဝင်ခွင့်ခက်တဲ့ ခေတ်တွေမှာ ပြည်ပကနေ အားကိုးကြရပါတယ်။ ဒီလို ကူညီပေးမှုတွေကြောင့်လည်း သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက "သူက သုတေသနအတွက် ရှားပါးစာရွက်၊ စာတမ်း လိုအပ်နေတဲ့သူ၊ နိုင်ငံသားဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် စာနာကူညီတယ်၊ သူ ကျွန်တော်တို့ကို အမြဲ ကူညီနိုင်ပါစေ" ဆိုပြီး အမှတ်တရ ရေးသားခဲ့ပါတယ်။

မြန်မာပြည်အကြောင်း အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်စာတမ်းတွေကို အကုန်လုံးနီးပါး ဖတ်ရှုလေ့လာမှုမှာ သူနဲ့ ဗြိတိသျှစာကြည့်တိုက်က မြန်မာ စာကြည့်တိုက်မှူး ပက်ထရစ်ရှာဟားဘတ်က အထင်ရှားဆုံးဖြစ်ပြီး သူတို့နှစ်ဦး တချိန်ထဲမှာ ပေါ်ထွန်းခဲ့တဲ့အတွက်လည်း မြန်မာပြည်နဲ့ ပြင်ပမှာ မြန်မာအကြောင်း လေ့လာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ဒီလို ပညာပိုင်းဆိုင်ရာ ခင်မင်ရင်းနှီး ကူညီမှုတွေကြောင့်လည်း ပက်ထရစ်ရှာ ဟားဘတ် မြန်မာပြည် ဝင်ခွင့်ရရေးအတွက် အဲဒီအချိန်က မြန်မာပြည်ရဲ့ နံပါတ်တစ် ဖြစ်တဲ့ သမ္မတ ဦးနေဝင်းကို ဦးသော်ကောင်း ပြောပေးခဲ့ရပါတယ်။ တခါ ၁၉၈၀ ကျော်မှာ ပါရဂူဘွဲ့လွန်အတွက် မြန်မာပြည် ပြန်လာပြီး အချက်အလက်ရှာဖွေနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သူ့စာကြည့်တိုက်မှာ လာပြီး သုတေသနပြုနိုင်အောင် ဦးသော်ကောင်း စီစဉ်ပေးခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ် မြန်မာပြည်မှာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး သုတေသန လာလုပ်တာကို မကြိုဆိုဝံ့တဲ့ တခြားစာကြည့်တိုက်မှူးတွေနဲ့ မတူဘဲ ဦးသော်ကောင်း ကူညီခဲ့တာ ဖြစ်ပါတယ်။

ပန်းချီစာအုပ်တွေ လာငှားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကတော် ဒေါ်ခင်မေသန်းကနေ သခင်ကျော်စိန်လို နိုင်ငံရေးသမားဟောင်းတွေ၊ ဒေါက်တာမောင်မောင်၊ ဒေါက်တာညီညီနဲ့ ဒေါက်တာမောင်ရှိန် စတဲ့ ပညာရှင် ဝန်ကြီးတွေ၊ ဦးညိုမြနဲ့ လူထုဦးလှ၊ ဒေါ်အမာတို့လို လက်ဝဲလက်ယာ စာရေးဆရာတွေအပြင် မိုးမိုး (အင်းလျား) တို့လို လူငယ်စာရေးဆရာတွေထိ စာကြည့်တိုက်ကို ချစ်မြတ်နိုးတဲ့ စာပေသမားတွေကို နွေးထွေးပျူငှာ ကြိုဆိုတတ်တဲ့ ဦးသော်ကောင်းဟာ သူ့ရဲ့ မိတ္တဗလအားကို ပညာပိုင်းဆိုင်ရာအတွက် ပြန်လည်သုံးစွဲခဲ့လို့ သူ့ကို ခင်မင်လေးစားသူတွေ ပိုများလာတာ ဖြစ်ပါတယ်။

တခြားဘက်မှာတော့ ဗိုလ်ချုပ်ကြီးခေတ် ဆိုရှယ်လစ်နိုင်ငံ ထူထောင်ဖို့အတွက် စာတတ်မြောက်ရေး လှုပ်ရှားမှုတွေ တွင်ကျယ်လာချိန်မှာ စာတတ်လာသူတွေ ဖတ်ဖို့အတွက် စာအုပ်စာတမ်းတွေ တိုးမြှင့်ထုတ်ဝေဖို့နဲ့ ပြည်သူတွေ ဖတ်စရာ စာအုပ်တွေ ထားမယ့် စာကြည့်တိုက်တွေ တိုးချဲ့ဖွင့်လှစ်ဖို့လည်း ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပညာရှင်တွေ၊ စာပေသမားတွေက ကြိုးစားလာကြပါတယ်။ ဒါကြောင့် စာကြည့်တိုက်အခြေခံလက်စွဲ စာအုပ်ကို ဒေါ်တင်အေးကြည်၊ ဒေါ်ခင်ခင်အုန်း၊ ဦးမောင်မောင်၊ ဒေါ်ကြော့ကြော့တို့နဲ့အတူ ဦးသော်ကောင်း ပြုစုပြီး စာပေဗိမာန်က ထုတ်ဝေခဲ့သလို စာကြည့်တိုက်မှူးတွေ တိုးပွားလာအောင် စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်းကိုလည်း ၁၉၇၁ က စပြီး ရန်ကုန်တက္ကသိုလ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

မင်းတုန်းမင်းခေတ် မိုင်းခိုင်းမြို့စား ဦးယမ်ရဲ့ ပိဋကတ်တော် သမိုင်းနောက်ပိုင်း မြန်မာစာပေမှာ သေချာ မရှိခဲ့တဲ့ စာစုစာရင်း ပြုစုမှုအပိုင်းမှာလည်း ဦးသော်ကောင်း ပါဝင်ခဲ့ပါတယ်။ ဆရာဇော်ဂျီနဲ့ သူ စီစဉ်ပို့ချတဲ့ စာကြည့်တိုက်မှူးသင်တန်းအတွက် စာရေးဆရာတွေရဲ့ စာစုစာရင်းတွေကို ဘွဲ့ယူစာတမ်းအဖြစ် သင်တန်းသားတွေကို ပြုစုစေခဲ့လို့လည်း မြန်မာစာရေးဆရာတွေရဲ့ စာပေကို လေ့လာဖို့ အကိုးအကားလမ်းညွှန်တွေ ဖြစ်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မြန်မာစာပေ စာစုစာရင်းကိုဆရာတိုက်စိုး၊ ဒေါ်စမ်းစမ်းမေတို့နဲ့အတူ ပြုစုပြီး ၁၉၈၃ မှာ ထုတ်ဝေခဲ့ပါတယ်။ စာပေဗိမာန် စာတမ်းဖတ်ပွဲအတွက် မြန်မာ့ရည်ညွှန်းစာအုပ်ဟူသည် စာတမ်းကို ဦးသော်ကောင်း ဖတ်ကြားခဲ့သလို ငြိမ်းကျော်နဲ့အတူ ရှေးခေတ်ဘာသာပြန် သဘောနဲ့ အထောက်အကူကျမ်းများ စာတမ်းကိုလည်း ရေးသား ဖတ်ကြားခဲ့ပါတယ်။

ဆိုရှယ်လစ်ခေတ် စာကြည့်တိုက် ပင်မလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံသုတေသနအသင်း၊ တက္ကသိုလ် ပညာပဒေသာစာစောင်၊ မြန်မာစာကော်မရှင်၊ ပညာတန်ဆောင် မဂ္ဂဇင်းစတဲ့ အသင်းအဖွဲ့ စာစောင်တွေမှာ ဦးသော်ကောင်း တာဝန်ယူခဲ့ရသလို Spectrum စပက်ထရမ်လို ပြန်ကြားရေးက ထုတ်တဲ့ အင်္ဂလိပ်ဘာသာစာစောင်မှာလည်း စာမူရွေးချယ်ရေး တာဝန်ယူခဲ့ရပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ သူ့ဖခင်ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ ဖဆပလခေတ်နဲ့ မဆလခေတ်မှာ အစိုးရတာဝန်တွေအပြင် အပိုတာဝန်တွေကိုပါ ပူးတွဲယူခဲ့ရတဲ့ အလေ့အထမျိုး ဖြစ်ပြီး ဝန်ထမ်းသက် နှစ် ၄၀ နီးပါး ရှိတဲ့ ဦးသော်ကောင်းအတွက်တော့ အမျိုးသားညီလာခံ တတ်သိပညာရှင်များ အစုအဖွဲ့ ကိုယ်စားလှယ်၊ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီ၊ ပခုက္ကူဦးအုန်းဖေ စာပေဆု ရွေးချယ်ရေးကော်မတီတွေထိ ထပ်ဆောင်းဝတ္တရားတွေက များပြား ရှည်ကြာခဲ့ပါတယ်။

ကမ္ဘာတခွင် ခြေဆန့်တဲ့ စာကြည့်တိုက် ပညာရှင် သုတေသီ

လမ်းစဉ်ပါတီခေတ်မှာတောင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး စာအုပ်လဲလှယ်ရေးနဲ့ သုတေသနတွေကို လုပ်ကိုင်ခဲ့တဲ့ ဦးသော်ကောင်းဟာ ၁၉၈၄ ကနေ ၁၉၈၅ ၊ ၁၉၉၁ ကနေ ၁၉၉၂ နှစ်တွေအတွင်း လန်ဒန်က ဗြိတိသျှ စာကြည့်တိုက်ရဲ့ အရှေ့တိုင်းနဲ့ အိန္ဒိယရုံး စုဆောင်းမှုမှာ အကြံပေးနဲ့ လီဗာဟျူမ်း သုတေသီ ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဗြိတိသျှစာကြည့်တိုက်အတွက် ၁၈၈၅ ထိ မြန်မာပြည် ပုံနှိပ်စာအုပ်များ စာစုစာရင်းကိုလည်း ပြုစုခဲ့ပါတယ်။

တခါ ၁၉၈၄ မှာပဲ ဦးသော်ကောင်းရဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန ထူထောင်မှုနဲ့ ရှေးဟောင်း စာပေအထောက်အထား စုဆောင်းမှုတွေအတွက် ဗြိတိသျှ စာကြည့်တိုက်အသင်းအတွက် ဒုတိယကမ္ဘာစစ်ပြီးခေတ်မှာ အရှေ့တောင်အာရှက ပထမဆုံး တင်မြှောက်ခံရတဲ့ ဂုဏ်ထူးဆောင် သုတေသီ ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာ ဗြိတိသျှ စာကြည့်တိုက်အသင်းက သုတေသီစာရင်းဝင်ခဲ့သူတွေထဲ ဗြိတိန်မှာ ပထမဆုံး မြန်မာစာကြည့်တိုက်မှူးအဖြစ် သင်ကြားခဲ့တဲ့ ဦးခင်ဇော် (ကေ)နဲ့ ဦးသော်ကောင်းအပြင် ဒေါက်တာခင်သက်ထား၊ ဒေါ်ကျော့ကျော့တို့လည်း ပါဝင်ပါတယ်။ ၂၀၁၆ မှာတော့ ရန်ကုန် ဗြိတိသျှကောင်စီက စာကြည့်တိုက်မှူး ဒေါ်မိုးမိုးစိုးကို ဂုဏ်ထူးဆောင် သုတေသီအဖြစ် ဗြိတိသျှ စာကြည့်တိုက်နဲ့ သတင်းအချက်အလက် ပညာရှင်များ သိပ္ပံက တင်မြှောက်ခဲ့ပါတယ်။

၁၉၉၉ မှာ ဦးသော်ကောင်း ဟားရိုးဝှိုက်သုတေသီအဖြစ် သြစတြေးလျ အမျိုးသားစာကြည့်တိုက်ကို သွားပြီး အဲဒီမှာ ထားရှိတဲ့ ရန်ကုန်နဲ့ လန်ဒန်တက္ကသိုလ်မှာ အရှေ့တိုင်းသမိုင်း ပါမောက္ခ လုပ်ခဲ့တဲ့ ဂေါ်ဒွန်လုစ်ရဲ့ စာစုကို စာရင်း ပြုစုပေးခဲ့ပါတယ်။ ဓာတ်ပုံ၊ မြေပုံ၊ စာမူကြမ်းတွေ ပါဝင်တဲ့ ပုံး ၅၆ ပုံးနဲ့ စာအုပ် နှစ်ထောင်ရှိတဲ့ စာစုဖြစ်ပါတယ်။ ဒီခရီးမှာပဲ သူ့ကို ဆစ်ဒနီအနောက်ပိုင်း တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ပါတယ်။

စင်္ကာပူနဲ့ ဂျပန်က အရှေ့တောင်အာရှ လေ့လာရေး သိပ္ပံ၊ လူမျိုးစု ပြတိုက်တွေမှာလည်း ဧည့်စာကြည့်တိုက်မှူးနဲ့ ဧည့်ပါမောက္ခ တာဝန်တွေကို ဦးသော်ကောင်း ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းက နာမည်ကျော် ယိုးဒယားအသင်းတော်နဲ့ အရှေ့တောင်အာရှ စာကြည့်တိုက် ကွန်ဂရက်၊ အရှေ့တောင်အာရှ ရှားပါး စာဟောင်း ထိန်းသိမ်းရေး အဖွဲ့ စတာတွေနဲ့လည်း ဦးသော်ကောင်း ပါဝင်ပတ်သက်ခဲ့ပါတယ်။

ဆရာဇော်ဂျီ၊ မင်းသုဝဏ်နဲ့ ဦးခင်ဇော် (ကေ ) စတဲ့ အနောက်နိုင်ငံပညာတတ် ကိုလိုနီခေတ် လက်ကျန် မြန်မာပညာရှင်ကြီးတွေ မရှိတဲ့နောက် မြန်မာပြည်တွင်းက ဝိဇ္ဇာပညာရပ်နယ်ပယ်တွေမှာ ဒေါက်တာသန်းထွန်း၊ ဦးထွန်းအောင်ချိန်နဲ့ ဦးသော်ကောင်းတို့လို လွတ်လပ်ရေးခေတ်ဦးက အနောက်တိုင်းပြန် ပညာရှင်တွေက ဆက်လက်ကြီးမှူးပေးခဲ့ကြပါတယ်။ သူတို့ရှေ့က ပညာရှင်တွေနဲ့ မတူဘဲ ဦးသော်ကောင်းတို့ခေတ်မှာ မြန်မာနိုင်ငံသုတေသနအသင်း ဖျက်သိမ်းတာနဲ့ ကြုံခဲ့ရသလို ၁၉၆၂၊ ၁၉၈၈ နိုင်ငံရေး မုန်တိုင်းတွေကြောင့် တက္ကသိုလ်ပညာရေး မလွတ်လပ်တဲ့ခေတ်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

လမ်းစဉ်ပါတီခေတ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း တန်ခိုးထွားသလို နဝတခေတ်မှာလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ပညာရပ်ဆိုင်ရာ နယ်ပယ်မှာ တွင်ကျယ်ပြီး သြဇာပေးခဲ့တာတွေကိုလည်း ဒီပညာရှင်ကြီးတွေ ကြုံခဲ့ရပါတယ်။ အစကတည်းက နိုင်ငံရေးကျောင်းသားနောက်ခံက လာတဲ့ ဒေါက်တာသန်းထွန်းက စစ်ဗိုလ်ချုပ်တွေနဲ့ မပတ်သက်အောင် ရှောင်ပေမယ့် သဘောကောင်း ဖော်ရွေတဲ့ ဦးသော်ကောင်းကတော့ စစ်အစိုးရ ဝါဒဖြန့် မြန်မာပါစပက်တစ်လို အင်္ဂလိပ်ဘာသာ မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်နဲ့ ဆောင်းပါးရှင် လုပ်ခဲ့ရသလို စာပေဗိမာန်ရဲ့ မြန်မာရည်ညွှန်းကျမ်းပြုစုရေးကော်မတီမှာလည်း ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ဒီလို ပေါက်ရောက်တဲ့ အနေအထားကြောင့်လည်း သူနဲ့ သံအမတ်ကြီး ဦးသက်ထွန်း၊ ဗိုလ်မှူးကြီးလှရှိန် စတဲ့ ပညာရှင်တွေ ပါဝင်တဲ့ မြန်မာသမိုင်းအဖွဲ့ ရွှေရတုအထိမ်းအမှတ် နိုင်ငံတကာကွန်ဖရင့်ကို ၂၀၀၅ ခုနှစ် နဝတခေတ်ထဲမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ငြိမ်၀ပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယ အဆင့်)၊ စည်သူဘွဲ့စတဲ့ အစိုးရ ဆုတံဆိပ်တွေကိုလည်း ဦးသော်ကောင်း ဆွတ်ခူးခဲ့ပါတယ်။

တဘက်မှာလည်း အိန္ဒိယ၊ ဂျပန်၊ ဗြိတိန်၊ စင်္ကာပူနဲ့ ထိုင်း စတဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်ဖရင့်တွေကို ဦးသော်ကောင်း တက်ရောက်ခဲ့သလို ၂၀၀၄ မှာတော့ အမေရိကန်မှာ ပညာရပ်ဆိုင်ရာတွေ ဟောပြောပို့ချရင်း မြောက်အီလီနွိုင်းတက္ကသိုလ်က မြန်မာရေးရာ လေ့လာရေး ကွန်ဖရင့်မှာ ၂၀ ရာစု မြန်မာစာပေ ဝေဖန်ရေး စစ်တမ်း ကို အဓိကမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီလို ပညာရပ်ဆိုင်ရာတွေကို အပတ်တကုတ် အားထုတ်ရင်း သူ့တသက်လုံး ဆောင်ရွက်ခဲ့တဲ့ ပေပုရပိုက် စုဆောင်းမှုကြောင့် ဂျပန်နိုင်ငံက ပေးတဲ့ ဖူကူအိုကာ အာရှ ယဉ်ကျေးမှု ပညာရှင်ဆုကို ၂၀၀၅ မှာ ဦးသော်ကောင်း ရရှိခဲ့ပြီး စာကြည့်တိုက်မှူးထဲက ဒီဆုကို ပထမဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ သူ့ရှေ့က ဒေါက်တာသန်းထွန်းနဲ့ သူ့နောက်က ဒေါက်တာသန့်မြင့်ဦး၊ ဒီ သမိုင်းပညာရှင် နှစ်ယောက်ပဲ သူ့အပြင် ရဖူးသေးတဲ့ဆု ဖြစ်ပါတယ်။

စာကြည့်တိုက်မှူး၏ ပြတင်းပေါက်မှ စာတမ်းများ

"မြန်မာပြည်နဲ့ မြန်မာ့ယဉ်ကျေးမှုစာပေသမိုင်းကို ပိုပြီးအတိအကျ သိစေချင်လို့ပါ။ နိုင်ငံတကာမှာ ရေးတာတွေက မှားတာတွေ တွေ့ရတာမို့ တိကျစွာရေးဖြစ်တာပါ" ဆိုပြီး မြန်မာပြည်အကြောင်း သူ အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့မှုအကြောင်း ၂၀၂၀ အတွက် အမျိုးသားစာပေဆု၊ အင်္ဂလိပ်ဘာသာ(သုတ)ဆု ရချိန်မှာ ဦးသော်ကောင်း ပြောခဲ့ဖူးပါတယ်။ ဦးသော်ကောင်းဟာ ပခုက္ကူဦးအုံးဖေ၊ အမျိုးသား စာပေ၊ ထွန်းဖောင်ဒေးရှင်း၊ သုတစွယ်စုံနဲ့ ဆရာဝန်တင်ရွှေ ဆိုပြီး တစ်သက်တာစာပေဆု ငါးကြိမ်ရဖူးတဲ့ ပညာရှင် စာရေးဆရာလည်း ဖြစ်ပါတယ်။ ပေပုရပိုက်ထိန်းသိမ်းရေးကို အဓိကလုပ်ဆောင်ခဲ့တဲ့ စာကြည့်တိုက်မှူး ဦးသော်ကောင်းဘဝမှာ ပညာရပ်စာတမ်းတွေနဲ့ စာပေဆောင်းပါးတွေ တော်တော်များများ ရေးသားခဲ့ပါတယ်။ ဒီထဲမှာ ဆရာတိုက်စိုး ခေါ် ဦးသန်းထွတ်နဲ့ တွဲပြီး ရေးတဲ့ ကိုလိုနီခေတ်လွန် မြန်မာဝတ္ထုရှည်များ၊ ၂၀ ရာစု မြန်မာအတ္ထုပ္ပတ္တိများ၊ သမိုင်းနောက်ခံ မြန်မာဝတ္ထုများ နဲ့ ၂၀ ရာစု မြန်မာ ဝတ္ထုတိုများ စာတမ်းတွေက အန္နာအဲလော့၊ မောင်ခင်မင် (ဓနုဖြူ) စတဲ့ စာပေပညာရှင်တွေ ရေးသားခဲ့တဲ့ ခေတ်သစ်မြန်မာစာပေအကြောင်း စာတမ်းတွေနဲ့အတူ မြန်မာစာပေနဲ့ လူမှုသမိုင်းလေ့လာသူတွေ လက်စွဲပြုရတဲ့ စာတမ်းတွေ ဖြစ်ပါတယ်။ အဲလစ်ဇဘက်မိုး၊ ဒေါ်စန်းစန်းမော်တို့နဲ့ ဦးသော်ကောင်း ပူးတွဲပြုစုတဲ့ မြန်မာ ရှေးဟောင်းသုတေသနနဲ့ အနုပညာ စာစုစာရင်းလည်း ရှိပါတယ်။

ပေပုရပိုက် ထိန်းသိမ်းရေးနဲ့ စာကြည့်တိုက်ဆိုင်ရာ စာအုပ်စာတမ်းတွေအပြင် ကိုလိုနီမတိုင်မီ မြန်မာသမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းတွေကိုလည်း ဦးသော်ကောင်း ပြုစုခဲ့ပါတယ်။ မြန်မာ့မြေထည်၊ ဘုရင့်နောင်၊ အရေးတော်ပုံကျမ်း၊ စည်သူကာမဏိသင်္ကြံနဲ့ ဇင်းမယ်ရာဇဝင်၊ မြန်မာနဲ့ ထိုင်း ရာမာယဏ အဆက်အစပ်၊ မြန်မာပြဇာတ်စာပေ အတက်နဲ့ အကျ၊ ၁၉ ရာစုလယ်က ၂၀ ရာစုလယ်ထိ ပီနန်-မြန်မာ ဆက်ဆံရေး စတဲ့ ထွေပြားစုံလင်တဲ့ အကြောင်းရပ်တွေကို သုတေသနစာတမ်းတွေ ခိုင်ခိုင်မာမာပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်း၊ ဒေါက်တာရီရီနဲ့ ဒေါ်ကြန်ဆိုတဲ့ သမိုင်းပညာရှင် မိတ်ဆွေတွေကြောင့် ဒီစာတမ်းတွေကို ရေးဖြစ်ခဲ့ကြောင်းလည်း ဦးသော်ကောင်းက အမှတ်တရ ရေးသားခဲ့ပါတယ်။

တခါ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က ဂန္ထလောက မဂ္ဂဇင်းမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လောင်းလျာ ပန်းတနော် ဦးသန့်က ကျွန်ုပ်၏ ကျောင်းပြတင်းပေါက်မှ ခေါင်းစဉ်နဲ့ စာပေ ဝေဖန်ရေးဆောင်းပါးတွေ ရေးခဲ့သလို ဦးသော်ကောင်းကလည်း စာကြည့်တိုက်မှူး၏ ပြတင်းပေါက်မှ၊ ကျွန်တော့ လွယ်အိတ်ထဲမှ စာတမ်းများ စတဲ့ နာမည်တွေနဲ့ စာပေဆောင်းပါးတွေကို စုစည်း ထုတ်ဝေခဲ့ပါတယ်။ ဦးသော်ကောင်းရဲ့ စာတမ်းဆောင်းပါးတွေက အင်္ဂလိပ်ဘာသာနဲ့ ရေးတာ များတဲ့အပြင် ပညာရပ်ဆိုင်ရာ အကြောင်းရပ်တွေများလို့ ပေါ့ပေါ့ပါးပါး ဖတ်လို့ ကောင်းတဲ့ စာပေအမျိုးအစား မဟုတ်ပါဘူး။ မြန်မာသမိုင်းနဲ့ စာပေအကြောင်း လေ့လာလိုသူ ပညာရှင်တွေအတွက် အားကိုး အားထားပြုရတဲ့ ရည်ညွှန်းစာပေတွေ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ကင်းအောင်နေပြီး စာကြည့်တိုက်အလုပ်ကိုပဲ ဇောက်ချလုပ်ခဲ့တဲ့ ဦးသော်ကောင်းရဲ့ အရေးအသားတွေထဲမှာ ဒီမိုကရေစီအုပ်ချုပ်ရေးကို လိုလားကြောင်း တွေ့ရတာကတော့ ၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်ပြီးနောက် ဦးထင်ကျော် သမ္မတ ဖြစ်လာချိန်မှာ ရေးတဲ့ ထိုက်ထိုက်တန်တန် သမ္မတ ဆောင်းပါး ဖြစ်ပါတယ်။ တပ်မတော်ကို တန်ဖိုးထားပြီး တပ်မတော်သားများကို လေးစားသော်လည်း တပ်မတော်အကြီးအကဲများသာ နိုင်ငံအုပ်ချုပ်ရေးကို လက်ဝါးကြီးအုပ် ဆက်လုပ်နေလျှင် မသင့်လျော်ကြောင်း လက်ရှိမြန်မာနိုင်ငံတွင် မြင်နေရသည့် အနုတ်လက္ခဏာများက ပြသနေကြပါသည် ဆိုပြီး ဦးသော်ကောင်း ရေးသားခဲ့ပါတယ်။

သူနဲ့ မိသားစုမိတ်ဆွေ၊ အမျိုးသားစာဆိုကြီး မင်းသုဝဏ်ရဲ့သား ဦးထင်ကျော် သမ္မတ ဖြစ်လာပြီးနောက်မှာလည်း အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်မြို့လယ်မှာ ဖွင့်နိုင်ဖို့ ဦးသော်ကောင်းက ဦးထင်ကျော် ခေါ် စာရေးဆရာ ဒလဘန်းကို စာရေးပြီး အကူအညီတောင်းခဲ့လို့ အောင်မြင်ခဲ့ပါတယ်။ ဒီအတွက် ဦးသော်ကောင်း ကွယ်လွန်ချိန်မှာ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်က အမှတ်တရ အလွမ်းစာ ပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဦးနုခေတ်ကလို ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးပြီး ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအုပ်ချုပ်တာကို မြင်သွားချင်တဲ့ ဆရာတိုက်စိုးသာ ရှိရင် ဘယ်လောက် ဝမ်းသာနေမလဲ ဆိုပြီး ဆရာတိုက်စိုး ရာပြည့်တဲ့ ၂၀၂၀ မှာ အမှတ်တရ ဦးသော်ကောင်း ရေးသားခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ခေတ် စာကြည့် ပိဋကတ်တိုက်

ရန်သူမျိုး ငါးပါးဘေးကြောင့် ခေတ်အဆက်ဆက် ပျက်စီးပျောက်ကွယ်ခဲ့ရတဲ့ မြန်မာအထောက် အထားတွေ ကြွင်းကျန်သမျှ မပျောက်ပျက်ရအောင် ဆယ်စုနှစ်တွေနဲ့ချီ စုဆောင်းလေ့လာခဲ့တဲ့ စာကြည့်တိုက်မှူးကြီး ဦးသော်ကောင်း မရှိတော့ပေမယ့် သူစုဆောင်းခဲ့တဲ့ ပေပုရပိုက်အထောက်အထားတွေကနေ အတိတ်ခေတ်မြန်မာသမိုင်းနဲ့ စာပေ၊ လူ့အဖွဲ့အစည်းအကြောင်း သုတေသနပြုပြီး အနာဂတ်မျိုးဆက်တွေဆီ လက်ဆင့်ကမ်း ဖြန့်ဖြူးကြမယ့် ပညာရှင်တွေ ပေါ်ထွက်လာရင်တော့ သူ့ပညာအမွေ တိုးပွားရာ ကျပါလိမ့်မယ်။

တခါ သူနဲ့ စာကြည့်တိုက်မှူး အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြတဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသီးသီးက ပေပုရပိုက်စာစုတွေ မပျက်စီးရအောင် လေအေးစက်တပ်ဆင်တဲ့ အခန်းတွေထဲမှာ ခေတ်မီနည်းပညာတွေနဲ့ ထားရှိပြီး မှတ်တမ်းတင် ကူးယူ ထိန်းသိမ်းကြဖို့၊ အင်တာနက်မှာ ဖြန့်ဖြူးကြဖို့ လိုသလို အစဉ်မပြတ် ကြည့်ရှုစောင့်ရှောက်ကြဖို့လည်း လိုပါတယ်။ မဟုတ်ရင်တော့ နောင်လာမယ့် ရာစုနှစ်တွေက မျိုးဆက်သစ်တွေ ကြည့်ရှုဖို့ နိုင်ငံ့အမွေအနှစ်တွေ မကျန်ရစ်ဘဲ ဖြစ်သွားနိုင်ပါတယ်။

ဦးသော်ကောင်းဖခင် ပညာမင်းကြီးဦးကောင်း သမိုင်းကော်မရှင်ကို ထူထောင်စဉ်က တို့များ စိုက်တဲ့အပင် ဘယ်တော့မှ မသေဘူး ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဦးသော်ကောင်း ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ အမျိုးသားအမွေအနှစ် စုဆောင်းမှု၊ စာကြည့်တိုက်ပညာ ပြန့်ပွားမှု အလုပ်တွေဟာလည်း အမြဲရှင်သန်နေရမယ့် ပညာပင်တွေပဲ ဖြစ်ပါတယ်။