ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၅ ရက်ထိပ်တန်းသတင်းများ - ပဲခူး၊ မုန်းမြို့ထဲမှာ စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံထောင်နဲ့ချီ ထွက်ပြေး
ကရင်အမျိုးအသားအစည်းအရုံး(KNU) ရဲ့ အုပ်ချုပ်ရေးနယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ-၃ ထဲက မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၄ ရွာက ဒေသခံ ခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်ထားပါတယ်။
KNU ဘက်ကအပြောအရ နိုဝင်ဘာ ၂ရက် နဲ့ ၃ ရက်တွေမှာစစ်ကောင်စီတပ်က မုန်းမြို့နယ်ထဲက ကျေးရွာ ၇ ရက်ထက်မနည်းကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပတ်ခတ်လို့ ကျေးရွာတွေထဲကိုလက်နက်ကြီးအပိုင်းအစတွေကျရောက်ပေါက်ကွဲခဲ့ပြီး ဝက်တူးကျေးရွာက သံဃာတော်(၁)ပါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို စပါးရိတ်ဖို့သွားတဲ့ အသက် ၄၅ နှစ်အရွယ် ပျဉ်းမပင်ရွာသား တစ်ဦးကတော့ ကျည်စထိမှန်ပြီးနေရာမှာပဲ ပွဲချင်းပြီး သေဆုံး ခဲ့ရတယ်လို့ပြောပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ-၃၄၉)ရွှေကျင်နဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)ပိန်းဇလုပ် ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၃၀ ရက်က စတင်ပြီး ပဲခူးတိုင်း ၊ပဲနွယ်ကုန်းမြို့ကတစ်ဆင့် မုန်းမြို့နယ်ထဲကို မနေ့အောက်တိုဘာ ၄ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်နေလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကိုကိုးကားပြီး ကရင် သတင်းဌာန KIC ကသတင်းဖော်ပြချက်အရ မုန်းမြို့နယ်ထဲ စစ်ကောင်စီတပ်က ရုတ်တရက် ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရပြီး စစ်ရှောင်အရေအတွက် များပြားလာတာကြောင့် ရိက္ခာမလုံလောက်တဲ့ အခြေအနေတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာမုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၄ ရွာက ဒေသခံ ၈,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံအချို့ကတော့ ဖားအံ၊ ရန်ကုန်၊ မော်လမြိုင်နဲ့ ထိုင်း-မြန်မာနယ်စပ်တွေဘက်ကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဲခူးတိုင်း မုန်းမြို့မှာ ဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အရာတော် က စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ကိုစစ်ဆေးမှုတင်းကျပ်
စစ်တိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့ က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့စက်မှု လယ်ယာရုံးဟောင်း တိုက်ခိုက်ခံရပြီးနောက် မြို့ကိုစစ်တပ်ကပိတ်ဆို့ခဲ့ပြီးနောက် ဒီကနေ့မှာလမ်းပြန်ပွင့်ပေမဲ့ စစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အရာတော်မြို့နယ်၊ မြို့ရဲ့အနောက်ဘက်အထွက်၊ မုံရွာ - အရာတော် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းကို ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ပြီးတဲ့နောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ အရာတော်က Danger Force LPDF ကာကွယ်ရေးအဖွဲ့ ကသတင်းထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း စက်သေနတ်တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ (၅၀၀၄) တင့်ကားတပ်နှစ်စီး စစ်ကူလာခဲ့တာကြောင့် PDF ပူးပေါင်းတပ်ဖွဲ့တွေဆုတ်ခွာခဲ့ပြီးနောက် မြို့ဝင်၊မြို့ထွက်လမ်းတွေကို စစ်တပ်က ပိတ်ဆို့လိုက်တာလို့ဆိုပါတယ်။
အရာတော်မြို့သတင်းတွေကိုဖော်ပြတဲ့ အရာတော်ပို့စ်ကတော့ လမ်းပိတ်ဆို့မှုကြောင့် ခရီးသွားတွေနဲ့ ကုန်ကား၊ ခရီးသည်ယာဥ်တွေဟာ လမ်းပိုင်းပေါ်က ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ညအိပ်နေထိုင်နေကြရပြီးစားသောက်ရေးလည်းအခက်အခဲတွေဖြစ်ခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့တာပါ။
''မြို့ကိုတော်တော်စစ်တယ်။ကင်းလည်းပတ်တယ်။သူတို့ဘက်က သေတာရှိတော့ ကာကွယ်ရေးအဖွဲ့တွေကို မကျေနပ်ဘူး။ လမ်းကိုတော့ မနေ့က နေ့လယ်ပိုင်းကပြန်ဖွင့်တယ်'' လို့ ဒေသခံတစ်ဦးကလက်ရှိမြို့အခြေအနေကိုရှင်းပြပါတယ်။
ဒေသတွင်းကာကွယ်ရေးတပ် Danger Force LPDF တပ်ဘက်ကတော့ တိုက်ပွဲအပြီး စစ်ကောင်စီအရာရှိ တစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိတဲ့ သူတွေကို အရာတော်မြို့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရကြောင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အရာတော်မြို့နယ်ထဲကအခြေအနေကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီပဲယင်း၊ စိုင်းပြင်ရဲစခန်းစီးနင်းခံရလို့ စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းချိန် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူကြောင့် PDF အဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး မနက် ၄ နာရီကျော်မှာတော့ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
"သူတို့ ဗုံးလာကြဲတော့ ကာကွယ်ရေးတပ်တွေဘက်က အကုန်ပြန်ဆုတ်ရတာပေါ့လေ။ စခန်းမသိမ်းလိုက်နိုင်ဘူး" လို့ ဒီပဲယင်း၊ စိုင်းပြင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စိုင်းပြင်ဒေသခံတွေလည်း စစ်ပြေးရှောင်ထွက်ပြေးကြရသလို ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဒီပဲယင်းအရှေ့ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် အရှေ့ဘက်ခြမ်း ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရပြီလို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတင် ကျေးရွာ ၁၂ ရွာကျော်က ဒေသခံရာနဲ့ချီ စစ်ရှောင်အသစ်အနေနဲ့စစ်ပြေးရှောင်နေကြရပြီး အောက်တိုဘာလအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တာကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒီပဲယင်းအနောက်ခြမ်းကဒေသခံတွေလည်း နေရပ်မပြန်နိုင်ကြသေးဘူးလို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။
စိုက်ပျိုးသီးနှံမရိတ်သိမ်းသေးရသေးတဲ့ ကာလဖြစ်တာကြောင့်လည်း စစ်ရှောင်ကူညီနိုင်ရေးအတွက် စားနပ်ရိက္ခာ၊ ငွေကြေးအခက်အခဲကြုံနေရတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။
မြန်မာမှာအမေရိကန်စွမ်းအင်လုပ်ငန်း ချက်ဗရွန်ရဲ့ ပိုင်ဆိုင်မှုဆက်ရှိနေ
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲလုပ်ငန်းလုပ်ကိုင်မှုရပ်ဆိုင်းထွက်ခွာမယ်လို့ပြောထားတဲ့ အမေရိကန်စွမ်းအင်ကုမ္ပဏီ ချက်ဗရွန်(Chevron) က မြန်မာနိုင်ငံထဲကသူ့ရဲ့လုပ်ငန်းတွေကိုချုပ်ကိုင်ထားဆဲရှိနေတယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
မြန်မာနိုင်ငံထဲက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို မလိုလားတဲ့အတွက်ထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ တစ်နှစ်ကျော်ပြီဖြစ်ပါတယ်။
သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့တွင်းရတနာစီမံကိန်းရဲ့ အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို ကနေဒါနိုင်ငံအခြေစိုက် MTI Energy ကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
ချက်ဗရွန်ရဲ့ပြောခွင့်ရသူကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတစ်ချို့ကို ဆက်ထိန်းထားပြီး မြန်မာနိုင်ငံကနေထွက်ခွာဖို့စနစ်တကျပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်တော့ထွက်ခွာမလဲဆိုတာနဲ့ ကနေဒါ က MTI စွမ်းအင်ကုမ္ပဏီကို ရောင်းချတဲ့အပိုင်းတွေမှာရော အခက်အခဲရှိနေလားဆိုတာကိုတော့ ဖော်ပြပြောဆိုတာမရှိပါဘူး။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာပိုင်ဆိုင်တဲ့ ကုမ္ပဏီအကျိုးအမြတ်အားလုံးကို ရောင်းချပြီး ထွက်ခွာဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါပြီ။ သဘောတူညီချက် စည်းမျဥ်းစည်းကမ်းတွေကတော့ လျှို့ဝှက်ချက်ပါ” ဆိုပြီး ချက်ဗရွန် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်နေ့ ကပဲ အမေရိကန်က စစ်ကောင်စီလက်အောက်ခံ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ငွေကြေးစီးဆင်းမှုတွေနဲ့ ပတ်သက်လို့ စီးပွားရေးအရ အရေးယူပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပြီး စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကိုပိတ်ဆို့မယ်လို့ပြောထားပါတယ်။ ဒီအရေးယူပိတ်ဆို့မှုကြောင့် ချက်ဗရွန်ရဲ့ ရှယ်ယာဆက်လက်ပိုင်ဆိုင်နေနေအပေါ်သက်ရောက်မလားဆိုတာကိုတော့ တိတိကျကျသိရတာမရှိပါဘူး။
လက်ရှိမှာ ချက်ဗရွန်ရဲ့ ရတနာစီမံကိန်းရှယ်ယာကို ဝယ်ယူမယ့် MTI ကုမ္ပဏီမှာလည်း အရေးယူပိတ်ဆို့မှုတွေကြောင့် ဖိအားပေးခံနေရတဲ့ အခြေအနေကို ဖြတ်သန်းနေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ပြင်သစ်ပိုင် တိုတယ်လ်စွမ်းအင်ကုမ္ပဏီကတော့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းထဲကနေပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်မှာထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
မုတ္တမကမ်းလွန်မှာ တည်ရှိတဲ့ ရတနာဓာတ်ငွေ့တွင်းကနေ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံနီးပါး ထွက်ရှိပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံထံ ပို့လွှတ်ရောင်းချနေပြီး ကျန်ရှိတဲ့ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာ သုံးစွဲနေတာပါ။
ကောလင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာသုံးရက်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းအထိလည်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ စစ်ရေးအခြေအနေသိရှိသူတချို့ကပြောပါတယ်။
ကောလင်းတော်လှန်ရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အခြေအနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ဒါအပြင် မနေ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီက ကောလင်းမြို့ပေါ်ကို လေကြောင်းတိုက်ခဲ့ပြီးနောက် နေအိမ်မီးလောင်ကျွမ်းတာတွေရှိခဲ့တယ်လို့ကနဦးသတင်းတွေအရသိထားရပေမဲ့ ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့အခြေအနေကြောင့် အတည်ပြုဖို့ခက်ခဲနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ပြောပါတယ်။
"မနေ့က အထိ ကောလင်းစာသင်ကျောင်းနားမှာကို တိုက်ပွဲဖြစ်နေတာ။ ဒီနေ့မနက်လည်း ဖြစ်နေတုန်းပဲ၊ အရပ်သားတွေလည်းပိတ်မိနေဆဲပဲ" လို့ ကောလင်းရဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ကောလင်းအပါအဝင် ထီးချိုင့်မြို့က တိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ လှုပ်ရှားကြတာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်နေတာပါ။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တစုံတရာသတင်းမထုတ်ပြန်လာသေးပေမဲ့ စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကောလင်းမြို့ထဲကို ကချင်လွတ်လပ်ရေးတပ် KIA ၊
ရက္ခိုင့်တပ်တော် AA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ စီးနင်းဝင်ရောက်နေတယ်လို့ဖော်ပြနေနေပါတယ်။