ဆီးရီးယားကို ဆော်ဒီ ထောက်ပံ့ - ဖေဖော်ဝါရီလ ၁၄ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ဆီးရီးယား ငလျင်ဒဏ်ခံရတဲ့ ဒေသကို ဆော်ဒီအာရေဗျ လှူဒါန်း

ဆီးရီးယား အနောက်မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အကူအညီတွေ ပေးဖို့ ခွင့်ပြုခဲ့တဲ့ သမ္မတ အာဆတ်ရဲ့ အမိန့်ကို ကုလသမဂ္ဂ အကြီးအကဲက ကြိုဆို လိုက်ပါတယ်။

လောလောဆယ်မှာတော့ ဆီးရီးယားထဲက ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေ မှာ အကူအညီတွေပို့ပေးနေမှုကို အစိုးရ ထိန်းချုပ်ထားတဲ့ လမ်းကြောင်းကနေသာ ပေးပို့ခွင့်ရနေတာဖြစ်ပါတယ်။

သမ္မတ အာဆတ် အစိုးရက အကူအညီပေးပို့ခွင့်ပြုပေးလိုက်ပြီးနောက်မှာ ဆော်ဒီအာရေဗျက ထောက်ပံ့ရေး လေယာဉ်ဟာ အလက်ပို မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။

ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ဆော်ဒီအာရေဗျ နိုင်ငံက ပထမဆုံး အကြိမ် ဆီးရီးယားကို ထောက်ပံ့ ကူညီမှုတွေ ပေးပို့လိုက်တာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံဟာ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားတဲ့ အချိန်မှာ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ ကူညီမှုတွေ ပေးခဲ့ပြီး၊ သမ္မတ အာဆတ် အစိုးရနဲ့ သံတမန် ဆက်သွယ်ရေး ဖြတ်တောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂီနီက ဗိုင်းရပ်စ် သံသယ WHO အရေးပေါ် အစည်းအဝေးခေါ်

အီကွေတာ ဒေသက ဂီနီနိုင်ငံမှာ မားဘတ် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က အရေးပေါ် အစည်းအဝေး တစ်ရပ် ကို ခေါ်ယူထားပါတယ်။

ဂီနီနိုင်ငံက နီထန်း ဒေသမှာ သွေးလွန်တုပ်ကွေးကြောင့် လူ ၉ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် လူ ၁၆ယောက်ဟာ လည်း အဖျားတက်တဲ့ ဝေဒနာတွေနဲ့ သံသယ လူနာတွေ အဖြစ် စောင့်ကြည့်နေကြပါတယ်။

အဲဒီဒေသမှာ အရင်တုန်းက မားဘတ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးတဲ့ မှတ်တမ်းမရှိခဲ့ဖူးပါဘူး။

ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တွေထဲက ၄ ယောက်ဟာ အသုဘ အခမ်းအနားတစ်ခုနဲ့ ဆက်စပ်မှု ရှိနေပြီး အားလုံးဟာ မိသားစုဝင်တွေ ဖြစ်နေကြပါတယ်။

သစ်သီးတွေကို စားသောက်တဲ့ လင်းနို့ ထံကနေ ဗိုင်းရပ်စ် ကူးစက်ခံရတာလို့ သံသယ ရှိနေပြီး အီဘိုလာ ဗိုင်းရပ်စ် လိုပဲ လူ့အရေပြားကနေ တ့်စ် ကူးစက်မှု ဖြစ်ပေါ် ခဲ့တာလို့ ယူဆနေကြပါတယ်။

တရုတ် စပိုင် မိုးပျံပူဖောင်း အမေရိကန်လေ့လာမှုလုပ်နေ

ဒီလ အစောပိုင်းတုန်းက တရုတ် စပိုင် မိုးပျံပူဖောင်းလို့ ယူဆရတဲ့ အရာဝတ္တု တစ်ခု ကို အမေရိကန် လေတပ်က ပစ်ချခဲ့ပြီးနောက်မှာ အဲဒီအထဲက အရေးပါတဲ့ အာရုံခံကိရိယာ တွေနဲ့ တခြား အီလက်ထရောနစ် ပစ္စည်းတွေ ရရှိထားတယ်လို့ သိရပါတယ်။

ဒီပစ္စည်းတွေကို သေသေချာချာ လေ့လာ ဆန်းစစ်သွားမှာဖြစ်ပြီး ဘာရည်ရွယ်ချက်နဲ့ အမေရိကန် လေပိုင်နက်ထဲကို လာရောက်ခဲ့တာလဲ ဆိုတာကိုလည်း အဖြေရှာသွားမယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမိုးပျံ ပူဖောင်းဟာ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး အစီအစဉ် တစ်ရပ် ဖြစ်တယ်ဆိုပြီး အမေရိကန် ဘက်ကတော့ စွပ်စွဲ ထားပေမဲ့ တရုတ်ကတော့ ဒါဟာ မိုးလေဝသ လေ့လာရေး ပူဖောင်းလို့သာ ဖြစ်တယ် ဆိုပြီး ပြောဆိုတားပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ လေပိုင်နက်ထဲကို မိုးပျံ ပူဖောင်းတွေ ဘာကြောင့် စေလွှတ်ခဲ့တာလဲ ဆိုတာကိုလည်း ရှင်းပြဖို့ လိုမယ် ဆိုပြီး တရုတ်ဘက်က ပြန်လည် တုံ့ ထားပါတယ်။

နေတိုး အစည်းအဝေး ယူကရိန်းထောက်ပံ့ရေး ဆွေးနွေး

မကြာခင်မှာ ကျင်းပဖို့ ရှိတဲ့ မြောက် အတ္တလန်တိတ် နေတိုး စစ်မဟာမိတ် နိုင်ငံများ အဖွဲ့ရဲ့ အစည်းအဝေးမှာ ယူကရိန်းနိုင်ငံကို လက်နက်ပစ္စည်းများ ထောက်ပံ့ရေး ကိစ္စကို အဓိက ထားပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ရုရှား အနေနဲ့ ယူကရိန်းထဲမှာ ထိုးစစ်ဆင်မှုတွေ လုပ်နေပြီး အထူးသဖြင့် ဘက်မြု ဒေသကို ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းနေပါတယ်။

ယူကရိန်း အနေနဲ့ လက်နက်ပစ္စည်းနဲ့ ကျည်ဆန်တွေကို ထောက်ပံ့ထားတာထက် ပိုမို သုံးစွဲနေရတယ်လို့ အထွေထွေ အတွင်းရေးမှူး ယန် စတိုတန်လ် ဘဂ်က ပြောဆိုပါတယ်။

ဒါကြောင့် နေတိုးအဖွဲ့ ဝင်နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့အတွက် ကျည်ဆန်တွေ ပိုထုတ်ဖို့ကိုလည်း အထွေထွေ အတွင်းရေးမှူးက တိုက်တွန်း ထားပါတယ်။

မြောက်ကိုရီးယား တံဆိပ်ခေါင်းသစ်

မြောက်ကိုရီးယား နိုင်ငံမှာတော့ နိုင်ငံ့ ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သမီးဖြစ်သူ ကင်ဂျူအေး တို့ အတူ တွဲရိုက်ထားတဲ့ တံဆိပ်ခေါင်း အသစ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။

ဒါဟာ သမီးဖြစ်သူ ကင်ဂျူအေး ကို ထပ်မံပွဲထုတ်လာတာဖြစ်ပြီး မြောက်ကိုရီးယား ရဲ့ အနာဂတ် ခေါင်းဆောင် အဖြစ် လူတွေက ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်ခတ်တဲ့ပွဲကို တက်ရောက်ခဲ့တဲ့ ကင်ဂျုံအွန်းနဲ့ ကင်ဂျူအေး တို့ တွဲရိုက်ထားတဲ့ ပုံနဲ့ တံဆိပ်ခေါင်း အသစ် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။