ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၉ရက် ထိပ်တန်းရောက်သတင်းများ
ဝက်လက်မြို့ ပိတောက်ခြုံရွာ ဒုတိယအကြိမ် မီးထပ်ရှို့ခံရပြီး နေအိမ် ၆၁ လုံး ပျက်စီး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ပိတောက်ခြုံရွာကို မနေ့က နို၀င်ဘာလ ၈ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ ၀င်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ ၀န်းကျင်လောက်နဲ့ ပိတောက်ခြုံကျေးရွာထဲကို ၀င်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ လှည်းနှစ်စီးနဲ့ နေအိမ် ၆၁ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
"အကြောင်းအရင်းမရှိဘဲ ရှို့တာပဲ။ အောက်တိုဘာတုန်းက တစ်ခါ ရှို့တယ်။ ၆လုံး ပါသွားတယ်။ အခု ဒုတိယအကြိမ် ထပ်ရှို့တော့ အိမ် ၆၁ လုံးထပ်ကုန်တယ်။ စုစုပေါင်း နှစ်ကြိမ်အတွက် အိမ် ၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်" လို့ ၀က်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
နေအိမ်မီးရှို့မှုတွေ ရှိနေသလို ဖမ်းဆီး သတ်ဖြတ်ခံရမှာ စိုးရိမ်စိတ်တွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့အတွက် စားနပ်ရိက္ခာ၊ ဆေး၀ါးတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
" အဓိကက ဆေးပေါ့။ ဖျားနာသူတွေလည်း ရှိတော့ ဆေးတွေ လိုတယ်။ မြွေကိုက်ခံရတဲ့သူတွေလည်း ရှိတော့ မြွေဆိပ်ဖြေဆေးတွေလည်း လိုနေပါတယ်။ စားနပ်ရိက္ခာလည်း လိုနေကြတယ်။ ပြေးနေ လွှားနေရတော့ ဘာမှမသယ်နိုင်ကြဘူး။ အကုန်လိုအပ်ချက်တွေ ရှိတယ်။ " လို့ သူက ဆိုပါတယ်။
လက်ရှိ နို၀င်ဘာလ ၉ ရက် ဒီကနေ့ ညနေပိုင်းမှာလည်း စပါးတောနဲ့ ခေါတောရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
မြေပဲဆံကို တရုတ်ဘက်က ဝယ်လိုအားများ
အများဆုံးစိုက်တဲ့ မကွေးမှာ စိုက်ဧကလျော့ကျနေ
မြန်မာနိုင်ငံက မြေပဲဆံ တရုတ်ရဲ့ဝယ်လိုအားများနေပြီး မြေပဲဆံ တစ်ပိဿာကို အမျိုးအစားအလိုက် ကျပ် ၅၀၀၀ က ၆၀၀၀ ခန့်ရှိပြီး မြေပဲဆီ တစ်ပိဿာကို ကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀ ခန့် ရှိနေပါတယ်။ နိုဝင်လာလကုန်ပိုင်းမှာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မကွေး၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ တောင်သာစတဲ့ ဒေသတွေက ပင်ပြန့်ဆံခေါ် မြေပဲဆံ ပေါ်ထွက်လာမှာပါ။
ဒါပေမယ့် ယခုနှစ်မှာတော့ မြေပဲအများဆုံးစိုက်ပျိုးတဲ့ မကွေးတိုင်းအတွင်းက ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်ဧက လျော့ကျပြီး အထွက်နှုန်းနည်းတယ်လို့ မြေပဲစိုက်တောင်သူတွေထံက သိရပါတယ်။
" တရုတ်ကတောက်လျှောက်ဝယ်နေတာပါပဲ။ တိုက်ပွဲတွေရှိတော့ ဟိုဘက် ဒီဘက်က လှည့်ထွက်နေရတော့ စရိတ်ကတော့ တက်တာပါပဲ။ ဈေးကောင်းတယ်ဆိုပေမယ့် ဈေးကရသင့်သလောက် မရဘူးပေါ့။ မြေပဲဆံဈေးတက်လာတာကတော့ ငွေလဲနှုန်းတက်တာကြောင့်မို့လည်းပါပါတယ်။ မြေပဲဆံ အဓိကထွက်တဲ့ မကွေးတိုင်းဘက်က ဒေသတွေမှာလည်း မစိုက်နိုင်ကြဘူးလေ။ အထွက်နှုန်းနည်းတော့ အသစ်ပေါ်ချိန်ပေမယ့် ဈေးပြန်ကျဖို့ မရှိနိုင်သေးပါဘူး " လို့ မန္တလေးမှာနေတဲ့ မြေပဲကုန်သည် တစ်ဦးကပြောပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းက မြေပဲဆံ တစ်ပိဿာကို ကျပ် ၂၆၅၀ ခန့်ရှိခဲရာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ဈေးမြင့်လာပြီး သြဂုတ်လတွင် အမြင့်ဆုံးဈေး ၆၀၀၀ ကနေ ၆၇၀၀ ကို ရောက်ရှိခဲ့ရာက အနည်းငယ်ပြန်လည်ကျဆင်းလာပြီး အခု လက်ရှိ ၆၀၀၀ ၀န်းကျင်စျေးနဲ့ စျေးပြန်ကောင်းလာတာလို့ ပြောကြပါတယ်။
မြေပဲဆံ ဈေးကောင်းတဲ့အတွက် မြေပဲဆီတစ်ပိသာကို မနှစ်က ကျပ် ၇၅၀၀ - ၉၀၀၀ ရှိခဲ့ပေမယ့် ဒီနှစ်မှာ ကျပ် တစ်သောင်းကျော်ကို မြင့်တက်လာတာ ဖြစ်ပါတယ်။
" မြေပဲဆီ ဈေးတက်တာက မြေပဲဆံကိုက ဈေးကောင်းနေလို့ပါ။ တခြားကုန်ကျစရိတ်တွေကလည်း အကုန်တက်ပါတယ်။ စားအုန်းဆီဈေးတက်တာကလည်း ဈေးတက်ရခြင်း အကြောင်းတစ်ခုပါပဲ " လို့ ပြည်တွင်း မြေပဲဆီစက်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
စျေးကွက်ထဲမှာတော့ စားအုန်းဆီတစ်ပိဿာ ဈေးနှုန်းမှာလည်း သြဂုတ်လအတွင်းက အမြင့်ဆုံး ကျပ် တစ်သောင်းခန့်သို့ ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၆၅၀၀ နဲ့ အထက်ရှိနေတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသက တိုက်ပွဲတွေအတွင်း ခေါ်ဆောင်သွားခံရတဲ့ အရပ်သားတွေပြန်လွတ်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသဝန်းကျင်က အရပ်သား အယောက် ၄၀ ကျော်ဟာ စစ်ကောင်စီတပ်ရဲ့ အဖမ်းဆီးခံရပြီး ၇ ရက်မြောက်နေ့ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“သူတို့တွေကို တိုက်ပွဲဖြစ်တဲ့နေရာကို ခေါ်သွားတာ။ ငါးယောက်လောက်ကို အရှေ့ဆုံးကနေ သွားခိုင်းတယ်။ ကျန်တဲ့သူတွေကို သူတို့နဲ့ရောပြီး အထဲမှာ နေခိုင်းတယ်။ တိုက်ပွဲဖြစ်တော့ သူတို့လည်း ကြောက်လန့်ပြီး ဝပ်နေရတာပဲတဲ့။ ထမင်းတော့ကျွေးတယ်။ ညဘက်ကို မြေကြီးပေါ် အိပ်ကြရတယ်ပြောတယ်”လို့ ပြန်လွတ်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
အဲ့ဒီအရပ်သားတွေဟာ ချောင်းဝရွာ၊ နန့်မော်ကန်ရွာ စတဲ့နေရာတွေအပြင် ဖားကန့်နဲ့ အင်းတော်ကြီးအဆက်ဘက်က ဒေသခံတွေ၊ ကုန်ထုတ်လမ်းအဖြစ် အများပြည်သူအသုံးပြုတဲ့ ကာမိုင်းနဲ့ ချောင်းဝ ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းကဖြတ်သန်းသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရတာပါ။
စစ်ကောင်စီကတော့ တပ်မတော်က ဒေသခံလယ်သမား၊ လမ်းသွားလမ်းလာ၊ ခရီးသွားတွေကို စစ်ဆေးဖမ်းဆီးတာမရှိတဲ့အကြောင်း ဘီဘီစီကို ငြင်းဆိုထားပါတယ်။
မိသားစုနဲ့ တွေ့ဆုံပြောဆိုခဲ့ကြသူတွေ ပြောပြချက်အရ စစ်ကောင်စီက ဖမ်းတယ်ဆိုကြပေမဲ့ ဘီဘီစီက ဒါကို သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
အဖမ်းခံခဲ့ရတဲ့ အရပ်သားတွေဟာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ ဖားကန့်မြို့နယ် ကာမိုင်းမြို့ မန်ဝဲကျေးရွာနားမှာ KIA နဲ့ စစ်ကောင်စီတပ်တွေရဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေကြားကို ရောက်ရှိခဲ့ကြတာပါ။
ကေအိုင်အေနယ်မြေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အထဲမှာ အရပ်သားတွေကို ဖမ်းဆီးလာတာကြောင့် အထိခိုက်နည်းအောင် ရှောင်ရှားခဲ့ကြတယ်လို့ ကေအိုင်အေ တပ်ရင်း ၄၄ တာဝန်ရှိသူက ပြောပါတယ်။
ကိုးတောင်ဘို့တိုက်နယ်ထဲက ဒေသခံ ၁၄ ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က လျှော်ဖြူကုန်းရွာနဲ့ ဇီးကနားကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် သတ်ဖြတ်ခံလိုက်ရပြီလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကိုးတောင်ဘို့တိုက်နယ်၊ လျှော်ဖြူကုန်းရွာနဲ့ ဇီးကနားရွာက စုစုပေါင်း ဒေသခံပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းခေါ်သွားပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့မှာ သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
ကိုးတောင်ဘို့ ဒေသကာကွယ်ရေးတပ်က ခေါင်းဆောင်တစ်ဦးက " မီးရှို့သတ်ခံရတာလို့ ယူဆရပါတယ်။ ကျွန်တ်ော့ဆီတော့ ၁၃ ဦး သေတယ်လို့ အတည်ပြုထားတယ်။ စဖမ်းသွားတာက ၁၅ ဦး၊ အဲဒါကို အဖိုးတစ်ဦးနဲ့ ကလေးတစ်ဦးကို ပြန်လွှတ်လိုက်တယ်။ ကျန်တဲ့သူတော့ အကုန်သတ်တာ။ ရုပ်အလောင်းတွေတော့ ပြန်မရဘူး။ သူတို့အကုန်မီးရှို့လိုက်ပုံပဲ၊ မီးခိုးတွေမြင်ရတယ် " လို့ ပြောပါတယ်။
ဒီနေ့ မနက်မှာလည်း နှောကုန်း၊ ချပ်ကုန်း၊ လျှော်ဖြူကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးနေလို့ ဒေသခံတွေ ပြေးလွှားတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်ကတေ့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကိုလည်း မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာ ၁၈ ဦးကို ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံရ
နိုဝင်ဘာ ၈ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံက ခရီးသွား ၁၈ ဦးကို ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် မပေးဘဲ ဒွန်မောင်းလေဆိပ်မှာ တစ်ည ထိန်းသိမ်းထားတယ်လို့ ဘန်ကောက်လမ်းညွှန်ကိုစိုင်း လူမှုကွန်ယ်ကတဆင့် သိရပါတယ်။
ထိန်းသိမ်းခံရသူတွေဟာ လူငယ်တွေဖြစ်ပြီး သူတို့မှာ Show Money (ထိုင်းနိုင်ငံအတွင်းမှာသုံးစွဲရန် အနည်းဆုံးသတ်မှတ်ငွေကြေးပမာဏ) ဘတ် ငွေ ၂၈၀၀၀ နဲ့ အသွားအပြန် လေယာဉ်လက်မှတ်ပါရှိပေမယ့် နေထိုင်မယ့် ဟိုတယ်ကြိုတင် စီစဥ်ထားတာ မရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
"ထိန်းသိမ်းခံရတာတော့ ဟုတ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး" လို့ ဘန်ကောက်လမ်းညွှန် ကိုစိုင်း အဖွဲ့က တစ်ဦးက ဖုန်းနဲ့ ဖြေကြားပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်ကြတဲ့ မြန်မာတွေကို ၁၄ ရက်ဗီဇာ Free နဲ့လာပြီး ရှိုးမန်းနီးနည်းတာ၊ အပြန်လေယာဉ်လက်မှတ်ကို Booking ပဲလုပ်ထားတာ၊ ဟိုတယ် Booking မလုပ်ထားတာတွေဆိုရင် ထိုင်းဘက်က ပြန်လွှတ်နေတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြေင်းမျိုးစုံနဲ့ သွားရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် တင်းကျပ်တဲ့စစ်ဆေးမှုတွေကို ထိုင်းရဲ၊ ထိုင်း လဝကတို့ဘက်က ပြုလုပ်လေ့ရှိပါတယ်။ ထိုင်းရောက်မြန်မာတွေအကြားမှာလည်း အခုလို ထိုင်းရဲနဲ့ လဝကတို့ဘက်က တင်းကျပ်တဲ့ စစ်ဆေးမှုတွေအပေါ် ဝေဖန်ပြောဆိုနေကြတာလည်း ရှိနေပါတယ်။
ထိုင်းရဲတပ်ဖွဲ့ နဲ့ လဝကတို့ကလည်း အလည်ဗီဇာနဲ့ လာရောက်ကြသူ မြန်မာနိုင်ငံသားတွေက အလည်ဗီဇာကတဆင့် အခြားဆင့်ပွားရက်ရှည်နေထိုင်နိုင်တဲ့ ဗီဇာမျိုးတွေကို ထပ်မံလျှောက်ထား နေထိုင်ကြတဲ့အပေါ် တင်းကျပ်တဲ့ ကိုယ်တွယ်မှုတွေနဲ့ လုပ်ဆောင်နေတာကြောင့် အခုလို ပြန်လွှတ်တဲ့ဖြစ်စဥ်တွေ မကြာခဏဆိုသလို ဖြစ်နေတာလို့ သိရပါတယ်။
မန္တလေးတိုင်း လယ်/ဆည် ဝန်ကြီးဟောင်း ဒေါက်တာစိုးသန်း ပြစ်ဒဏ်ရက်စေ့လို့ ပြန်လွတ်လာ
မန္တလေးတိုင်း လယ်/ဆည် ဝန်ကြီးဟောင်း ဒေါက်တာစိုးသန်း နိုဝင်ဘာ ၈ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနေထိုင်ရာ ချမ်းမြသာစည်မြို့နယ်က ဒေသခံတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ထံကသိရပါတယ်။
အရင်အစိုးရရုံးက ပေးတဲ့ နေအိမ်မှာ မဟုတ်ဘဲ ရွှေလံရပ်မှာ နေထိုင်တာဖြစ်ပြီး ဒေါက်တာစိုးသန်း ပြန်လွတ်တာကို တွေ့ရတဲ့အကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီကချမှတ်တဲ့ ထောင်ဒဏ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။
ဒေါက်တာ စိုးသန်းကို စစ်အာဏာသိမ်းပြီး နောက်ရက်တွေမှာ တိုင်းအစိုးရရုံးကနေ ဖမ်းခေါ်သွားခဲ့ပြီး စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ရက်နေ့မှာ ချုပ်ရက်ခံစားခွင့်နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။
ဒေါက်တာစိုးသန်းနဲ့ တရက်တည်း အမိန့်ချမှတ်ခံရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန်ဟောင်း ဒေါက်တာ ရဲလွင်၊ ဝန်ကြီးဟောင်း ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကို တို့ကို စစ်ကောင်စီက ထပ်တိုးအမှု့တွေနဲ့ တရားစွဲဆိုထားတယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ယာဥ်မတော်တဆမှုမှာ ကားပေါ်ပါသူ အားလုံး သေဆုံးခဲ့
ကော့ကရိတ်- မြဝတီ အာရှလမ်း မှာ ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာသူ ၇ဦးလုံး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က အတည်ပြုပါတယ်။
ဒီကနေ့ နို၀င်ဘာလ ၉ ရက်နေ့ မနက် ၈နာရီ ၄၀ မိနစ်၀န်းကျင်မှာ မြ၀တီကနေဆင်းလာတဲ့ အန်စာတုံးမော်တော်ယာဉ်ဟာ တောနော်ရေတံခွန်အရောက်မှာ လမ်းတားထားတဲ့ ကွန်ကရစ်တုံးကိုကျော်ပြီး အုတ်ခုံကို ၀င်တိုက်ခဲ့တာကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာတဲ့သူ အားလုံး သေဆုံးခဲ့တာလို့ သိရပါတယ်။
"အစကတော့ ၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ပါတယ်။ နောက်တစ်ခါ ကားကို ကရိန်းနဲ့ မ လိုက်တော့ နောက်ထပ် ၂ ဦးရဲ့ ရုပ်အလောင်းထပ်တွေ့ပါတယ်။ ကျား ၅ဦးနဲ့ မ ၂ ဦး၊ စုစုပေါင်း ၇ဦးရဲ့ ရုပ် အလောင်းတွေ ဖြစ်ပါတယ်။ သေဆုံးတဲ့သူတစ်ဦးရဲ့ ဖုန်းက ကားအပြင်ကို ထွက်ကျနေတော့ ဖုန်းထဲက ဖုန်းနံပါတ်တွေနဲ့တော့ ဒီဖုန်းပိုင်ရှင်ကိုသိလား၊ဘယ်သူလဲ တောက်လျှောက်ဆက်မေးရင်း အဆင့်ဆင့် ဆက်သွယ်ထားပါတယ်။ အဆက်အသွယ်ရတယ်။ ပဲခူးဘက်ကလို့သိရပါတယ်" လို့ ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို သွားရောက်ကယ်ဆယ်ရေး လုပ်ပေးတဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကော့ကရိတ်ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ် ကုန်းမော်နဲ့ကျောက်မော်ကျေးရွာမီးရှို့ခံရပြီး လူတစ်ယောက်အသတ်ခံရ
မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကုန်းမော်ကျေးရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၈ ရက်မှာ ရောက်ရှိလာပြီး နေ့လယ်ပိုင်းမှာ နေအိမ်တွေကို မီးရှို့သလို စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူက စိတ်ကျန်းမာရေးမကောင်းတော့ ပြေးရကောင်းမှန်းမသိဘူး ကျန်နေခဲ့တာ။ အဲ့ဒါကို ပစ်သတ်သွားတာ။ သူ့အလောင်းမှာ ကျည်ဒဏ်ရာတွေတွေ့တယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ကုန်းမော်ကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တစ်ကြိမ်မီးရှို့ခံထားရတဲ့ကျေးရွာဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကုန်းမော်ကျေးရွာကနေ ကျောက်မော်ကျေးရွာကို ဆက်ကူးသွားပြီး နေအိမ်တွေကို မီးရှို့တယ်လို့ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့တာကြောင့် ကုန်းမော်ကျေးရွာမှာ အိမ်ခြေ ၃၀ ကျော်နဲ့ ကျောက်မော်ကျေးရွာမှာ အိမ်ခြေ ၁၄ လုံး မီးလောင်သွားတယ်လို့လည်း ပြောပါတယ်။
ကျေးရွာ ၂ ရွာကို မီးရှို့ပြီး နေ့လယ် ၂ နာရီလောက်မှာ ထွက်လာတဲ့ စစ်ကြောင်းကို မင်းကင်း တောင်းတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တစ်နာရီနီးပါးလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကျော်ရွာမှာ တပ်စွဲထားတာ တစ်နှစ်နီးပါးရှိပြီး လက်ရှိလည်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကျော်ရွာကိုပဲ ပြန်ဝင်သွားကြတယ်လို့ ပြောပါတယ်။
စစ်ကြောင်းထိုးတာတွေကြောင့် ကျေးရွာဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့တာ၊ လူသေဆုံးတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
စစ်ကောင်စီရဲ့ ဝန်ကြီး၊ တရားသူကြီးချုပ်အပါအဝင် အရပ်ဘက်၊ စစ်ဘက်အပြင် စီးပွားရေးသမားတွေပါဝင်တဲ့ စုစုပေါင်း ၁၉ ဦးကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူတယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စစ်ကောင်စီရဲ့လေတပ်က အဆင့်မြင့်အရာရှိကြီးတွေနဲ့ လေတပ်တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၁၉ ဦးနဲ့ လုပ်ငန်းတစ်ခု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ စစ်တပ်ကို အနီးကပ် ချိတ်ဆက် ပံ့ပိုးတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေက စီးပွားရေး ကိုယ်စားလှယ်တွေကို ပိတ်ဆို့ ကန့်သတ်မှုအသစ်တွေကို ချမှတ်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေတဲ့အဓိက အခန်းကဏ္ဍကပါဝင်နေပြီး နိုင်ငံတော်တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့လုပ်ဆောင်ချက်တွေမှာ ပါဝင်နေတာကြောင့် အခုလို ကန့်သတ်ပိတ်ဆို့မှုအသစ်တွေကိုလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါရှိပါတယ်။
ပိတ်ဆို့ကန့်သတ်မှုမှာ အဖွဲ့အစည်း ၁၁ ခုနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး တို့ပါဝင်ပါတယ်။ ကန့်သတ်မှုကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲမှာရှိနေတဲ့ ကန့်သတ်ခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းလိုက်ခြင်း၊ အဖွဲ့ဝင်နိုင်ငံတွေထံကို ခရီးသွားလာခွင့် ပိတ်ပင်တာ ခံရပြီး ၎င်းတို့ကို အီးယူ နယ်မြေအတွင်း ဝင်ရောက်တာ ဒါမှမဟုတ် ဖြတ်သန်းခြင်းတွေကိုပါ တားဆီးလိုက်တာပါ။
အရင်ကတည်းကတားမြစ်ထားတဲ့ လက်နက်နဲ့ စက်ပစ္စည်းတွေ တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်မှု၊ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေ တင်ပို့မှုအပေါ် ကန့်သတ်ချက်တွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေအသုံးပြုဖို့အတွက် ကုန်ပစ္စည်းနှစ်ခု တင်ပို့မှု တားမြစ်ချက်၊ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တားမြစ်ခြင်း စတာတွေကိုလည်း ဆက်ရှိနေဆဲလို့ ထုတ်ပြန်ပါတယ်။
မြန်မာ စစ်အာဏာသိမ်းအဖွဲ့အစည်းရဲ့ စစ်လေယာဉ်အဝယ်တော်တွေကို အမေရိကန်ကအရေးယူသတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဒီ ထုတ်ပြန်ချက်မှာ မြန်မာ့စီးပွားရေးနယ်ပယ်မှာ ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ Sky Aviator Company Limited နဲ့ ပိုင်ရှင်၊ ဒါရိုက်တာဖြစ်သူ (ဦး)ကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်းပြီး ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်ခြင်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်မှာဖြစ်တယ်လို့ ပါရှိပါတယ်။
Sky Aviatorဟာ (ဦး)ကျော်မင်းဦးရဲ့ ဦးစီးမှုအောက်မှာ မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေတဲ့ အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်းမှာ Sky Aviator ကုမ္ပဏီက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေထံက လက်နက်ကုန်စည်တွေကို တစ်ကြိမ်မက လက်ခံရယူခဲ့ပြီး (ဦး)ကျော်မင်းဦးက နိုင်ငံခြားမှ စစ်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်တွေ မြန်မာနိုင်ငံကိုတင်သွင်းရန်၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ရန်စတဲ့ ပံ့ပိုးမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၃ရက်မှာ၊ အာဏာသိမ်းအဖွဲ့အစည်းက အာဏသိမ်းယူပြီးတဲ့ အချိန်ကစပြီး အသေအပျောက်အများဆုံး လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများထဲက တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှ အနုပညာရှင်တွေ၊ တင်ဆက်ကပြသူတွေနဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ အသက်ကို နှုတ်ယူခဲ့တဲ့ လူပေါင်း ၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ကြရတဲ့ တိုင်းရင်းသားမိတ်ဆုံပွဲတစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ ဒီမိုကရေစီပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ သာယာဝပြောတဲ့ အနာဂတ်တစ်ခု လိုလားတောင့်တမှုကို ဖိနှိပ်ချုပ်ချယ်ရင်း အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိတဲ့ အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန်နိုင်ငံက ရပ်တည်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ အာဏာသိမ်းအဖွဲ့အစည်းရဲ့ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း၊ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသူတွေကို အမေရိကန်ပြည်ထောင်စုမှ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားမှာဖြစ်ပြီး အာဏာသိမ်းအဖွဲ့အစည်းကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှုရှိစေရန်၊ တာဝန်ခံမှု တာဝန်ယူမှုရှိစေရန်ဆောင်ရွက်ခြင်းနဲ့ မြန်မာပြည်သူတွေ အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ရာမှာ အသုံးပြုတဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ခြင်း တွေကို ဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စု က မိတ်ဘက်တွေနဲ့အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
ဒီလို ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က စစ်ကောင်စီက လေယာဉ်နဲ့ လက်ယက်ကုန်းကျေးရွာကို တစ်နာရီနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှု ဖြစ်စဉ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ကချင်ပြည်နယ် ဖားကန့်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန်၊ အောက်တိုဘာ၂၃ရက် ည ၈နာရီခွဲမှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာရဲ့ နောက်ပိုင်း ပထမဆုံးအကြိမ်ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။