ရုရှားစစ်တပ်က ထွက်ပြေးလာတဲ့လေတပ်အရာရှိ ရဲ့ အတွေ့အကြုံ

အီလျီယာဘာရာဘာနော့၊ ဘီဘီစီ ရုရှားဌာန
ရုရှားကနေ ခြေကျင်ထွက်ပြေးလာတဲ့ ရုရှားစစ်တပ်အရာရှိတစ်ယောက်နဲ့ ဘီဘီစီက ရှားရှားပါးပါး တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံမေးမြန်းမှုထဲ သူဖြေထားတဲ့အချက်တွေက ရှုံးနိမ့်မှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာကြောင့် ရုရှားစစ်တပ်ထဲမှာ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ အချက်ကိုပေါ်လွင်စေပါတယ်။
အသက် ၂၆နှစ် ရုရှားလေတပ်အရာရှိ ဒီမီထရီမီရှော့ဗ်ဟာ ရုရှားစစ်တပ်ကနေ လစ်သူယေးနီးယားနိုင်ငံဘက်ကို ထွက်ပြေးလာပြီး အဲ့ဒီမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။
ရုရှားကနေ ထွက်ပြေးလာရတဲ့ ခရီးက သူ့ဘဝအတွက် ကြီးမားတဲ့စွန့်စားခန်း တစ်ခုဖြစ်သလို၊ မဖြစ်မနေယူလာရမယ့် ပစ္စည်းတွေအားလုံးကို ကျောပိုးအိတ်တစ်လုံးထဲထည့်ပြီး လျှို့ဝှက်ထွက်လာခဲ့ရတယ်လို့ ဒီမီထရီက ပြောပါတယ်။
ယူကရိန်းစစ်ပွဲထဲ ဝင်တိုက်ဖို့ စေလွှတ်ခံရတာကြောင့် စစ်တပ်ကနေထွက်ပြေးလာတဲ့ လူသိ နည်းတဲ့ စစ်တပ်အရာရှိလက်တစ်ဆုပ်စာထဲမှာ ဒီမီထရီလည်း တစ်ယောက်အပါအဝင်ဖြစ်ပေမယ့် တာဝန်ထမ်းနေရင်း ထွက်ပြေးလာတဲ့ ရုရှား တပ်အရာရှိက သူတစ်ယောက်ပဲရှိသေးတယ်ဆိုတာ ဘီဘီစီရရှိထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
ထွက်လမ်းရှာခြင်း
တိုက်ခိုက်ရေးရဟတ်ယာဉ် လေကြောင်းပြအရာရှိ ဒီမီထရီရဲ့အထိုင်တပ်က ရုရှားနိုင်ငံ အနောက် မြောက်ပိုင်း Pskov ဒေသမှာ အခြေစိုက်ပါတယ်။ တိုက်ပွဲထွက်ဖို့ သူ့ရဟတ်ယာဥ်ကို ပြင်ဆင်ရတော့ ဒီပြင်ဆင်မှုဟာ စစ်ရေးလေ့ကျင့်အတွက်တင်မဟုတ်ပဲ တကယ့်စစ်ပွဲတစ်ခုအတွက် အသုံးပြုရတော့မယ်ဆိုတာ သူ သိလာပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလက လေတပ်ကနေ ထွက်ဖို့ သူ ကြိုးစားခဲ့ပေမယ့်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဖြစ်လာတော့ သူတပ်က နုတ်ထွက်မယ့်ကိစ္စ မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးတော့ စစ်ဘက်ဆိုင်ရာ ကုန်တင်ရဟတ်ယာဉ်တွေမောင်းနှင်ဖို့ ဘဲလားရုစ်နိုင်ငံကို သူ့ကို စေ လွှတ်ခဲ့ပါတယ်။
ယူကရိန်းကို သူတစ်ခါမှ မရောက်ဖူးဘူးလို့ ဒီမီထရီကပြောပါတယ်။သူပြောတဲ့ အဲဒီအချက်ကို ဘီဘီစီက အတည်မပြုနိုင်သေးပေမယ့် သူနဲ့အတူပါလာတဲ့ စာရွက်စာတမ်းတွေ အစစ်အမှန်ဆိုတာတော့ အတည်ပြုလို့ရပါတယ်။သူ့ရဲ့ ထုတ်ပြန်ပြောကြားချက် အများစုကလည်း အခြား သတင်းရင်းမြစ်တွေကနေ ဘီဘီစီက သိထားတဲ့အချက်တွေနဲ့ ကိုက်ညီနေပါတယ်။
၂၀၂၂ခုနှစ် ဧပြီလမှာ ရာထူးက နုတ်ထွက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခြေစိုက်စခန်းကို သူ ပြန်ရောက်လာပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားသမ္မတပူတင်က တစ်စိတ်တစ်ပိုင်း စစ်ရေး လှုပ်ရှားမှုလုပ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့ သူဆီကိုလည်း စစ်တပ်ကထွက်ခွင့်မပေးဘူးဆိုတဲ့ အကြောင်းပြန်ကြားချက်ရောက်လာတယ်လို့ ဒီမီထရီကပြောပါတယ်။
သိပ်မကြာခင်အချိန်မှာ သူ့ကို ယူကရိန်းစစ်မျက်နှာပြင်ကို ပို့တော့မယ်ဆိုတာ သိလာတဲ့အတွက် တပ်ကထွက်ပြေးမယ့် လမ်းကြောင်းကို သူစရှာခဲ့ပါတယ်။
"ကျွန်တော်က စစ်တပ် အရာရှိတစ်ယောက်။ ကျွန်တော့်တာဝန်က ကိုယ့်နိုင်ငံကို ကာကွယ်ဖို့။ စစ်ရာဇ၀တ်မှုမှာ ကြံရာပါတစ်ယောက်တော့ မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဘာကြောင့် ဒီစစ်ပွဲကို စခဲ့တာလဲ၊ဘာကြောင့် ယူကရိန်းနိုင်ငံသားတွေကို တိုက်ခိုက်ပြီး သူတို့မြို့တွေကို ဖျက်ဆီးရတာလဲ ဆိုတာ ဘယ်သူကမှ ကျွန်တော်တို့ကို သေသေချာချာမရှင်းပြကြဘူး။
ရုရှားစစ်တပ်အတွင်းမှာလည်း ခံယူချက်သဘောထားတွေ ကွဲပြားရောထွေးနေကြတယ်လို့ သူက ပြောပါတယ်။တစ်ချို့က ယူကရိန်း စစ်ပွဲကို ထောက်ခံပြီး တစ်ချို့ ကတော့ ယူကရိန်းစစ်ပွဲကို ဆန့် ကျင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံတော်ကြီး အန္တရာယ်ကျရောက်မှာ ကာကွယ်ဖို့ တိုက်ပွဲဝင်ရတယ်ဆိုပြီး ယုံကြည်နေကြတဲ့ သူကတော့ ရုရှားစစ်တပ်ထဲမှာ အရေအတွက် နည်းနည်းပဲရှိပါတယ်။
ရုရှားနိုင်ငံကို ရန်ပြုတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ မဖြစ်မနေ အထူးစစ်ဆင်ရေးလုပ်ခဲ့ရတယ်လို့ ရုရှားအစိုးရက ဇတ်လမ်းဆင်ပြောနေတာ ကြာပါပြီ။
ရုရှားစစ်တပ်ထဲက လူအများစု လစာနည်းတဲ့ကိစ္စကို မကျေမနပ်ဖြစ်နေကြတယ်ဆိုတာ ဒီမီထရီ အပြောအရသိရပါတယ်။
လစာမညီမျှမှုတွေရှိနေပြီး အတွေ့အကြုံရင့် လေတပ်အရာရှိတွေကို ယူကရိန်းစစ်ပွဲမတိုင်ခင်က ချုပ်ဆိုထားတဲ့ သဘောတူညီမှုအတိုင်း အမေရိကန်ဒေါ်လာ ၁၀၉၀ နဲ့ညီမျှတဲ့ လစာငွေ ရူဘယ် ၉၀၀၀၀ ပဲဆက်ပေးနေပြီး၊ တပ်သားသစ်တွေကိုတော့ စည်းရုံးတဲ့အနေနဲ့ တရားဝင်ကြောငြာပြီး အမေရိကန်ဒေါ်လာ၂၄၆၅ ၊ ရူဘယ် ၂၀၄၀၀၀ လစာပေးမယ်လို့ တရားဝင်ကြော်ငြာပြီး ခေါ်နေတယ်လို့ သိရပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားစစ်တပ်ထဲမှာ သဘောထား ကွဲပြားမှုတွေရှိနိုင်ပေမယ့် ရှေ့တန်းမှာ အခြေအနေတွေကောင်းနေတယ်ဆိုတဲ့သတင်းတွေ၊အသေအပျောက် သိပ်မရှိဘူးဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို မယုံကြတာတော့ တူကြတယ်လို့ ဒီမီထရီက ပြောပါတယ်။

"စစ်တပ်ထဲက ဘယ်သူမှ ရုရှားအစိုးရပြောတာကို မယုံကြဘူး။လက်တွေ့ တကယ် ဖြစ်ပျက် နေတာတွေကို သူတို့ကိုယ်တိုင်တွေ့နေတာပဲလေ။သူတို့တွေက တီဗီရှေ့ မှာပဲရှိနေတဲ့ အရပ်သားတွေမဟုတ်ဘူး။ ရုရှားအစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကို စစ်တပ်ကလူတွေက မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ သတင်းတွေက မမှန်ဘူးလေ။"
ယူကရိန်း စစ်ပွဲအစောပိုင်းကာလတွေတုန်းကလည်း အသေအပျောက်မရှိဘူး၊ စစ်လက်နက် ပစ္စည်းတွေ ဆုံးရှုံးတာမရှိဘူးလို့ ရုရှားစစ်ဌာနချုပ်က အခိုင်အမာပြောခဲ့ပေမယ့် စစ်ပွဲမှာကျ ဆုံးခဲ့တဲ့သူအချို့ရှိတာကို သူကိုယ်တိုင်သိခဲ့တယ်လို့ ဒီမီထရီကထောက်ပြပါတယ်။
ယူကရိန်းစစ်ပွဲမဖြစ်ခင်က သူ့တပ်ဖွဲ့မှာ လေယာဉ်အစင်း ၄၀ ကနေ ၅၀ ကြားရှိပါတယ်။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုစတင်ပြီး ရက်အနည်းငယ်အကြာမှာပဲ လေယာဥ် ၆ စင်း ပစ်ချခံရပြီး ၃ စင်းက မြေပြင်မှာ ပျက်စီးခဲ့ပါတယ်။
ရုရှားအာဏာပိုင်တွေဘက်က အသေအပျောက်စာရင်းထုတ်ပြန်တာ မရှိသလောက်ရှားပါတယ်။
ကာကွယ်ရေးဝန်ကြီး Sergei Shoigu စက်တင်ဘာလက ထုတ်ပြန်တဲ့ စုစုပေါင်း အသေအပျောက်စာရင်းက စုစုပေါင်း ၆၀၀၀ ခန့်ရှိတယ် ဆိုတာကိုလည်း ရုရှားအစိုးရ ထောက်ခံတဲ့ စစ်ဘက်ဆိုင်ရာ ဘလော့ဂါတွေ အပါအဝင် လေ့လာသုံးသပ်သူ အများစုက ကျဆုံးအရေအတွက် လျှော့တွက်ထားတာလို့ ယူဆထားကြပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ရုရှားစစ်သည်အရေအတွက်ကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ သုတေသနပရောဂျက်တစ်ခုမှာ ဘီဘီစီရုရှားသတင်းထောက် Olga Ivshina က ရုရှားစစ်သားနဲ့ အရာရှိအဆင့် အရေအတွက် သေဆုံးတာ ၂၅၀၀၀ ရှိပြီလို့ စာရင်းတင်သွင်းထားပါတယ်။
စစ်ပွဲအတွင်း ပျောက်ဆုံးနေသူတဲ့သူ အများစုရှိနေသေးတဲ့အတွက်လည်း သေစာရင်းအစစ်အမှန်က ဒီထက်အရေအတွက်ပိုများနိုင်တယ်လို့ Olga Ivshinaက လက်ခံထားပါတယ်။
ရုရှားလေတပ်သားတွေ ကျဆုံးပျောက်ဆုံးမှုကလည်း အရမ်းများတယ်လို့ ဒီမီထရီက ပြောပါတယ်။ Olga Ivshinaရဲ့ အချက်အလက်ရှာဖွေစုဆောင်းမှုက လေယာဉ်မှူးတွေ၊ နည်းပညာရှင်တွေ အပါ အဝင် အချိန်နဲ့ ငွေတွေအများကြီး အကုန်ကျခံလေ့ကျင့်ထားတဲ့ ရုရှားတပ်ဖွဲ့ဝင် ရာနဲ့ချီကျဆုံး တယ်ဆိုတာ စုံစမ်းဖော်ထုတ်ထားတာနဲ့လည်း ကိုက်ညီနေပါတယ်။
“အခုအချိန်မှာ ရဟတ်ယာဉ်တွေကို အစားထိုးနိုင်ပေမယ့် မောင်းမယ့်လေယာဉ်မှူး လုံလောက်မှု မရှိသေးဘူး” လို့ လည်း ဒီမီထရီက ပြောပါသေးတယ်။
“၁၉၈၀ကျော် ခုနှစ်တွေက အာဖဂန်နစ္စတန် စစ်ပွဲနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲ့တုန်းက ဆိုဗီယက်ယူနီယံက ရဟတ်ယာဉ် ၃၃၃ စင်းအထိဆုံးရှုံးခဲ့တာနဲ့ အခု တစ်နှစ်အတွင်း အလားတူ ဆုံးရှုံးမှုမျိုးနဲ့ ကြုံနေရပြီဆိုတာ သူ ယုံကြည်တဲ့အကြောင်း” ဒီမီထရီက ထောက်ပြပါတယ်။
ထွက်ပြေးလွတ်မြောက်မှု
ယခုနှစ် ဇန်နဝါရီလအတွင်း ဒီမီထရီကို "စစ်ဆင်ရေးတစ်ခု" စေလွှတ်မယ်လို့ သူ့တပ်က ပြောပါတယ်။ အဲဒီ စစ်ဆင်ရေးက ယူကရိန်းစစ်ပွဲထဲသွားရမယ်ဆိုတာ သူ သဘောပေါက်ပြီး သေကြောင်းကြံစည်ဖို့အထိ သူ ကြိုးစားခဲ့ပါတယ်။
အဲ့ဒီသေကြောင်းကြံစည်မှုကြောင့် သူ့ကို တပ်ကထွက်ခွင့်ပြုမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်သလို လက်တွေ့ဖြစ်မလာခဲ့ပါဘူး။
သူ ပြန်ကျန်းမာလာတဲ့အချိန် ဆေးရုံပေါ်မှာ လတ်ဗီးယားနိုင်ငံဘက်ကို အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားတဲ့ Pskov ဒေသက အသက်၂၇နှစ် ရဲအရာရှိဟောင်းတစ်ဦးအကြောင်း ဖတ်လိုက်ရပါတယ်။ အဲ့ဒီဆောင်းပါးဖတ်ပြီး ဒီမီထရီလည်း အဲဒီလမ်းကြောင်းအတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
“ကျွန်တော်က စစ်မှုထမ်းဖို့ ငြင်းနေတာ မဟုတ်ဘူး။ ရာဇဝတ်မှုမှာ ကြံရာပါမဖြစ်ချင်လို့ ငြင်းနေတာ၊ကျွန်တော့် နိုင်ငံ တကယ့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရရင် တာဝန်ထမ်းဆောင်မှာပေါ့လို့ ဒီမီထရီကပြောပါတယ်။
"ရဟတ်ယာဉ်ပေါ် ကျွန်တော်ရောက်သွားရင် အနည်းဆုံးတော့ ဒါဇင်နဲ့ချီတဲ့ လူတွေရဲ့အသက်ကို သတ်ပစ်ရလိမ့်မယ်။ အဲဒါမျိုး ကျွန်တော် မလုပ်ချင်ဘူး။ယူကရိန်းနိုင်ငံသားတွေက ကျွန်တော်တို့ ရဲ့ရန်သူတွေမှ မဟုတ်တာ"
ဒီမီထရီဟာ သူ့ပစ္စည်းတွေကို အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးနဲ့ သယ်နိုင်အောင် ထုပ်ပိုးထားပြီး ဥရောနယ်စပ် တောအုပ်တွေကိုဖြတ်ပြီးသွားဖို့ လမ်းကြောင်းတစ်ခုကို တယ်လီဂရမ်က တဆင့် အကူအညီတောင်းခံခဲ့ပါတယ်။
နယ်ခြားစောင့်တပ်တွေ တားဆီးခံရမှာကို ရှောင်တဲ့အနေနဲ့ တောအုပ်တွေထဲက ဖြတ်သွားရတာ ကြောက်စရာကောင်းတယ် လို့ သူက ပြောပါတယ်။
"သူတို့ ကျွန်တော့်ကို ဖမ်းမိသားရင် ထောင်ထဲမှာ အကြာကြီးထားမှာဗျ "လို့ သူက ရှင်းပြပါတယ်။
ပြီးတော့ နယ်ခြားစောင့်တပ်တွေ သူ့နောက်ကို လိုက်လာလို့ ပြေးရတာနဲ့လည်း ကြုံရတယ်လို့ဆိုပါတယ်။
ပြီးတော့ သူဘယ်ကို သွားနေလဲဆိုတာသေချာမသိ လမ်းကြောင်းပျောက်နေတဲ့အတွက်လည်း စိတ်တွေကစဥ့်ကလျား ဖြစ်နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဝိုင်ယာကြိုးခတ်ထားတဲ့ ခြံစည်းရိုးတစ်ခုနားရောက်သွားပြီး အဲ့ဒီခြံစည်းရိုးကို ကျော်တက်လိုက်ပြီး သိပ်မကြာခင်မှာ သူလွတ်မြောက်သွားပြီဆိုတာ သိလိုက်ပါတယ်။

"နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်ပြီ"
ရုရှားအစိုးရ အာဏာပိုင်တွေက သူ့ကို ရာဇ၀တ်မှုနဲ့ တရားစွဲလိမ့်မယ်လို့ ဒီမီထရီက ယူဆထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဆောင်မှုကို စစ်တပ်ထဲက သူ့လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေကတော့ နားလည်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
တစ်ချို့က ရုရှားနိုင်ငံထဲမှာပဲ ပုန်းနေဖို့ သူ့ကို အကြံပေးခဲ့ကြပေမယ့် ရေရှည်မှာ တပ်ပြေးအဖြစ်က လွတ်အောင်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။
နောက်ဘာတွေဆက်ဖြစ်မလဲတော့ သူမသိသေးပါဘူး။
ဒါပေမဲ့ ရုရှားကအိမ်မှာနေပြီး ထိတ်လန့်မှုတွေ ရင်ဆိုင်နေရတာထက် ဥရောပသမဂ္ဂ အီးယူ နယ်မြေမှာ ဘဝသစ်ကို တည်ဆောက်ဖို့ကြိုးစားရတာ ပိုကြိုက် တယ်လို့ ဒီမီထရီက ပြောပါတယ်။
တည်းဖြတ် ကာတာယာနာ ခင်ကူလိုဗာ








