ရခိုင် တိုက်ပွဲ ကလေးငယ်တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၆ ဦးအထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ စက်တင်ဘာ ၂၇ ရက် ဒီကနေ့ တစ်ရက်တည်း စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်ခြင်းခံလိုက်ရတဲ့ ကျေးရွာသုံးရွာအထိ ရှိခဲ့ပြီး ကလေးငယ်တွေအပါအဝင် ရွာသားသုံးဦးအထိ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။
စက်တင်ဘ ၂၇ ရက် ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်မှာ မင်းပြားမြို့နယ်အတွင်းက ကြပ်စင်ကျွန်းမှာရှိတဲ့ ဖလောင်းပြင်ကျေးရွာကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် မိန်းကလေးတစ်ဦးနဲ့ ယောကျ်ားလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒဏ်ရရှိခဲ့ကြသူတွေဟာ ဖလောင်းပြင်ရွာက မခိုင်ဖြိုးဇံအသက် (၄)နှစ် နဲ့ မောင်ကျော်နိုင်ဦး အသက် (၁၈) နှစ် တို့ဖြစ်ကြပြီး ကျေးရွာအတွင်းရှိနေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလိုဒဏ်ရာတွေရရှိခဲ့ကြတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်တွေဟာ မင်းပြားမြို့ပေါ် ကျိန်းတောင်တောင်တန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးစခန်းတွေကနေ ပစ်ခတ်လိုက်တဲ့ ကျည်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မင်းပြားမြို့ကိုရောက်ရှိနေတဲ့ စစ်ကောင်စီ ရေတပ်ရေယာဉ်တွေ ဒီကနေ့ ပြန်ဆင်းတဲ့အချိန်မှာ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ကျေးရွာအတွင်းကိုနှစ်လုံးနဲ့ ကျေးရွာအပြင်တွေမှာလည်း အချက်ပေါင်းများစွာ ပေါက်ကွဲခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ညနေပိုင်း ၃ နာရီ ၁၀ မိနစ်လောက်ကဖြစ်တာပါ။ လက်နက်ကြီးကျည်နှစ်လုံး ကျတယ်။ ကလေးမလေးတစ်ယောက်နဲ့ လူငယ်လေးတစ်ယောက် ဒဏ်ရာရတယ်။ အိမ်တစ်လုံး ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဘုရားတောင်က ပစ်တာပါ။ တော်တော်များများ ပစ်တယ်။ နေဗီဆင်းတဲ့အခါ ပစ်တာပါ။”လို့ ဖလောင်းပြင်ရွာသားက ပြောပါတယ်။
မနက်ပိုင်းကလည်း အဲ့ဒီအမြောက်တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာ အနီးက ခေါင်းလောင်းချောင်းကျေးရွာမှာ တစ်လုံး၊ စက္ကရေကျေးရွာမှာ သုံးလုံး ကျရောက်ခဲ့သလို စက္ကရေကျေးရွာမှာတော့ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်လင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်မှာတော့ အဲဒီ ကျေးရွာသားတွေဟာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရပြီး စစ်ရေယာဉ်ပေါ်က ပစ်ခတ်လိုက်တဲ့ ကျည်တစ်လုံးဟာ ခေါင်းလောင်းချောင်းကျေး ရွာဘုန်းတော်ကြီးကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပုန်းခိုနေကြတဲ့ရွာသားတွေထဲက အသက် ၃ နှစ်အရွယ် မိန်းကလေးတစ် ယောက်၊ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက် ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက နဂရာကျေးရွာမှာလည်း အခု စက်တင်ဘာ ၁၉ ရက်နေ့ကစလို့ လက်နက်ကြီး ပစ်ခတ်ခံနေရပြီး စက်တင်ဘာ ၂၅ ရက်နေ့ညမှာ ကျေးရွာအတွင်းက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၉ နှစ်အရွယ် မောင်မောင်ကြီးကို ထိမှန်ပြီးသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၂၇ ရက် ဒီကနေ့အထိ သုံးရက်တာအတွင်း မင်းပြားနဲ့ကျောက်တော်မြို့နယ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်ခံရပြီး သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရရှိသူ ၆ ဦးအထိရှိနေပြီဖြစ်ကာ သေဆုံးသူအပါအဝင် ဒဏ်ရာရသူအများစုတို့မှာ ကလေးငယ်တွေဖြစ်ကြပါတယ်။
အခုလ ၂၀ ရက်နေ့ ညနေပိုင်းကလည်း နဂရာကျေးရွာမှာ မိသားစုထမင်းစားဖို့ပြင်နေကြတဲ့အချိန် နေအိမ်ခြံဝင်းထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အမျိုးသမီးနှစ်ဦး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ အခုလအတွင်း ကျေးရွာကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခံနေရတာ လေးကြိမ်ထိရှိလာပြီး သေဆုံးသူတစ်ဦးနဲ့ ဒဏ်ရာရသူ လေးဦးရှိနေပြီလို့ ရွာသားတွေဆီကနေ သိရပါတယ်။
အခုလို တိုက်ပွဲဧရိယာနဲ့မသက်ဆိုင်တဲ့ လူတွေနေထိုင်တဲ့ ကျေးရွာရပ်ကွက်တွေ၊ မြို့တွင်းနေရာတွကို စစ်ကောင်စီကနေ ပစ်ခတ်နေတာဟာ တမင်သက်သက်ရမ်းကားနေတာဖြစ်ပြီး ဒါဟာ အစိုးရကောင်းတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။
“အခုဟာက တိုက်ပွဲဖြစ်နေတာနဲ့မတူဘူး။ သက်သက် ရည်ရွယ်ချက်ရှိရှိ လက်စားချေနေတာနဲ့တူတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်ပဲ ကျည်လမ်းကြောင်းတွေ ပြောင်းလို့ဖြစ်စေ၊ မတော်တဆဖြစ်စေ အဲဒီလိုရွာတွေကို ထိခိုက်တယ်ဆိုတာ ပြဿနာမရှိပါဘူး။ ဒါကတော့ အမှန်ပြောရရင် အစိုးရကောင်းတစ်ရပ်အနေနဲ့ ဒီလိုလုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ စည်မဲ့ကမ်းမဲ့ အဖွဲ့အစည်းတစ်ခုရဲ့လုပ်လို့ပဲမြင်တယ်။”လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Western View
စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေဘက်နေပြီး ရခိုင်မှာ နောက်ထပ်တိုက်ပွဲတွေဖြစ်ပွားလာခဲ့လို့ရှိရင် သူတို့ကို အဆိုးမဆိုနဲ့ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေမှာ အတိအလင်းပြောကြားခဲ့တာတွေလည်း ရှိနေသလို လက်ရှိမှာ စစ်ကောင်စီကနေ အခုလိုလုပ်ဆောင်နေတာဟာ တိုင်းပြည်ဆူပူမှုတွေ ဖြစ်ပွားလာအောင်၊ ပြည်သူတွေ ဒုက္ခမရောက်ရောက်အောင် လုပ်ပြီး တိုက်ပွဲကို အဖြေရှာဖို့ ကြိုးစားနေတဲ့သဘောလည်း ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။
အခုလို စစ်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေ ကျေးရွာမြို့ပြတွေကို ပစ်ခတ်မှုတွေ ပြုလုပ်နေတာဟာ ပြည်သူတွေအကျပ်အတည်းတွေ ဖြစ်လာခဲ့လို့ရှိရင် အေအေကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်လာမလားဆိုတဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလို ဒေသခံအရပ်သားတွေကို စစ်ကောင်စီဘက်ကနေ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ရခိုင်ဒေသခံတွေ အနေနဲ့ ဗုံးခိုကျင်းတွေ အဆင်သင့် ပြုလုပ်ထားကြဖို့ကိုလည်း သတိပေးထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လတ်တလောမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ဒေသခံကျေးရွာသားတွေဟာ သူတို့ရဲ့နေရပ်ရင်း ကျေးရွာတွေမှာ ဆက်မနေရဲကြတော့ဘဲ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပါတယ်။
“ရွာသားတွေကတော့ တစ်ယောက်မှ ရွာမပြန်နိုင်ကြသေးဘူး။ ပြေးနေတုန်းပါပဲ။ အခုလည်း စစ်ရေယာဉ်အဆင်းမှာ အဲ့ဒီစစ်ရေယာဉ်ကနေ ပစ်ခတ်ခဲ့လို့ စက္ကရေရွာကနေအိမ်တွေ တော်တော်များများပျက်စီးသွားတယ်။ လက်နက်ကြီးကျည် ၁၀ ကျော်လောက်အပစ်ခံလိုက်ရတယ်။ ရွာသားအများစုကတော့ သင်္ဂနက်၊ လျှော်ချောင်း၊ ကံချောင်စတဲ့ရွာတွေကို ရောက်နေကြတယ်”လို့ စက္ကရေ ဆရာတော်က မိန့်ကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စက်တင်ဘာလ၂၆ ရက်က စလို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်အတွင်းမှာတော့ ချောင်းရှည်၊သက်ပုန်း၊ ခေါင်းလောင်းချောင်း၊စက္ကရေ၊ ဗလိပေါက်၊ ကျားရဲပြင်စတဲ့ ကျေးရွာပေါင်း ၆ ရွာခန့်က ရွာသားတွေ ထွက်ပြေးနေကြရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာလည်း ကျေးရွာပေါင်းအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
အခုလို အခြေအနေမှာ ရခိုင်ဒေသခံတွေအတွက် စားဝတ်နေရေး အချင်းချင်း ကူညီရိုင်းပင်းရေးတွေက ပိုအရေးကြီးလာနေပြီး ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းတွေက သုံးသပ်မှုတွေလည်းရှိနေပါတယ်။
တိုက်ပွဲတွေပြင်းထန်လာခဲ့လို့ရှိရင် ပြည်သူတွေ သီးခြားမနေကြဖို့နဲ့ မိမိတို့ကိုအကူအညီပေးနိုင်တဲ့ ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်လာပြီး စစ်ကောင်စီတပ်တွေကို စိုးရိမ်ကြောက်လန့်နေတာထက် မိမိကိုယ်ကို ကာကွယ်ကြဖို့က ပိုအရေးကြီးတဲ့အခြေအနေကို ရောက်ရှိလာနေတယ်လို့ ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။








