သြဂုတ် ၁ ရက်သတင်းများအနှစ်ချုပ်- ချင်းမိုင်၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ထိုင်းတွေဆန္ဒပြဖို့စီစဥ်

မြန်မာက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်တွေညစ်ညမ်းမှုတာဝန်ခံမှုရှိစေရေး ချင်းမိုင်မြို့၊​ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင် ၆ ရက်တုန်းက ချီတက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Save the Kok River

ဓာတ်ပုံ ပုံစာ, မြန်မာက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်တွေညစ်ညမ်းမှုတာဝန်ခံမှုရှိစေရေး ချင်းမိုင်မြို့၊​ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင် ၆ ရက်တုန်းက ချီတက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေ (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှုနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ် ၃ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့ မှာ ထိုင်းနိုင်ငံသားတွေ စုစည်းပြီး ဆန္ဒထုတ်ဖော်ဖို့ရှိတယ်လို့ Save the Kok River က ဒီမနက်ထုတ်ပြန်ပါတယ်။

မြန်မာက မြေရှားနဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် နယ်စပ်ဖြတ်ကျော် စီးဆင်းနေတဲ့မြစ်တွေ ညစ်ညမ်းရတဲ့အပေါ် တာဝန်ခံမှုရှိဖို့ ဦးမင်းအောင်လှိုင်ထံ ပြည်သူ့သဘောထားပေးစာကိုလည်း ဖတ်သွားဖို့ရှိတယ်လို့ ဖော်ပြပါတယ်။

ဦးမင်းအောင်လှိုင်ဟာ ဒီလ ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။

လာမယ့် ၃ ရက်နေ့မှာ ပြုလုပ်မယ့် ဆန္ဒထုတ်ဖော်ပွဲမှာတော့ နိုင်ငံဖြတ်ကျော်စီးဆင်းနေတဲ့ မဲခေါင်၊ နမ့်ခုတ်အပါအဝင် မြစ်ကြီး ၅ စင်းညစ်ညမ်းမှုကို သရုပ်ဖော်သွားမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ save the kok river စာမျက်နှာကဆိုပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုကို လာရောက်ပူးပေါင်းဖို့လည်း ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

ဒီလိုဆန္ဒထုတ်ဖော်မှုတစ်ခုကို ဇူလိုင် ၆ ရက်တုန်းက ချင်းမိုင်မြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ လုပ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လူထုသဘောထားထုတ်ပြန်ချက်နဲ့ အတူ နမ့်ခုတ်မြစ်က အဆိပ်သင့်နေတဲ့ရေနမူနာကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကို ပေးအပ်ဖို့လုပ်ခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြစ်တွေညစ်ညမ်းစေတဲ့ မြန်မာကသတ္တုတူးဖော်ရေးတွေကို ထိုင်းကသက်ဆိုင်သူတွေပါဝင်တဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးခရီးစဥ်ချက်ချင်းစတင်ဖို့ အပါအဝင် အချက် ၄ ချက်ကို တောင်းဆိုကြတာဖြစ်ပါတယ်။

ဘန်ကောက်အငှားကားပေါ်ပါသွားတဲ့ မြန်မာနိုင်ငံသားရဲ့ ရွှေ ၁၀ ကျပ်သားဝန်းကျင်နဲ့ ဘတ် ၂သိန်းပြန်ရ

ဘန်ကောက်၊ ဖရက်ခနွန်နယ်မြေရဲစခန်းမှာ ခရီးသည်အိတ်ကိုလာပြန်ပေးတဲ့ ယာဥ်မောင်း၊ အိတ်ပိုင်ရှင်မြန်မာနိုင်ငံသား ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်

ဓာတ်ပုံ ရင်းမြစ်, Phrakhanong Police

ဓာတ်ပုံ ပုံစာ, ဘန်ကောက်၊ ဖရက်ခနွန်နယ်မြေရဲစခန်းမှာ ခရီးသည်အိတ်ကိုလာပြန်ပေးတဲ့ ယာဥ်မောင်း၊ အိတ်ပိုင်ရှင်မြန်မာနိုင်ငံသား ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်

မြန်မာနိုင်ငံသား သားအမိနှစ်ဦးဟာ ရွှေ ၁၀ ကျပ်သားဝန်းကျင်နဲ့ ငွေသားဘတ် ၂ သိန်းထည့်ထားတဲ့ အိတ်ကို အငှားကားပေါ်ကျန်ခဲ့ပေမဲ့ ပျက်စီးပျောက်ဆုံးတာမရှိဘဲ ပြန်ရတယ် ထိုင်းသတင်းက ဖော်ပြပါတယ်။

ဒီသားအမိဟာ မနေ့က ညနေပိုင်းမှာ အလုပ်ကိစ္စအတွက် ဘန်ကောက်၊ ဖရက်ခနွန်နယ်မြေထဲက အွန်နုအရပ်ဘက်ကို ငှားစီးလာတဲ့ ကားပေါ်မှာ ပစ္စည်းမေ့ခဲ့တာဖြစ်ပါတယ်။

အိတ်မေ့ကျန်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးက ရဲစခန်းကိုလာရောက်အကြောင်းကြားချိန်မှာ ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းကတဆင့် အငှားယာဥ်ကို ခြေရာခံကြည့်ရှုခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

အဲဒီနောက်တော့ အငှားယာဥ်မောင်းကို ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။

ရွှေနဲ့ ဘတ်ငွေ ၂သိန်းပါတဲ့အိတ်ကို ယာဥ်မောင်းရဲ့ ခုံအနောက်ဘက်က ကားနောက်ခန်းမှာ ပြန်တွေ့ခဲ့ပါတယ်။

ယာဥ်မောင်းက တန်ဖိုးကြီးပစ္စည်းတွေပါတဲ့ အိတ်ကို ပိုင်ရှင်သားအမိဆီ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့သတင်းမှာ ဖော်ပြပါတယ်။

ရခိုင်၊ တောင်ကုတ်မှာ ပညာရေးဝန်ထမ်းတွေလိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်ကျောက်တော်မှာ ရေဘေးသင့်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်ကျောက်တော်မှာ ရေဘေးသင့်နေတဲ့ အခြေအနေ

တောင်ကုတ်မြို့ကနေ ကျွန်းပေါ်ရွာတွေဖြစ်တဲ့ ဖောင်းခါးနဲ့ ကလိန်တောင်ဘက်ကို ပြေးဆွဲတဲ့ စက်လှေမှောက်ပြီး ပညာရေးဝန်ထမ်းတွေ သေဆုံးတယ်လို့ အခြေအနေ သိရှိသူက ပြောပါတယ်။

လှေပေါ်လိုက်ပါလာသူ ၄ ဦးရဲ့အလောင်းကိုသာရှာတွေ့ပြီး ၈ ဦးပျောက်ဆုံးနေတယ်လို့ သူကပြောပါတယ်။

"၂ ယောက်ပဲအသက်ရှင်တယ်လို့ သိရတယ်။ မိုးတွင်းမှာ ရေလမ်းကြောင်းကလှိုင်းကြီးလို့ အန္တရာယ်တော်တော်များတဲ့လမ်းပါ"လို့ အခြေအနေသိရှိသူက ပြောပါတယ်။

ပညာရေးဝန်ထမ်းတွေဟာ တောင်ကုတ်မြို့ကို လစာသွားထုတ်ကြတာဖြစ်ပြီး အပြန်မှာ စက်လှေတိမ်းမှောက်တာလို့ ဆိုပါတယ်။

တောင်ကုတ်ကနေ ဒီရွာတွေဘက်ကို ရေလမ်းခရီးနဲ့ ၂ နာရီဝန်းကျင်သွားလာရတာ ဖြစ်တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရသိရပါတယ်။

ဒီလထဲမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ မြစ်ရေတက်ပြီး ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းအပါအဝင် မြို့နယ် ၁၀ ခုထက်မနည်းမှာ ရေဘေးကြုံရကာ လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရလို့ မိုးလေဝသသတင်းကို ရခိုင်ပြည်သူတွေ သိရဖို့ခက်ခဲတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရသိရပါတယ်။

ဆန့်ကျင်သူတွေများနေတဲ့အစီအစဉ် ဖီဖာ ရုပ်သိမ်း

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆန့်ကျင်ဝေဖန်သူတွေများနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အဓိကပြိုင်ပွဲတွေမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် အငြင်းပွားမှုတွေရှိခဲ့ပြီး ဖီဖာရဲ့မူလရည်ရွယ်ချက်အတွက် အကျိုးမရှိစေတာကြောင့် ဖျက်သိမ်းလိုက်တာလို့ အင်ဖန်တီနိုက ပြောပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေအပါအဝင် ဖီဖာပြိုင်ပွဲတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံခွင့်ပြုမယ့် အစီအစဉ်ကိုထောက်ခံရင် ဒေါ်လာ သန်း ၄၀ ရရှိမယ်လို့ အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင် ၂၁၁ ဖွဲ့ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုဆက်လုပ်မယ်ဆိုရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် ၅၅ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ ယူအီးအက်ဖ်အေ(Uefa) က ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

မြောက်၊ ဗဟိုနဲ့ ကာရစ်ဘီယံဘောလုံးအဖွဲ့တွေပါဝင်တဲ့ ကွန်ကာကက်ဖ်(Concacaf)က အဖွဲ့ဝင်တွေကလည်း အင်ဖန်တီနိုအပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ယူအီးအက်ဖ်အေ၊ ကွန်ကာကက်ဖ်တို့နဲ့အတူရပ်တည်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC) က ထုတ်ပြန်ထားပါတယ်။ အင်ဖန်တီနိုဟာ ဖီဖာကို ဦးဆောင်ဖို့မသင့်သူဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အင်ဒီဘာနမ်က ပြောပါတယ်။

သူ့ကိုဝေဖန်သူတွေအနေနဲ့ သူ့ဦးဆောင်မှုနဲ့ပတ်သက်လို့ အမုန်းတရားနဲ့ ကောလာဟလတွေကို ဖြန့်မယ့်အစား တရားထိုင်၊ ဆုတောင်းတာနဲ့ ဘောလုံးပွဲတစ်ပွဲကိုသာ ကြည့်သင့်တယ်လို့ အင်ဖန်တီနိုက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ပြီး ပြောခဲ့ပါတယ်။

အင်ဖန်တီနို နဲ့ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဖန်တီနို နဲ့ ထရမ့်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပါအဝင် ဘောလုံးပြိုင်ပွဲတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ဝေစုတွေရောင်းချဖို့ အင်ဖန်တီနိုက စီစဉ်ခဲ့တယ်လို့ သည်တိုင်းမ်စ်နဲ့ ဖိုင်နန်ရှယ်တိုင်းမ်စ်တို့က ဖော်ပြခဲ့ပါတယ်။

"ဘောလုံးဆိုတာရောင်းရန်မဟုတ်ဘဲ ဖီဖာဟာ စည်းကျော်နေပြီ" လို့ ယူအီးအက်ဖ်အေက ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာရောင်းချမယ့်အစီအစဉ်ကိုထောက်ခံရင် ဒေါ်လာ သန်း ၄၀ ရမှာဖြစ်ပြီး ဒီလိုထောက်ခံတာကို စက်တင်ဘာ ၁၉ ရက်နောက်ဆုံးထားလုပ်ဆောင်ဖို့ ဖီဖာက စီစဥ်ခဲ့တာပါ။

ထောက်ခံထားတယ်ဆိုရင်တောင် ကနဦး ဒေါ်လာ သန်း ၂၀ ရရှိမှာဖြစ်တယ်လို့ အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင် ၂၁၁ ဖွဲ့ထံကို စာရေးသားပြောဆိုခဲ့ပါတယ်။

အားကစားကိုအသုံးချပြီး သူတို့ကိုယ်သူတို့နဲ့ သူတို့မိတ်ဆွေတွေ ချမ်းသာကြွယ်ဝအောင် ဖီဖာအနေနဲ့ ဆက်လက်လုပ်ကိုင်ခွင့်ရမှာမဟုတ်ဘူးလို့ ယူအီးအက်ဖ်အေက ပြောခဲ့ပါတယ်။

ဘယ်သူကမှ ဘောလုံးကို ရောင်းချနေတာမဟုတ်ဘဲ အစီအစဉ်ကိုဆက်လက်အကောင်အထည်ဖော်မယ်လို့ ဖီဖာက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) က ယူအီးအက်ဖ်အေ၊ ကွန်ကာကက်ဖ်တို့နဲ့အတူ ရပ်တည်ကြောင်းပြောဆိုထားပေမဲ့ အင်ဖန်တီနိုရဲ့အစီအစဉ်ကို ဆန့်ကျင်ကြောင်းကိုတော့ မထုတ်ပြန်သေးပါဘူး။

အင်ဖန်တီနိုရဲ့အစီအစဉ်ဟာ ဘောလုံးရဲ့အနာဂတ်ကို အပေါင်ထားမယ့် မကောင်းတဲ့အစီအစဉ်ပဲလို့ အင်ဖန်တီနိုရဲ့ အဆင့်မြင့်အကြံပေး ကာလို့စ် ကော်ဒီရိုက ပြောဆိုပြီး ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ ဖီဖာရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ လှည့်စားခံခဲ့ရတယ်လို့ ဖီဖာအမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ကဲဗင် လာမောက ပြောခဲ့ပါတယ်။

အစီအစဉ်ကိုဆက်လက်လုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ အင်ဖန်တီနိုက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လေးမျက်နှာရေဘေးပိတ်မိနေသူအများအပြားရှိနေသေးပေမဲ့ ကယ်ဆယ်ရေးလှေမလောက်

လေးမျက်နှာမြို့အထက်တန်းကျောင်း ရေဝင်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၃၁ရက် လေးမျက်နှာမြို့အထက်တန်းကျောင်း ရေဝင်နေတဲ့ အခြေအနေ

ငဝန်ရေကာတာကျိုးပြီး ရေဘေးသင့်နေတဲ့ လေးမျက်နှာမြို့နဲ့ ပတ်ဝန်းကျင် ရွာတွေမှာ ပိတ်မိနေသူတွေရှိပေမဲ့ ကယ်ဆယ်ရေးအပြည့်အဝမလုပ်နိုင်ဘူးလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ဆီကသိရပါတယ်။

"မြို့ထဲက အလယ်တန်းကျောင်းတစ်ခုမှာ လူတစ်ထောင်လောက်ရှိတယ်ပြောပေမဲ့ သွားမခေါ်နိုင်သေးဘူး။ ကယ်ဆယ်ရေးလှေနဲ့ လှေအတွက်ဆီကို ဟင်္သာတအထိ သွားဝယ်နေရတော့ အခက်အခဲကအများကြီးပဲ" လို့ ကယ်ဆယ်ရေး သမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရေကလည်း မကျသွားဘဲ ဒီနေ့မနက်ပိုင်းမှာ ဆက်တက်လာနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက ရေလွတ်တဲ့ဘက်ကို ဆုတ်ပြီး အထိုင်ချလာရတယ် လို့ဆိုပါတယ်။

လေးမျက်နှာနဲ့ တလုတ္ထောကြားက ကားလမ်းမပေါ်မှာ ကူညီရေးအသင်း ကားတွေ တန်းစီနေရာယူထားပြီး ကယ်ဆယ်ရေးသမားတွေပါ စားစရာရိက္ခာ မရနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

"ညကတည်းက ပိတ်မိတဲ့လူတွေခေါ်ထုတ်နေတာ ရာကျော်နေပြီး ရွာတွေဘက်မှာ လည်းဘယ်လောက်ပိတ်မိနေတယ်ဆိုတာသိရဖို့ခက်နေတယ်။ လာခေါ်ပေးဖို့ ဖုန်းတွေကတော့ဝင်နေတယ်" လို့ ကယ်ဆယ်ရေးသမားကပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ခုနဲ့ ရွာပေါင်း ၈ရွာကို ရေဝင်နေတယ်လို့ ဖော်ပြပါတယ်။

အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုက လူဦးရေ ၆၇၄၇ ဦးကို ရွှေ့ပြောင်းထားပြီးဖြစ်တယ်ဆိုပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအပြောအရ ပိတ်မိနေသူတွေရှိနေသေးတာဖြစ်ပါတယ်။

အောင်သိင်္ခလုပ်ကွက်က သဘာဝဓာတ်ငွေ့ရောင်းဖို့ MOGE နဲ့ PTTEP စာချုပ်ချုပ်ဆို

သဘာဝဓာတ်ငွေ့တူးဖော်ရေးကမ်းလွန်လုပ်ကွက်

ဓာတ်ပုံ ရင်းမြစ်, GNLM

ဓာတ်ပုံ ပုံစာ, သဘာဝဓာတ်ငွေ့တူးဖော်ရေးကမ်းလွန်လုပ်ကွက်(ပုံဟောင်း)

မုတ္တမကမ်းလွန်လုပ်ကွက် M3 ရဲ့ အောင်သိင်္ခလုပ်ကွက်ကနေ ထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို ပြည်တွင်းမှာသုံးဖို့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နဲ့ ထိုင်း PTTEP တို့အကြား သဘောတူစာချုပ် မနေ့က ချုပ်လိုက်ပါတယ်။

ဒီကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ အဓိကသုံးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။

"ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမယ်၊ လေလွင့်မှုအနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဖို့လုပ်မှာဖြစ်ပြီး ဓာတ်မြေသြဇာစက်ရုံတွေကလိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကိုလည်း တဖက်တလမ်းက ထောက်ပံ့နိုင်မှာဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။ ဒီစီမံကိန်းကနေ သဘာဝဓာတ်ငွေ့ကို ၂၀၂၈ ခုနှစ်မှာစတင်ထုတ်ယူနိုင်မယ်လို့လည်း ဆိုပါတယ်။ မုတ္တမကမ်းလွန်က လုပ်ကွက်တွေကို အဓိကလုပ်ကိုင်နေတဲ့ PTTEP ဟာ အောင်သိင်္ခစီမံကိန်း၊ လုပ်ကွက်အမှတ် (M-3) ကို အကဲဖြတ် ရှာဖွေ၊ တူးဖော် ရေးလုပ်ငန်းတွေကို ၂၀၂၂ ခုနှစ် ကစလုပ်ခဲ့တာဖြစ်ပါတယ်။

ရတနာနဲ့ ရဲတံခွန်လုပ်ကွက်တွေက မြေ အောက်ခိုအောင်းဓာတ်ငွေ့ပမာဏ ကုန်ခမ်းလုနီးဖြစ်လာချိန်မှာ လုပ်ကွက်သစ်တွေ ရှာဖွေလာတာဖြစ်ပါတယ်။

PTTEP ရဲ့ ရတနာ စီမံကိန်းထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကို ထိုင်း နဲ့ တရုတ်ကို တင်ပို့ရပြီး၊ ဇောတိက လုပ်ကွက် ရဲ့ ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကိုတော့ ထိုင်းတစ်နိုင်ငံတည်းကို တင်ပို့တယ်လို့ Myanmar Energy Monitor အဖွဲ့ က ဖော်ပြပါတယ်။

အခုစာချုပ်ချုပ်ဆိုမှုမှာတော့ ပြည်တွင်းအတွက်အဓိကသုံးမယ်ပြောထားပေမဲ့ စာချုပ်ပါရာခိုင်နှုန်းအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြတာမရှိပါဘူး။ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ Justice For Myanmar က သူတို့နောက်ဆုံးသိထားရတဲ့အချက်အလက်တွေကို ကိုးကား ဖော်ပြပါတယ်။