NUG လူ့အခွင့်အရေး ဒုဝန်ကြီး နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Moe
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဒီနေ့ကစပြီး တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ လူမှုကွန်ရက်ကနေ အသိပေးပါတယ်။
ဒီလိုဆုံးဖြတ်လိုက်တာဟာ NUG နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာ သဘောထားမတိုက်ဆိုင်တာ၊ အငြင်းပွားတာနဲ့ ကွဲလွဲတာတွေရှိလို့ မဟုတ်ပါဘူးလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ဒါပေမဲ့ အခုချိန်မှာ ရိုဟင်ဂျာလူထုရဲ့ အမျိုးသားအခွင့်အရေးတွေ၊ နိုင်ငံရေးကိုယ်စားပြုမှု၊ ဂုဏ်သိက္ခာနဲ့ ရေရှည်အကျိုးအတွက် အာရုံစိုက်လုပ်ဆောင်တာက ပိုထိရောက်အကျိုးရှိမယ်လို့ သုံးသပ်မိတာကြောင့်လို့ ဆိုပါတယ်။
ရိုဟင်ဂျာနိုင်ငံရေးခေါင်းဆောင်မှုအားကောင်းလာဖို့အပါအဝင် ရိုဟင်ဂျာအရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပိုတိုးချဲ့ပူးပေါင်းသွားမယ်လို့ ဦးအောင်ကျော်မိုးက လူမှုကွန်ရက်မှာ ပြောပါတယ်။
NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့နဲ့လည်း ဘုံရည်မှန်းချက်တွေ ကိုက်ညီတဲ့နေရာတိုင်းမှာ နီးနီးကပ်ကပ်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ဦးအောင်ကျော်မိုးဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အစိုးရအဖွဲ့အတွင်း ဝန်ကြီး။ ဒုဝန်ကြီးအဆင့်တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံးရိုဟင်ဂျာတစ်ဦးလည်းဖြစ်ပါတယ်။
ဦးအောင်ကျော်မိုးနှုတ်ထွက်တာနဲ့ပတ်သက်လို့ မိခင်ဌာနဖြစ်တဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။




