မြောင်နဲ့ ရေစကြိုနယ်က ရွာ ၈ ရွာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ရွာသစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ရွာသစ်ရွာ
ရေးသားခဲ့သည်။

ချင်းတွင်းမြစ်ဘေး မြောင်နဲ့ ရေစကြိုနယ်က ကျေးရွာတွေမှာ မီးရှို့ခံနေရတာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ကတည်းကနေ ဒီကနေ့အထိ ဖြစ်ပါတယ်။

ရွာလေးတွေဟာ ချင်းတွင်းမြစ်နှစ်မြွှာကွဲပြီးပြန်ဆုံတဲ့ မြစ်ဆုံနဲ့ တစ်မိုင်ပတ်လည်လောက်သာဝေးကြပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်မှာ ရှိကြပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေဟာ စစ်ကိုင်းတိုင်းထဲက ရွာတွေလည်း ပါကြသလို မကွေးတိုင်းထဲက ရွာတွေလည်း ပါကြပါတယ်။

ရွာတွေက နယ်နိမိတ်သတ်မှတ်ချက်အရ အချို့က စစ်ကိုင်းတိုင်း၊ အချို့က မ‌ကွေးတိုင်းအတွင်းက ရွာတွေဖြစ်ပေမယ့် တစ်ရွာနဲ့ တစ်ရွာ အများဆုံးနှစ်ဖာလုံခန့်သာလှမ်းပြီး ကပ်လျက်ရှိတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက နနွင်းကိုင်း၊ ရွှေတချောင်း၊ သုခဒီပ၊ မြစ်သာ၊ ဆူးလေကုန်းနဲ့  မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ဆင်ခြေရာ၊ မာကလာခြံ၊ မြေစွန်း စတဲ့ရွာတွေကို စစ်တပ်က စီးနင်းပြီး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။

လပြည့်နေ့ည နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ရှို့နေတာ တချို့ရွာတွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း တစ်ကျော့ပြန်မီးရှို့ခံနေရပြီးတော့ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့ခံနေရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

 

မီးလောင်ပျက်စီးခဲ့တဲ့ မာလကာခြံရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးလောင်ပျက်စီးခဲ့တဲ့ မာလကာခြံရွာ

ဒီရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေဝင်လာပြီး မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က ကျေးရွာတွေကို မီးရှို့တာမျိုးမရှိဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုလေ့ရှိပါတယ်။

 PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဲဒီဒေသက ကျေးရွာတွေကို စစ်ကောင်က နယ်မြေစိုးမိုးဖို့ လုပ်နေသလို ရွာတွေက PDF တွေကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြောင်နယ်က ရွှေတချောင်း နနွင်းကုန်း ထပ်ရှို့တယ်၊ ဒီနယ်တွေက စစ်ကောင်စီ နယ်မြေထိန်းချုပ်မှုမရှိတဲ့ ရွာတွေဖြစ်လို့ မီးရှို့ခံရတာပါလို့  ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခု မီးရှို့ခံရတဲ့ရွာတွေက အိမ်ခြေ ၃၀၀ နဲ့အထက်ရှိတဲ့ ရွာတွေလို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကြောင်းဝင်တာနဲ့ ရွာ ၈ရွာက ဒေသခံ တစ်သောင်းကျော်ကတော့ နီးစပ်တဲ့ လုံခြုံရာနေရာတွကို ထွက်ပြေးနေကြရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ မြိုင်မြို့နယ်က ကျေးရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ မြိုင်မြို့နယ်က ကျေးရွာတစ်ရွာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှိနေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားရွာ မှာလည်း စစ်ကောင်စီတပ်တွေဘက်က မီးရှို့ထားလို့ နေအိမ်တစ်ရာနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ထွက်ပြေးနေရတဲ့ ပျားရွာဒေသခံက ဘီဘီစီကို ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ပျားရွာအတွင်း မီးရှို့ခံရပြီး ၉ ရက်နေ့မှာ ရွာမှာကျန်ခဲ့တဲ့ နွားနဲ့လှည်းကို စစ်ကောင်စီတပ်တွေထွက်သွားပြီ အထင်နဲ့ ပြန်ပြီး လာယူတဲ့သူတစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့လို့သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပျားရွာက ဒေသခံအချို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေရှိခဲ့ပေမယ့်နောက်ပိုင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျားရွာအတွင်း ပစ္စည်းပြန်ယူတဲ့အမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာ ကြောင့် အိမ်ခြေတစ်ထောင်ကျော်နဲ့ လူဦးရေ ၅ထောင်ကျော်လောက်ရှိတဲ့ ပျားရွာက ဒေသခံတွေ ဒီကနေ့ အထိကို ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

စစ်တပ်ကလည်း ရွာအရှေ့ဘက်ပိုင်းမှာ ဆက်ရှိ နေသေးတယ်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။

ပျားရွာကို စစ်ကြောင်းမဝင်ခင် ၁ ရက်က ပျားရွာအနီးက နနွင်းတော်ဘိုး၊ ကဇက်ကုန်း စတဲ့နေရာတွေမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတို့အကြား နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်အပြီး ပျားရွာဘက်အထိကို စစ်ကြောင်းက ရောက်လာတာလို့ ဒေသခံတွေထံက သိရပါတယ်။

ရွာတွေထဲက ဒေသခံပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေရှိသလို၊ သူတို့နဲ့အတူ ယူဆောင်သွားတာတွေလည် းရှိတယ်လို့ စစ်ကြောင်းဝင်ခံရတဲ့ ကျေးရွာဒေသခံတွေထံက သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က ကျေးရွာတွေကို မီးရှို့တာ၊ ပစ္စည်းတွေယူဆောင်သွားတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုဖို့ ကြိုးစားနေသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနေပါတယ်။

ကိုးထောင်ဘို့ဇော်ချောင်းကျေးရွာ မီးရှို့ခံရပြီးမြင်ကွင်း/ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ဇော်ချောင်းကျေးရွာ မီးရှို့ခံရပြီးမြင်ကွင်း/ပုံဟောင်း

စစ်ကောင်စီ အာဏာသိမ်းပြီးစကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းနေအိမ် ၂၀၁၅၃ လုံး ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီလက်ထက် မီးရှို့ခံရတဲ့ အများဆုံးဒေသ ဖြစ်ပါတယ်။

ဒုတိယအများဆုံးမီးရှို့ဖျက်ဆီးခံရတဲ့ ဒေသကတော့ နေအိမ် ၅၀၀၀ ကျော်ပျက်စီးထားတဲ့ မကွေးတိုင်းဖြစ်ပြီး ချင်းပြည်နယ်က တတိယနေရာမှာ ရှိနေပါတယ်။

အခု စာရင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလက စတင် သုတေသနပြုလုပ်ထားတဲ့စာရင်းတွေလို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ဦးရေ ၂ သိန်းကျော်၊ ကယားပြည်နယ်မှာက ၁ သိန်း ၉ သောင်းရှိတာကြောင့် စစ်ဘေးဒုက္ခသည်အများဆုံး တိုင်းနဲ့ပြည်နယ်တွေဖြစ်နေတယ်လို့ ISP Myanmar ကထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွာကိုမီးရှိုခံရတာ အပြင် စစ်ကောင်စီက သူတို့ရှို့တာမဟုတ်ဘူးလို့ ဝါဒဖြန့်တာတွေ တွေ့ရတော့ ပိုပြီး ခံပြင်းဒေါသ ဖြစ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကရွာကို မီးရှို့တာအပြင် အခုလို မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်တာတွေကြောင့် ဒေသခံတွေက ပိုပြီးအသည်းနာတယ်လို့ မီးရှို့ခံရသူ မြောင်မြို့ထဲက ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။