တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနေ - အောက်တိုဘာလ ၂ ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြားမှာရှိတဲ့ မယ်ဆိုင်ချောင်းရေလျှံနေတာကြောင့် ချောင်းအနီးတစ်လျှောက်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ဒီနေ့ အောက်တိုဘာလ ၂ ရက် မနက်ပိုင်းကစလို့ ရေကြီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

‘’မနက်ကတည်းက စိုးရိမ်ရေမှတ်ရောက်နေတယ်။ ဒီညနေပိုင်းမှာတော့ အဲဒီရေမှတ်အောက် အနည်းငယ် ပြန်ကျသွားပေမဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနေတုန်းပါပဲ။ မိုးကလည်း ဒီနေ့မနက်ပိုင်းမှ ရွာတာကို ရေတက်လာတာ။ ကြည့်ရတာ အထက်ပိုင်းမှာ မိုးများပြီး တောင်ကျရေ ဆင်းလာတာများလို့ ဖြစ်နိုင်တယ်’’ လို့ မြို့ခံတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ချောင်းရေလျှံလာတာကြောင့် မြို့တွင်းက ဗိုလ်ချုပ်လမ်းမပေါ်၊ တာလောရပ်ကွက်နဲ့ မကာဟိုခမ်းရပ်ကွက်တွေအထိ ချောင်းရေတွေရောက်နေတာဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ အခုနှစ်မိုးရာသီအတွင်း ရေကြီးရေလျှံမှု ၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးဖြစ်ပြီး ရေကြီးတဲ့အခါတိုင်း ရေနဲ့အတူပါလာတဲ့ ရွှံ့နဲ့နုန်းမြေတွေကြောင့် တာချီလိတ်စျေးထဲက စျေးဆိုင်တွေ အပါအဝင် လူနေအိမ်တွေထဲမှာပါ ဆုံးရှုံးမှုတွေ ရှိထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း တာချီလိတ်မြို့နယ်ထဲမှာ  မယ်ဆိုင်ချောင်းရေကြောင့် ကားလမ်းရေမြုပ်နေချိန် ဖြတ်မောင်းတဲ့ကားတစ်စီးဟာ ရေထဲမျောပါခဲ့တာကြောင့် ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

ဆားလင်းကြီး၊ ကျားတက်ရဲစခန်းကို ဝင်ရောက်စီးနင်း

ကျားတက်ရွာအပါအဝင် နီးစပ်ရာရွာခံတွေထွက်ပြေးနေရ

ဒီကနေ့ အောက်တိုဘာ ၂ရက်၊ မနက် ၆နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်စံပြ ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကနေသိရပါတယ်။

မနက် ၁၀နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာကနေ လေကြောင်းပစ်ကူနဲ့ ကျားတက်ရွာတဝိုက်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းကို ရခါနီးဆဲဆဲလို့ပြောရမှာပေါ့။ သူတို့ဘက်ကလက်နက်ကြီးအများကြီးသုံးတယ်၊ ပြီးတော့ လေကြောင်းပါထပ်လာတော့ သူတို့ပဲ ပြန်ရသွားတယ်ပြောရမှာပေါ့လေ။ တိုက်ပွဲမှာ ကာကွယ်ရေး အဖွဲ့ဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ သိထားရတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ ကာကွယ်ရေးအဖွဲ့တွေရော စစ်ကောင်စီ ဘက်ကပါ ဒီကနေ့ ညနေပိုင်းအချိန်အထိ တစုံတရာမထုတ်ပြန်သေးပါဘူး။ ကျားတက်ရွာအပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြ တယ်လို့ဆိုပါတယ်။

မြန်မာကလေးငယ် ၆ ထောင်ကျော် မီဇိုရမ်မှာ ကျောင်းတက်နေ

မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းမှာ ကျောင်းတက်နေတဲ့ မြန်မာကလေးငယ် ၆ ထောင်ကျော်အထိရှိနေတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

အဲဒီကလေးငယ်တွေဟာ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်က မီဇိုရမ်ခရိုင်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတာလို့လည်းဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာပေါင်း ၅၀၀ ကျော် နယ်စပ်ချင်းထိစပ်နေပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာနေထိုင်တဲ့ဒေသခံ သောင်းချီဟာ မီဇိုရမ်ပြည်နယ်ထဲမှာ ခုံလှုံနေကြရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက အစိုးရကျောင်းတွေမှာ မြန်မာကလေးငယ်တွေ ကျောင်းဝင်ခွင့် ပိတ်ပင်ထားတာမရှိပေမဲ့ မြန်မာကလေးငယ်တွေဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရတာကြောင့် ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်နဲ့ အခြားခံစားခွင့်တွေ အခမဲ့ မရနိုင်ကြသေးပါဘူး။

တစ်ချိန်တည်းမှာပဲ မီဇိုရမ်တက္ကသိုလ်ဟာ အမေရိကန်အခြေစိုက် ချင်းရေးရာအင်စတီကျု့နဲ့ တွဲဖက်ပြီး မြန်မာဘာသာနဲ့ သင်ကြားတဲ့ ဒီပလိုမာသင်တန်းတစ်ခုဖွင့်လှစ်ဖို့ စီစဥ်နေပါတယ်။

မိုးဗြဲမြို့ပေါ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုများ

စစ်ကောင်စီဘက်ကတပ်စွဲထားတာကြောင့်ဒေသခံတွေနေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ မိုးဗြဲ PDF က ဒီကနေ့ အောက်တိုဘာ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အယောက် ၈၀ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများခဲ့သလို ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ၉ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးမဟာမိတ်အဖွဲ့ပေါင်းစုံက ၆၄ယောက်ဒဏ်ရာရခဲ့ကြပြီး အဲ့ဒီထဲက ၁၀ဦးဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ဖော်ပြထားပါတယ်။

"စစ်ရေးက စောင့်ကြည့်ဆဲအခြေအနေပါ။ စစ်ကောင်စီတပ်တွေက မြို့ပေါ်အများစုရော တောင်ပေါ်တွေမှာနေရာယူထားတယ်။ ဒေသခံတွေကလိုအပ်တာလာယူတဲ့အခြေအနေပါပဲ၊ ပြန်ဖြစ်ရင် ပိတ်မိမှာစိုးလို့ ‌အိမ်တွေပြန်မနေကြသေးဘူး" လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

အရပ်သားသေဆုံးမှုအနေနဲ့လည်း အသက် ၁၀နှစ်အောက် ကလေးငယ် ၃ဦးအပါအဝင် ၆ဦးဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၁၃ဦးထိရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်အထိ စစ်ကောင်စီဘက်ကနေ မြို့တွင်းကို လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်ရှိခဲ့ပြီး အခုအောက်တိုဘာလအစမှာတော့ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောကထာရွာထဲ လက်နက်ကြီးကျမှု အရပ်သား ၂ ဦးသေဆုံး

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဘောကထာစခန်းကနေ အနီးနားက ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၆၀ ဝန်းကျင်အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီစခန်းဘက်ကနေ အဲဒီပစ်ခတ်မှုကို ၂၉ ရက်ညနေပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘောကထာ၊ ပဒဲကောနဲ့ မဘီကျေးရွာတွေက လူပေါင်း လေးထောင်ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ တပ်မဟာ ၅ ကနေ တပ်မဟာ ၃ ဘက်ကို ပြန်ဆင်းလာပြီး  ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်မှာ ထိုးစစ်ဆင်လှုပ်ရှားနေတာကြောင့် ကရင်မျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ဖွဲ့တွေနဲ့ စက်တင်ဘာလ ၂၉ ရက်အထိ တိုက်ပွဲတွေ  ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၉ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ ဘောကထာစခန်းကို ပြန်ရောက်သွားပြီး ညနေပိုင်းမှာ  ကျေးရွာထဲဘက်ကို လက်နက်ကြီးပစ်ခဲ့တာလို့လည်း ကေအဲန်ယူဘက်က ပြောထားပါတယ်။

တန့်ဆည်မြို့နယ်တွင်း နေအိမ်အလုံးရေ ၂၂၀၀နီးပါးမီးရှို့ခံရ

ရွာငါးရွာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရ

ပြီးခဲ့တဲ့နှစ် မေလကနေ အခုနှစ် စက်တင်ဘာ ၂၄ရက်အထိ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၆၅ရွာက နေအိမ်၊အဆောက်အအုံ အလုံးပေါင်း ၂၁၉၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသအခြေစိုက် taze news က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထဲ ရွာငါးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၂ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်းတစ်ခုလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုမီးရှို့ခံခဲ့ရတဲ့မီးလောင်ပြင်တွေမှာ ယာယီတဲပြန်ဆောက်ပေမဲ့လည်း အကြိမ်ကြိမ်မီးပြန်ရှို့ခံရတာ ကြောင့် နီးစပ်ရာတွေမှာသာ စုဝေးနေထိုင်ကြရတယ်လို့ တန့်ဆည်ဒေသခံတွေကပြောပါတယ်။

“ဒီမနက် ရှစ်နာရီလောက်ကလည်း ‌ညောင်လေးပင်ရွာကို မီးရှို့သွားပါသေးတယ်။ မီးရှို့ခံရပြီဆိုရင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စုနေကြရတယ်၊ မဟုတ်ရင် တောတွေ ထဲ နေရတယ်” လို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ တန့်ဆည်ဒေသခံတွေအတွက် နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ မရရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် စားနပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်သာမက လောင်စာဆီရှားပါးမှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။

ဆားလင်းကြီး၊ ကျားတက်ရွာလေကြောင်းတိုက်ခိုက်ခံရ

ဒီကနေ့ အောက်တိုဘာ ၂ရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာတဝိုက်ကို စစ်ကောင်စီကလေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ တွေက ပြောပါတယ်။

“မုံရွာဘက်က Mi 35 နဲ့ လာပစ်တာလို့သိထားတယ်၊ ဆားလင်းကြီးအနောက်မြောက်ဘက်ကဆိုတော့ ကျားတက်ဒေသခံတွေ ဘယ်လိုအခြေအနေရှိနေလည်း အသေးစိတ်မသိရသေးဘူး” လို့ ဆားလင်းကြီးဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒီမနက်ပိုင်းမှာ ကျားတက်ရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးအဖွဲ့တွေဘက်က ပစ်ခတ်မှုရှိရာကနေ အခုလိုလေကြောင်းနဲ့တိုက်ခိုက်တာလို့ ပြောကြပေမဲ့ အသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးပါဘူး။  

တိုက်ပွဲရှောင် ကရင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ထိုင်းက နေရပ်ကို ပြန်ပို့ 

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်ကျောင်းသူကျောင်းသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ဆီ ပြန်ပို့လိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒီလူငယ်တွေကို ရေကြီးနေတဲ့သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၃၀ ရက်မှာ မြန်မာဘက်ခြမ်းဆီကို ပြန်ပို့လိုက်တာလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။

အဲဒီလိုပြန်ပို့ချိန်အတွင်း လှေတစ်စီးက နောက်ထပ်လှေတစ်စီးကို တိုက်မိခဲ့တာကြောင့် ရေစီးသန်နဲ့ မြစ်ထဲ လှေနစ်မြုပ်မယ့်အခြေအနေကြုံခဲ့ရတယ်လို့ KHRG က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ပြောဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ မြန်မာပြည်တွင်းမှာ တိုက်ပွဲစဲသွားတဲ့အခါမှာ ထိုင်းဘက်ခိုလှုံလာတဲ့ မြန်မာရွှေ့ပြောင်းတွေကို မြန်မာဘက်ခြမ်းဆီ ပြန်ဖို့ ပြောလေ့ရှိပေမဲ့ လက်ရှိ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရချိန်မှာ အခုလို ပြန်ပို့ခံရမှု ဖြစ်လာတာလို့လည်း အဲဒီအဖွဲ့က ထောက်ပြပြောဆိုနေပါတယ်။

လက်ရှိမှာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ အရပ်သားတွေ၊ လူငယ်ကျောင်းသူကျောင်းသားတွေ၊ နာမကျန်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ မိုးသည်း ရေကြီးဒဏ်ကို အံတုပြီး တိုက်ပွဲရှောင်နေရဆဲဖြစ်ပါတယ်။

မတ္တရာ၊ ရေလယ်ကျွန်းရွာကစစ်ရှောင်တွေစားနပ်ရိက္ခာအခက်အခဲကြုံနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလယ်ကျွန်းရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၂၀၀နီးပါးအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံနေရပြီလို့ စစ်ရှောင်ကူညီသူတွေကနေသိရပါတယ်။

“ဆန်ပဲအဓိက ထောက်ပံ့ပေးနိုင်နေတာဗျ၊ ဒါပေမဲ့အဲ့လိုထောက်ပံ့တာတောင် ၁၅ရက်စာပဲ ကျန်တော့တယ်။ NUG လူကယ်ပြန်ဝန်ကြီးဌာနကိုလည်းတင်ပြထားပေမဲ့ ကူညီထောက်ပံ့မှုတွေမရသေးဘူး။ ရိက္ခာပြတ်မှာ စိုးရိမ်နေရတယ်” လို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဒီရေလယ်ကျွန်းရွာဟာ စစ်‌ကောင်စီတပ်တွေမကြာခဏစစ်ကြောင်းထိုးတဲ့အပြင် လက်နက်ကြီးကျရောက် လေ့ရှိတာကြောင့် ရွာလုံးကျွတ်နေရပ်စွန့်ခွာခဲ့ကြတာ တစ်လနီးပါးရှိပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာတစ်လအတွင်း ရေလယ်ကျွန်းရွာသား ၄ယောက်ကို ရွာထဲကနေ ဖမ်းဆီးသွားခဲ့သလို မန္တလေးမြို့ပေါ်စစ်ရှောင်ခဲ့တဲ့ ရွာခံ၁၂ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမှာရဲတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မနေ့ အောက်တိုဘာ ၁ ရက်ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော် အေအေ ကဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေက အတည်ပြုပြောဆိုကြပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ ဒုရဲအုပ် ဦးလှသိန်းနဲ့ တပ်သား ဇော်လင်းဦးတို့ဖြစ်ပြီး မနေ့ကညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အဝင် ဂူဝဘုရားအနီးက စားသောက်ဆိုင်တစ်ခုကနေ ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်တွေကို အေအေက ဖမ်းဆီးတာနဲ့ပတ်သက်လို့ ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

“ရဲနှစ်ယောက်ကိုဖမ်းသွားတာဟုတ်ပါတယ်။ တစ်ပွင့်နဲ့တစ်ယောက် တပ်သားတစ်ယောက်လို့သိရတယ်။ ဂူဝနားက အရက်ဆိုင်ထဲကနေ ဖမ်းသွားတာလို့ သိရတယ်။”လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။ ရ

ရဲဖွဲ့ဝင်တွေဖမ်းဆီးခံလိုက်ရမှုနဲ့ပတ်သက်လို့ မနေ့ကညနေပိုင်းမှာတော့ ဖမ်းဆီးခဲ့တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပေမဲ့ မြို့တွငတော့ လူတွေကိုစစ်ဆေးမှုတွေပြုလုပ်တာ ဖမ်းဆီးတာတွေမတွေ့ရသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့မှာ ပုဏ္ဏားကျွန်းဒေသခံတွေဖြစ်ကြပြီး ဒုရဲအုပ် ဦးလှသိန်းမှာ ကွမ်းတောင်ကျေးရွာဇာတိဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ တာဝန်ကျတာလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လ ၁၁ ရက် ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက စစ်သားတစ်ယောက်ကို အေအေအဖွဲ့က မြို့တွင်းကနေဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်းမှာတော့မြို့ခံ ၈ ဦးခန့် ကို စစ်တပ်ကဖမ်းဆီးလိုက်ပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံနေကြရတာဖြစ်ပါတယ်။

အေအေနဲ့ စစ်ကောင်စီကြား တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်နှစ်သောင်းနီးပါးထပ်တိုးလာ

လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် ကန့်သတ်ခံရမှုတွေရှိနေတယ်လို့ UNOCHA ပြော

ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ရခိုင့်တပ်တော် - အေအေနဲ့ စစ်ကောင်စီကြားက တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ စစ်ရှောင်လူဦးရေ ထပ်တိုးလာတယ်လို့ အောက်တိုဘာ ၁ရက် က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ထပ်တိုးနေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၇၄၀၀ကျော်ရှိလာပြီဖြစ်ပြီး နဂိုမူလစစ်ရှောင်စခန်းတွေ မှာ နေထိုင်နေရဆဲ စစ်ရှောင်ဦးရေနဲ့ပါပေါင်းလိုက်မယ်ဆိုရင် စစ်ရှောင်ဦးရေ ၉၁၀၀၀ ကျော်လာပြီလို့ ဆိုပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူပေါင်း ၁ဒသမ ၃ သန်းရှိပြီဖြစ်ပြီး အဲဒီထဲက လူဦးရေ ၁သန်းဟာ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်းမှ နေရပ်ရွှေ့ပြောင်းရသူတွေလို့ စစ်တမ်းကဖော်ပြပါတယ်။

ဒါ့အပြင် စစ်ရေးပဋိပက္ခတွေကြား သေဆုံးရသူဦးရေ ၂၄၀၀နီးပါးရှိလာပြီဖြစ်ပြီး အဲ့ဒီထဲ ကလေး ၁၈၈ဦး သေဆုံးထားပြီလို့လည်း သိရပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်ခံစားနေရသူတွေရဲ့ အစားအသောက်နဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့လုပ်ဆောင်နေပေမဲ့ အာဏာပိုင်တွေရဲ့ တင်းကျပ်ကန့်သတ်မှုတွေကြောင့်အခက်အခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ရေလမ်း၊ ကုန်လမ်းတွေကို ပိတ်ဆို့တင်းကျပ်ထားတဲ့ အစီအမံတွေကြောင့် စစ်ရှောင်တွေဆီကိုအကူအညီတွေရောက်ဖို့ခက်နေတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

လွိုင်ကော်မှာ MNA လေယာဥ်ပစ်ခတ်ခံရမှု စစ်ကောင်စီက သက်သေမဲ့စွပ်စွဲလို့ KNPP ပြော

မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် MNA လေယာဥ်တစ်စင်း စက်တင်ဘာ ၃၀ရက် မနက်က လွိုင်ကော်လေဆိပ်ကိုဆင်းသက်ချိန်ပစ်ခတ်ခံရတယ်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ စွပ်စွဲပြောဆိုမှုသာဖြစ်ပြီး သက်သေ မရှိဘဲ နာမည်ဖျက်တဲ့လုပ်ရပ်သာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကထုတ်ပြန်ရှင်းလင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ရပ်နဲ့ပတ်သက်လို့ KNPP နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လေယာဥ်ကိုယ်ထည်ထိမှန်ပြီး ခရီးသည်အမျိုးသားတစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ။

KNPP ဘက်ကတော့ သူတို့စုံစမ်းစစ်ဆေးမှုအရ အမြင့်ပေ ၃၅၀၀ ကလေယာဥ်ကိုမြေပြင်ကနေ လက်နက်ငယ်နဲ့ပစ်ခတ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း နဲ့ လွိုင်ကော်မြို့ဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်အထပ်ထပ်ချထားတာကြောင့် လေယောဥ်ပြေးလမ်းမြောက်ဘက် ‌၄မိုင်မှာ KNPP တပ်ဖွဲ့ တွေလှုပ်ရှားတယ်ဆိုတဲ့ပြောဆိုချက်ဟာလည်း မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထုတ်ပြန်တဲ့ ဓါတ်ပုံအရ လေယာဥ်ကိုယ်ထည်ကကျည်ပေါက်ရာ ဟာ အပြင်ကိုဖွာပြီး အဝကျယ်နေလို့ အပြင်က ပစ်ခတ်တာမဖြစ်နိုင်ကြောင်း ပစ်ခတ်ဒဏ်ရာရသွားသူဆိုတာလည်း စစ်ကောင်စီတပ်က တပ်ကြပ်ကြီးစာရေးတစ်ယောက်ဖြစ်နေတဲ့အတွက်စစ်ကောင်စီရဲ့ ပြောဆိုထုတ်ပြန်မှုတွေဟာ သက်သေမဲ့စွပ်စွဲမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

KNPP အနေနဲ့ အရပ်သားတွေကိုတိုက်ခိုက်ဖို့ လမ်းညွှန်ချက်ပေးမထားသလို အကြမ်းဖက်လုပ်ရပ်အတွက် မူဝါဒလည်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ စွပ်စွဲထားပြီး ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူနဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းရှုတ်ချပေးဖို့ဆိုပြီးအောက်တိုဘာ ၁ရက်ထုတ်စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြနေတာပါ။

မိုးညှင်း၊ နန်းမားမြို့ထဲမှာ PDF ခေါင်းဆောင်ဆိုပြီး ဒေသခံတစ်ဦးရဲ့နေအိမ်ဖြိုဖျက်ခံရ

အိမ်အဖျက်ခံရသူရဲ့ သားကိုလည်းဖမ်းဆီးခဲ့တယ်လို့ပြော

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့က ဒေသခံဦးသန်းစိုးရဲ့နေအိမ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ရက်က စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီးဘက်ဟိုးနဲ့နေအိမ်ရော ခေါက်ဆွဲဆိုင်ကိုပါ နေ့ချင်းဖြိုဖျက်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီလိုဖြိုဖျက်ခံရတာကြောင့် နေအိမ်ကစွန့်ခွာထွက်ပြေးကြရတဲ့ကျန်ရစ်တဲ့မိသားစုတွေထဲက သားဖြစ်သူကိုလည်း မနေ့အောက်တိုဘာ ၁ရက်မှာမိုးညှင်းမြို့ပေါ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ရောက်လာပြီးမှ ၁၀မိနစ်ပဲအချိန်ပေးပြီး အိမ်ရှိလူတွေအကုန်ကို နေရာ ရွှေ့ခိုင်းတာ၊ အဲဒီအိမ်ရော အိမ်ရှေ့ခေါက်ဆွဲဆိုင်ကအစ အသက် ၈၀ကျော် ဦးသန်းစိုးယောက္ခမ ပိုင်တာပါ မဆိုင်ဘူးလို့ပြောလည်းမရဘူး။ အကုန်ဆင်းခိုင်းတော့တာ။ မိသားစုတွေကတကွဲတပြား ပြေးကြတာ ကနေ သားကိုမိုးညှင်းမှာဖမ်းတော့တာပဲ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဦးသန်းစိုးဟာ PDF နဲ့ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း သိရပါတယ်။

အဲဲဒီလိုနေအိမ်ဖြိုဖျက်ခဲ့တဲ့ စက်တင်ဘာ ၂၈ရက် တရက်တည်းမှာတင် နန်းမားမြို့တွင်းက စျေးဆိုင်နဲ့ နေအိမ် ၃လုံးကိုပါ PDF ထောက်ပံ့တယ်လို့ဆိုကာ ချိပ်ပိတ်သွားသလို နောက်ထပ်နေအိမ်အချို့ကိုလည်း လာရောက်ချိပ်ပိတ်ဖို့ရှိသေးတာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ ဆိုပြီး စစ်ကောင်စီတပ်တွေက ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။