ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ပစ်ခတ်မှု အစ္စရေးအမျိုးသမီးနှစ်ဦးသေဆုံး-ဧပြီလ ၇ ရက် ညနေခင်းသတင်းများ

အစ္စရေး၊ ဟားမာ့စ်၊ ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို အစ္စရေးရဲတွေက အပူတပြင်းလိုက်လံရှာနေ
ရေးသားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းနဲ့ ဂါဇာဒေသတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အစ္စရေး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း နောက်အစ္စရေးအမျိုးသမီးတစ်ဦးလည်း အကြီးအကျယ် ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီကားကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို အစ္စရေးတပ်ဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးတို့က ပြောနေတဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုဟာ ၁၇ နှစ်တာကာလအတွင်း လက်ဘနွန်ကနေ ပစ်ခတ်ခဲ့သမျှထဲမှာ အကြီးဆုံးလို့ ဆိုရမယ့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်လက်စားချေတဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ အဲဒီဒုံးကျည်တိုက်ခိုက်မှုဟာ ဟားမာ့စ်နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးတို့က စွပ်စွဲ ပြစ်တင်နေပါတယ်။

အင်အားကြီးမားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း အကဲခတ်တွေကတော့ လက်ဘနွန်တောင်ပိုင်းကနေ တိုက်ခိုက်မှုမှန်သမျှဟာ သူတို့အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ မလုပ်နိုင်ဘူးလို့ ပြောနေပါတယ်။

ကိုဗစ်မူလအစအကြောင်း လေ့လာချက် ၃ နှစ်အကြာမှာ ထွက်ရှိလာ

တရုတ်၊ ကိုဗစ်၊ ဝူဟန်၊ ဟွာနန်စျေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ရောဂါ ပထမဆုံး ဖြစ်ပွားမှုနဲ့ ဟွာနန်စျေး ဆက်နွှယ်နေ

တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတဲ့ သားစိမ်းငါးစိမ်းစျေးကနေ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က ယူခဲ့တဲ့ နမူနာလေ့လာချက်ကို သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ဟွာနန် သားစိမ်းငါးစိမ်းစျေးဟာ ကိုရိုနာဗိုင်းရပ်စ် မူလအစပြုရာကို ရှာဖွေရာမှာ အဓိက အချက်အချာ နေရာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ သိပ္ပံပညာရှင်တွေရဲ့ အတည်ပြုချက် ရထားတဲ့ အဲဒီ လေ့လာမှုအရ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ စမ်းသပ်တွေ့ခဲ့တဲ့ တို့ဖတ်နမူနာတွေထဲမှာ အဲဒီစျေးမှာ ရောင်းချတဲ့ သားရိုင်းတိရစ္ဆာန်တွေရဲ့ မျိုးဗီဇပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ထက် ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတဲ့ လူတစ်ယောက်ယောက်ကလည်း အဲဒီစျေးထဲ ရောဂါပိုးသယ်လာနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောပါတယ်။

ကိုဗစ် ရောဂါပိုးဟာ ဝူဟန် ဓာတ်ခွဲခန်းတစ်ခုကနေ အစပြုခဲ့တာ ဆိုတဲ့ ပြောဆိုချက်တွေကို တရုတ်အစိုးရကတော့ ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အမေရိကန် FBI ထောက်လှမ်းရေးအဖွဲ့ကတော့ အဲဒီလို ဖြစ်နိုင်ခြေအများဆုံး ရှိတယ်လို့ အခုအခါ ယူဆနေပါတယ်။

စိတ်ဝေဒနာသည် ဇနီးသည်ကို သော့ခတ် ပိတ်လှောင်ထားသူ တရုတ်အမျိုးသား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

တရုတ်၊ စိတ်ဝေဒနာသည်၊ လူမှောင်ခို၊

ဓာတ်ပုံ ရင်းမြစ်, DOUYIN

တရုတ်နိုင်ငံမှာ စိတ်ဝေဒနာရှင် ဇနီးသည် ကို တဲအိမ်တစ်ခုထဲ သော့ခတ် လှောင်ပိတ်ထားတဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။

ညစ်ပတ်ပေရေနေတဲ့ အဲဒီအမျိုးသမီးရဲ့ ပုံတွေ မနှစ်တုန်းက ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့ရာမှာ လူတွေထိတ်လန့် တုန်လှုပ်သွားခဲ့ကြပြီး တရုတ် ဆိုရှယ်မီဒီယာပေါ်မှာ အုတ်အော်သောင်းတင်း ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးကို သံကြိုးနဲ့ ချည်၊ လည်ပင်းကို သော့ခလောက်နဲ့ခတ်ထားပြီး အေးခဲလှတဲ့ ဆောင်းရာသီဒဏ်ကို အလူးအလဲ ခံနေရတာ တွေ့ရပါတယ်။

စိတ်ကစဥ့်ကလျား ဝေဒနာ ခံစားနေရတယ်လို့ ယူဆရတဲ့ အဲဒီအမျိုးသမီးဟာ အကြိမ်ပေါင်းများစွာ ရောင်းချခံခဲ့ရပြီး နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်က အမျိုးသားတစ်ဦးနဲ့ အတင်း ထိမ်းမြားခံခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလူနဲ့ ကလေး ၈ ယောက် ရခဲ့ပါတယ်။

သူ့ခင်ပွန်းကို ဒါ့ထက်ပိုပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချသင့်တယ်လို့ အတော်များများက ဆိုရှယ်မီဒီယာပေါ်ကနေ တောင်းဆိုခဲ့ကြပါတယ်။

အီရန်ဆန္ဒပြမှုအတွင်း ကလေးငယ် သေဆုံးခဲ့မှုနဲ့ ဆန္ဒပြသူတစ်ဦး သေဒဏ်ချမှတ်ခံရ

အီရန်၊ ဆန္ဒပြမှု၊ ကလေးငယ်

ဓာတ်ပုံ ရင်းမြစ်, TWITTER

ဓာတ်ပုံ ပုံစာ, ကီယန် ပီယာဖာလက်ခ်ရဲ့ မိသားစုကတော့ သူတို့ရဲ့ ကလေးကို လုံခြုံရေးအရာရှိတွေ ပစ်သတ်ခဲ့တာလို့ ဆို

အီရန်နိုင်ငံမှာ နိုဝင်ဘာလတုန်းက အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ အမျိုးသားတစ်ဦးကို တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

ဒါပေမဲ့ အဲဒီ ၉ နှစ်အရွယ် ကီယန် ပီယာဖာလက်ခ်ရဲ့ မိသားစုကတော့ ပြစ်မှုထင်ရှားခဲ့သူ အဘာ့စ် ကိုရ်ကူရီရဲ့ အပြစ် မဟုတ်ဘူးလို့ ပြောနေပါတယ်။

သူတို့ရဲ့ ကလေးဟာ အစိုးရ လုံခြုံရေးအရာရှိတွေ ပစ်သတ်တာ ခံခဲ့ရတာလို့ ဆိုပါတယ်။

အဘာ့စ် ကိုရ်ကူရီ ကို နှိပ်စက်ညှင်းပန်းပြီး အတင်း ဝန်ခံ ထွက်ဆိုခိုင်းခဲ့တာလို့ သူ့မိခင်ကလည်း ပြောနေပါတယ်။

ကီယန် ပီယာဖာလက်ခ် သေဆုံးခဲ့ရမှုဟာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။