ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁၉ ရက် ထိပ်တန်းသတင်းများ - စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ KNU ပြော
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တနိုင်ငံလုံးကို စစ်နွံထဲ ကျရောက်အောင် လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ဆန့်ကျင်ကန့်ကွက်တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၉ မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၃ ရက်တွေမှာ အာဏာတည်တဲ့နေ့အဖြစ် စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက်ပါဝင်သင့်တဲ့ ပြည်သူစစ်မှုထမ်းဥပဒေလို ဥပဒေတွေကို အသက်ဝင်ကြောင်း အတည်ပြုသတ်မှတ် ထုတ်ပြန်ဖို့ စစ်ကောင်စီဟာ တရားဝင်မှုမရှိဘူးလို့လည်း KNU က ဆိုပါတယ်။
စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်ကို ပြည်ပရန် ကျူးကျော်တာတွေကနေ ကာကွယ်ဖို့၊ သဘာဝဘေးအန္တရာယ်နဲ့ အကြီးစားမတော်တဆ ဖြစ်ပွားတာတွေမှာ လူသားချင်း စာနာထောက်ထားဖို့ အကူညီပေးဖို့၊ နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းတာတွေမှာ ပံ့ပိုးကူညီဖို့ ဖြည့်ဆည်းရမှာဖြစ်တယ်လို့ KNU က ထောက်ပြပြောဆိုပါတယ်။
မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ဆန်းသစ်တဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေကို အသုံးချပြီး စစ်ကောင်စီ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်ဖို့ KNU က တိုက်တွန်းသလို KNU ဘက်ကလည်း တတ်စွမ်းသမျှ ကူညီပေးသွားမယ်လို့ ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီက အသက်ဝင်ပြီလို့ပြောတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လိုက်နာဖို့ မလိုဘူးဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ ပြည်နယ်နဲ့တိုင်းအဆင့်အဖွဲ့တွေကို မြန်မြန်ဆန်ဆန်ဖွဲ့စည်းလာပြီး အဲဒီဥပဒေ အကောင်အထည်ဖော်တာကို မြန်မာနှစ်သစ်ကူးကာလ ဧပြီလအတွင်း စတင်ဖို့လုပ်မယ်လို့ ဘီဘီစီကိုပြောထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ အခုလိုကြေညာချက်တွေထွက်လာအပြီးမှာ ပြည်ပကို ထွက်ခွာဖို့ စဥ်းစားချက်တွေရှိလာပြီး နိုင်ငံအတွင်း သံရုံးတွေနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ ပြည်ပပြည်ဝင်ခွင့်ဗီဇာရဖို့နဲ့ နိုင်ငံကူးလက်မှတ်ရဖို့ လူတန်းရှည် တန်းစီတိုးဝှေ့တာတွေ ရှိနေပါတယ်။
ဒီအခြေအနေတွေဖြစ်နေချိန်မှာပဲ မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ တိုကင်ဖို့တန်းစီရင်း ညအချိန်မတော် လူအုပ်ပိမှုဖြစ်လို့ အမျိုးသမီး ၂ ဦး အသက်ရှုကျပ်ပြီးသေဆုံးခဲ့ပါတယ်။
ကျောက်ဖြူလေဆိပ်မှာ လူငယ်ခရီးသည် ၂၀ ဝန်းကျင်လောက် ထိန်းသိမ်းခေါ်ဆောင်ခံရ
ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဆိုက်ရောက်တဲ့ လေယာဉ်ခရီးသည်တွေထဲက အသက် ၁၈ နှစ်ကနေ ၃၅ နှစ် ဝန်းကျင် လူငယ်တွေကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်သွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် မနေ့ ညနေပိုင်းမှာ ကျောက်ဖြူလေဆိပ်ကို ဆိုက်ရောက်လာတဲ့လေယာဉ်ပေါ်က ခရီးသည်တွေက လေဆိပ်နားနေဆောင်ကို အရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်ပိုင်း ခရီးသည် အမျိုးသား/ အမျိုးသမီး ၁၈ ယောက်လောက်ကို ခေါ်သွားတာလို့ဆိုပါတယ်။
အဲ့ဒီလူငယ်တွေကို ကျောက်ဖြူမြို့ နယ်ခန်းမ ရမ္မာဝတီဆောာင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် နေလယ်အထိ မလွတ်ကြသေးဘူးလို့ မိသားစုဝင်တွဆီကနေ သိရပါတယ်။
ပြန်လာကြသူအများစုဟာ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ရှားပါးတာကြောင့် ရန်ကုန်မြို့ကို အလုပ်သွားလုပ်ရင်း လူမျိုးရေးလှုံ့ဆော်မှုတွေကြောင့် အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး ပြန်လာကြသူတွေလည်း ပါဝင်တယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။
“ ကျွန်တော့်သားက လှိုင်သာယာဘက်က စက်ရုံတစ်ရုံမှာ လုပ်တယ်။ အဆောင်မှာနေတာပေါ့ဗျာ။ အဲ့ဒါ ရခိုင်မုန်းတီးရေးစာတွေ အဆောင်တွေနားလာကပ်တယ်၊ ပေါ်တာတွေလည်းဆွဲတယ်ဆိုတော့ တစ်လ တစ်သိန်းရတဲ့အလုပ်ကို ထားခဲ့၊ ဒီမှာလည်း အထိတ်တလန့်ဆိုပေမဲ့ မိဘနဲ့အတူတူနေကြမယ်ဆိုပြီး လေယာဉ်ခ နှစ်သိန်းလေးသောင်းပေးပြီး ပြန်လာခိုင်းလိုက်တာ၊ ကျွန်တော်ကလည်း ကျောက်ဖြူမြို့နဲ့ တော်တော်ဝေးတဲ့နေရာမှာဆိုတော့ သားကို သွားမကြိုနိုင်ဘူး။ ကိုယ့်သားကို ငယ်ငယ်ကတည်းက တုတ်နဲ့တောင် ရိုက်ဖူးတာမဟုတ်ဘူး။ အခု စစ်ကောင်စီလက်ခုပ်ထဲက ရေဆိုတော့ ရိုက်နေမလား၊ ထိုးကြိတ်နေမလား မိဘတစ်ယောက်အနေနဲ့ စိတ်ပူနေရတာ ပြောစရာစကားတောင် မရှိပါဘူးဗျာ”လို့ ထိန်းသိမ်းခံထားရတဲ့ လူငယ်တစ်ယောက်ရဲ့ ဖခင်က ပြောပါတယ်။
စစ်ကောင်စီကတော့ လူငယ်တွေကိုထိန်းသိမ်းခေါ်ဆောင်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
လက်ရှိမှာ ကျောက်ဖြူမြို့နဲ့ မြို့နယ်ထဲက ကျေးရွာတွေကိုလည်း သွားလာခွင့်တွေ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။ကျောက်ဖြူမြို့ကနေ ကျေးရွာတွေကိုသွားမယ်ဆိုရင် ခရိုင်ရုံးရဲ့ ခွင့်ပြုချက်ယူရသလို ကျေးရွာတွေကနေ ကျောက်ဖြူမြို့ကို သွားမယ်ဆိုရင်လည်း ဘာ့ကြောင့်သွားရတယ်၊ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချက်လက်တွေနဲ့ ထောက်ခံစာတွေကို ယူရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်က စပြီး ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရန်ကုန်ကို လေကြောင်းနဲ့ သွားရောက်မယ့် ခရီးသည်တွေ အနေနဲ့ လေယာဥ် စီးနင်းခွင့်လက်မှတ်တွေကို ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးကို တင်ပြတောင်းခံရမှာ ဖြစ်ပြီး ကျန်းမာရေး မကောင်းသူ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုသာ ရန်ကုန်ကို လေကြောင်းနဲ့ ထွက်ခွာခွင့်ပြုမယ်လို့ စစ်ကောင်စီက အမိန့် ထုတ်ပြန်ထားပါတယ်။
လောက်ကိုင်ကိုဝင်တဲ့အလုပ်သမားတွေကို နိုင်ငံရေးနောက်ခံ အဓိကထားစစ်မယ်
ဒေသပြန်လည်ထူထောင်ဖို့ နည်းပညာရှင်နဲ့ အလုပ်သမား အများအပြားလိုအပ်နေတဲ့ ရှမ်းပြည်နယ်အထူးဒေသ(၁)အတွက် အလုပ်သမားခေါ်ယူရာမှာ နိုင်ငံရေးနောက်ခံကို အသေးစိတ်စစ်ဆေးဖို့ ဒေသရဲ့ စစ်ရေးအုပ်ချုပ်မှုကော်မတီက ပြောလာပါတယ်။
အလုပ်သမားတွေထဲ သတင်းပေး သူလျှိုပါလာရင် ခေါ်ယူတဲ့ကုမ္ပဏီနဲ့ လုပ်ငန်းရှင်ကိုအရေးယူမယ်လို့ ကော်မတီက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလိုစိစစ်တာဟာ ထောက်လှမ်းရေးနဲ့ဖောက်ခွဲရေးတွေ မဖြစ်လာဖို့ ကြိုတင်ကာကွယ်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးဒေသရဲ့စီးပွားရေးအချက်ချာ လောက်ကိုင်မြို့ထဲဝင်ဖို့ကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဘေးရှောင်သွားသူတချို့နဲ့ ဗမာလူမျိုးဆို ပြန်လည်ဝင်ခွင့်မရသေးတာလည်းရှိတယ်လို့ ဒေသခံတချို့က လူမှုကွန်ရက်မှာ ပြောဆိုထားကြတာတွေလည်း ရှိပါတယ်။
ကိုးကန့်တပ်(MNDAA) ရဲ့ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ ဒီကိစ္စတွေအတွက် အတည်ပြုဖို့ ဘီဘီစီက ဆက်သွယ်ထားပေမယ့်အကြောင်း ပြန်တာမရှိသေးပါဘူး။
ရှမ်းမြောက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်ကို ထိန်းချုပ်ခွင့်ရခဲ့တဲ့ MNDAA ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ခတ်ရပ်စဲထားပြီး ဒေသပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်နေပါတယ်။
စစ်တပ်နဲ့ဆက်နွှယ်တဲ့ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့အားပေးနေတယ်ဆိုပြီး ကုမ္ပဏီကြီး ၃ ခု တိုင်ကြားခံရ
တာဝန်သိ ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ နိုင်ငံတကာလုပ်ငန်းတွေဖြစ်ပေမဲ့လည်း မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီဒါဇင်ပေါင်းများစွာကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကူညီပေးတဲ့ MSCI, FTSE Russell နဲ့ S&P Dow Jones Indices ကုမ္ပဏီတွေဟာ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားတာဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံသူတွေ ကိုးကားနိုင်ဖို့ ကုမ္ပဏီတွေရဲ့ စျေးကွက်ဆိုင်ရာအချက်အလက်တွေ၊ ညွှန်းကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအချက်အလက်တွေကို သုတေသနအချက်အလက်ပြုစုတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီ သုံးခုဟာ စီးပွားရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(OECD)က ချမှတ်ထားတဲ့ တာဝန်သိစီးပွားရေးလုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက်တွေကို ချိုးဖောက်နေတာဖြစ်တာကြောင့် အဲ့ဒီကုမ္ပဏီတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဒတ်ခ်ျနိုင်ငံတွေရဲ့ အစိုးရတွေရဲ့ OECD ရုံးတွေကို တိုင်ကြားတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တာပါ။
လူ့အခွင့်အရေးအဖွဲ့အစည်းတွေဖြစ်တဲ့ Blood Money (သွေးစွန်းငွေဖြတ်တောက်မှု လှုပ်ရှားရေးအဖွဲ့)၊ Inclusive Development International ၊ Alternative ASEAN Network on Burma တို့က တိုင်ကြားတာဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို တိုက်ရိုက်ပတ်သက်ပြီး ငွေကြေးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအတွက် ရင်းနှီးမြှုပ်နှံမှုပေးဖို့ ကူညီနေတာဟာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်သိ စိစစ်မှုတွေလုပ်ဖို့ ပျက်ကွက်တာဖြစ်တဲ့အကြောင်း တိုင်ကြားကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဆိုးရွားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်တွေနဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးအတွက်ဩဇာအာဏာကို အသုံးပြုဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေက MSCI, FTSE Russell နဲ့ S&P Dow Jones Indices ကုမ္ပဏီတို့ကို ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အန္တရာယ်တွေနဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ ဩဇာအာဏာသုံးဖို့ သတိပေးခဲ့ပေမဲ့ တုန့်ပြန်မှုမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
MSCI, FTSE Russell နဲ့ S&P Dow Jones Indices ကုမ္ပဏီတွေက (စီမံခန့်ခွဲနေတဲ့ ပတ်ဝန်းကျင်၊ လူမှုဘဝနဲ့ စီမံအုပ်ချုပ်မှု ESG ရင်းနှီးမြှုပ်နှံမှုညွန်းကိန်း ESG ) တံဆိပ်တပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဟာ အနည်းဆုံး ဒေါ်လား ၁၃ ဘီလီယံလောက်ရှိတယ်လို့လည်း ဆိုပါတယ်။
မန္တလေး ပတ်စ်ပို့ရုံးမှာ တန်းစီနေသူတွေကြား လူအုပ်ပိမှုဖြစ်ပြီး ၂ ဦးသေဆုံး
မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ပတ်စ်ပို့ရုံး)မှာ ဒီနေ့မနက် အစောပိုင်းတုန်းက တိုကင်ရဖို့ တန်းစီနေကြသူတွေထဲ လူအုပ်ပိမှုဖြစ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းမှာရှိတဲ့ ပတ်စ်ပို့ရုံးမှာ တိုကင်(အမှတ်စဥ်)ရဖို့ စောင့်နေတဲ့ လူအုပ်ထဲမှာ ဒီနေ့ မနက် ၂ နာရီဝန်းကျင်မှာ လူအုပ်ပိမှုဖြစ်ခဲ့တာလို့လည်း သိရပါတယ်။
လူအုပ်ပိမှုမှာ အသက်ရှုကျပ်သူ ၃ ဦးကို ကူညီရေးအဖွဲ့တွေက မန္တလေး ဆေးရုံကြီးကို ပို့ခဲ့ပေမဲ့ အမျိုးသမီး ၁ ဦးလမ်းမှာ သေဆုံးခဲ့ပြီး၊ ဆေးရုံအရောက်မှာ ၁ ဦးသေဆုံးခဲ့ကာ နောက် ၁ ဦးကတော့ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
‘‘အသက်ရှုကြပ်တာ ၆ ဦးလောက်ရှိခဲ့တယ်။ အဲဒီထဲက ဆေးရုံတင်ဖို့ လုပ်တဲ့ ၃ ဦးထဲက ၂ ဦးသေဆုံးခဲ့တာ။ အများစုက ညလုံးပေါက် လာရောက်တန်းစီနေကြသူတွေ’’ လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
လူအုပ်ပိမှုဘာကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတဲ့အကြောင်းရင်းတော့ မသိရသေးပါဘူး။
ပြည်တွင်းမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ကြေညာခဲ့ပြီးတဲ့နောက်မှာ ပြည်ပကို ထွက်ခွာလိုသူတွေ များလာပြီး ပြည်ပနိုင်ငံသံရုံးမှာ ဗီဇာရဖို့ ညလုံးပေါက် တန်းစီသူတွေ၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲတွေ တန်းစီသူတွေများပြားလာတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုတန်းစီနေကြသူတွေထဲ လူအုပ်ပိမှုဖြစ်ပြီး လူသေဆုံးမှုဖြစ်တဲ့ဖြစ်စဥ်ဟာ အခုသီတင်းပတ်တွေ အတွင်း ပထမဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲမှာ တိုကင်ရဖို့ တန်းစီသူတွေဟာ တစ်မိုင်နီးပါးအထိရှိနေတယ်လို့ အဲဒီတုန်းက တန်းစီခဲ့ကြသူတွေက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေနဲ့ ရေးသား ခဲ့ကြတာကြောင့် စစ်ကောင်စီလက်ထက် ပြည်ပထွက်ဖို့ကြိုးပမ်းသူ များလာတဲ့အကြောင်း လူမှုကွန်ရက်မှာ ပြောကြဆိုကြဖြစ်ခဲ့ကြပါတယ်။
တရုတ်ကအိမ်နီးချင်းကောင်းလို့စစ်ခေါင်းဆောင်ပြော
တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အိမ်နီးချင်းကောင်းဖြစ်ခဲ့ပြီးမြန်မာ့ ပြည်တွင်းရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာမှာ တရုတ်ရဲ့ ရပ်တည်ပေးမှုကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မနေ့ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာထည့်ပြောခဲ့ပါတယ်။
ဒါအပြင် တရုတ်အမြစ်ဖြတ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းတွေ နှိမ်နင်းရေးလုပ်ငန်းစဥ်တွေမှာ တက်ကြွစွာပူးပေါင်းနေတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
တရုတ်ရဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်းဂိုဏ်းတွေအရေးအမြစ်ဖြတ်ဖို့အထိ ဖြေရှင်းနေမှုကို စစ်ကောင်စီကလိုက်ပါဆောင်ရွက်နေတဲ့အကြောင်း စစ်ခေါင်းဆောင်က တရုတ်အစိုးရကို သတင်းစကားပါးထည့်ပြောတာလို့ တရုတ်- မြန်မာအရေး အကဲခတ်တစ်ဦးကမှတ်ချက်ပြုပါတယ်။
၂၀၂၃ အောက်တိုဘာက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကြောင့် စစ်တပ်စခန်းရာချီနဲ့ မြို့ဆယ်ချီ ဆုံးရှုံးလက်လွှတ်ခဲ့ရမှု နောက်မှာ ရှမ်းမြောက်မှာတရုတ်ဖိအားနဲ့ယာယီအပစ်ရပ်ရေး တရုတ်အစိုးရက ၃ ကြိမ် ကြားဝင်ဖြေရှင်းပေးထားတာဖြစ်ပါတယ်။
ရန်ကုန်မှာလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်တက်ရောက်ပြီး အပြန်အလှန်မိန့်ခွန်းပြောတာ၊ ဖျော်ဖြေပွဲတွေလုပ်တာကို စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုမှာတွေ့ရပါတယ်။
ဒါအပြင် စစ်ကောင်စီဥက္ကဋ္ဌ က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစောဆုံးထောက်ခံခဲ့တာမြန်မာဖြစ်သလို အခုထိဆက်ပြီးထောက်ခံတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ တရုတ်က ဆက်ပြီး ကူညီဆောင်ရွက်ပေးဖို့ကိုလည်းထည့်ပြောခဲ့တာတွေ့ရပါတယ်။
အခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရ နဂါးနှစ်ဖြစ်ပြီး တရုတ်လူမျိုးတို့အတွက် ၁၂ နှစ်မှာ တစ်ကြိမ်သာ ကျရောက်လို့ ထူးခြားကောင်းမွန်တဲ့နှစ်လို့ သတ်မှတ်ယူဆကြ သလို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို နဂါးနှစ်မှာချမှတ်ကြတယ်လို့ တရုတ်နွယ်ဖွားမြန်မာနိုင်ငံမှာနေထိုင်သူတွေက အစောပိုင်းမှာပြောထားပါတယ်။