ခင်ဦးမြို့နယ်ထဲ တစ်ပတ်အတွင်း သေဆုံးသူ ၇ ဦးနဲ့ မီးရှို့ခံရတဲ့နေအိမ် ၅၀ ကျော်အထိရှိနေ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်းပတ်ရွာထဲက နေအိမ်တွေ ဒုတိယအကြိမ်မီးရှို့ခံခဲ့ရပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်းပတ်ရွာထဲက နေအိမ်တွေ ဒုတိယအကြိမ်မီးရှို့ခံခဲ့ရပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးသူ ၇ ဦးရှိပြီး မီးရှို့ခံရတဲ့နေအိမ်ပေါင်း အလုံး ၅၀ ကျော်ရှိတယ်လို့ မြေပြင်အခြေအနေ မှတ်တမ်းစုဆောင်းနေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီအချက်အလက်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း ဖြစ်စဥ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

‘’သေဆုံးသွားသူတွေက ရွာထဲမှာဖမ်းမိလို့ ပစ်သတ်ခံရတာ၊ ရွာထဲ လူမြင်တယ်ဆိုပြီး လိုက်ပစ်လို့ ကျည်ထိပြီး သေတဲ့သူတွေပါတယ်။ တိတိကျကျပြောရရင် ဖမ်းဆီးခံရပြီး အသတ်ခံရတာ ၃ ဦး၊ အဖမ်းခံရပြီးတဲ့နောက် ပစ်သတ်ခံရသူ ၁ ဦး၊ သတ်ဖြတ်ပြီး မီးရှိုခံရသူ ၁ ဦး၊ သတ်ပြီး ရေကန်ထဲ ပစ်ချခဲ့တာ ၁ ဦး၊ နောက်တစ်ဦးက မိုင်းဆွဲရင်း လိုက်ပစ်လို့ ကျသွားတာက ၁ ဦး စုစုပေါင်း ၇ ဦးပါ’’ လို့ စစ်အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်ထဲက တော်လှန်ရေးဆိုင်ရာအချက်အလက်တွေကို ကောက်ယူနေသူ တစ်ဦးက ပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ကျေးရွာတွေဟာ ရေဦး-ခင်ဦးလမ်းတစ်လျှောက် ကားလမ်းဘေးက အင်းပတ်၊ မြင်းဒေါင်း၊ သာဂရ၊ ဂွေးကုန်းနဲ့ ကန်သစ်ကျေးရွာတို့ ဖြစ်ပါတယ်။

ဒါ့ပြင် တစ်ပတ်အတွင်း လက်နက်ထိမှန်ဒဏ်ရာရသူ ၁၃ ဦးအထိရှိပြီး အဲဒီထဲမှာ မြေပဲခင်းထဲ မြေပဲချရင်း လက်နက်ကြီးထိမှန်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ခင်ဦးမြို့ပေါ်မှာ အလိုရှိသူကို မတွေ့လို့ သက်ဆိုင်ရာမိဘမောင်ဖွားတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေပြီး ထဲမှာ အမျိုးသမီးတွေအပါအဝင် ၁၀ ဦးအထိရှိနေတယ်လို့ သိရပါတယ်။

ကောလင်း၊ ဇီးဖြူကုန်းနဲ့သဲကောရွာမှာ မိုင်းထိသူနဲ့ သတ်ဖြတ်ခံရသူ ၇ ဦးရှိ

ကောလင်း ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ဇီးဖြူကုန်းနဲ့ သဲကောကျေးရွာတို့မှာ မနေ့ စက်တင်ဘာလ ၂၆ ရက်တစ်ရက်တည်းမှာတင် မိုင်းထိသူနဲ့ သတ်ဖြတ်ခံရသူ အရပ်သား ၇ ဦးရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သေဆုံးခဲ့သူ ၇ ဦးဟာ မိုင်းနင်းမိပြီး သေဆုံးသူ ၄ ဦးနဲ့ သတ်ဖြတ်ခံရသူ ၃ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘‘မိုင်းနင်းမိသူ ၄ ဦးထဲမှာ ၂ ဦးက သဲကောရွာက သားအဖနှစ်ယောက်။ ရွာတွေက တဆက်တည်းဖြစ်နေတော့ စစ်တပ်ဝင်အပြီးမှာ မနေ့ညနေပိုင်းက နည်းနည်းကင်းပြီအထင်နဲ့ ရွာပြင်မှာ ကျောင်းထားတဲ့နွားကို အစာလည်းကျွေးရင်း၊ သွားယူတဲ့အချိန်မှာ အလယ်ကုန်းရွာမှာ မိုင်းနင်းမိပြီး သေဆုံးသွားတာ။ နောက် ၂ ဦးကတော့ ဇီးဖြူကုန်းက။ သူတို့ကတော့ ပြေးရှင်းရှောင်နင်း မိုင်းနင်းမိပြီး ဆုံးပါတယ်။ ဇီးဖြူကုန်း ကြက်ခြံတွေဘက်မှာလည်း အရပ်သား ၃ ဦးကို သူတို့ ပစ်သတ်သွားတယ်။ စစ်တပ်က အဝေးကြီး မထွက်သေးလို့ အလောင်းတွေကို အခုထိ ဝင်မယူရဲသေးဘူး’’လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးတဲ့ဖြစ်စဥ်တွေကိုကြည့်ရင် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို ဝင်ပြီး ပြန်အတွက်မှာ နင်းမိုင်းတွေကို ထောင်ထားခဲ့လေ့ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းပြီးမှသာ ဒေသခံတွေကို ကျေးရွာတွေထဲ ဝင်ရောက်ခွင့်ပေးရတဲ့အကြောင်းရင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အယောက် ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဇီးဖြူကုန်းရွာကို ဝင်ရောက်ချိန် နေအိမ်တွေကို မွှေနှောက်ရှာဖွေသွားခဲ့ပြီး အလယ်ကုန်းရွာကို ဝင်တဲ့ စစ်သား ၆၀ ကျော်ပါ စစ်ကြောင်းကတော့ ရွာထဲက နေအိမ်အချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် ဘက်က ပြောထားပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဟာ လျှော်ဖြူကုန်းကျေးရွာကိုရောက်နေတာကြောင့် ပေပင်ချောင်၊ ညောင်ကုန်း၊ ကုက္ကိုကုန်းကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အမေရိကန်ရောက် မြန်မာတွေ နောက်ထပ်တစ်နှစ်ခွဲ ယာယီနေထိုင်ခွင့်ရ

 အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ

အမေရိကန်အစိုးရဟာ အမေရိကန်ပြည်ထောင်စု ရောက်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ကို နောက်ထပ် တစ်နှစ်ခွဲ ထပ်မံ သက်တမ်းတိုးမြှင့်ပေးလိုက်ပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်(TPS) ကို လာမယ့် ၂၀၂၄ ခုနှစ်၊ မေလ အထိ ထပ်မံသက်တမ်းတိုးလိုက်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ ၉၇၀ နီးပါးဟာ နောက်ထပ် ၁၈ လအထိ နေထိုင်ခွင့်ရမှာဖြစ်သလို ပြီးခဲ့တဲ့တနင်္ဂနွေမှာ အမေရိကန်ပြည်ထောင်စုထဲရောက်နှင့်နေပြီးသား နောက်ထပ် လူပေါင်း ၂၃၀၀ နီးပါးလည်း နောက်ထပ် ၁၈ လအထိ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ရပြီဖြစ်ပါတယ်။

''မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှု၊ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းကို ရင်ဆိုင်နေရတယ်''လို့ အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က ပြောပါတယ်။

အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ဟာ သဘာဝကပ်ဘေးကြောင့်၊ ဒါမှမဟုတ် ပြည်တွင်းမတည်ငြိမ်မှု အကျပ်အတည်းကြောင့် သက်ဆိုင်ရာနိုင်ငံကို မပြန်နိုင်သူတွေ ခိုလှုံနိုင်ဖို့ ယာယီနေထိုင်ခွင့်ကို ၁၉၉၀ ပြည့်နှစ်မှာ စတင်ပေးခဲ့တာဖြစ်ပြီး သက်တမ်းဟာ ၁၈ လကြာအထိ သက်တမ်းတိုးမြှင့်ပေးလေ့ရှိပါတယ်။

ရွှေ့ပြောင်းမူဝါဒဆိုင်ရာလေ့လာရေးအင်စတီကျု့ (Migration Policy Institue) ရဲ့ ၂၀၁၉ ခုနှစ် သုတေသနအရ အမေရိကန်မှာ မြန်မာရွှေ့ပြောင်း တစ်သိန်းခွဲနီးပါး နေထိုင်နေပါတယ်။

မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာအချို့ မီးရှို့ခံနေရ

ကြက်ဆူအိုင်ကျေးရွာထဲက မီးလောင်ပျက်စီးသွားတဲ့နေအိမ်

ဓာတ်ပုံ ရင်းမြစ်, Pauk Newsletter

ဓာတ်ပုံ ပုံစာ, ကြက်ဆူအိုင်ကျေးရွာထဲက မီးလောင်ပျက်စီးသွားတဲ့နေအိမ်

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာစဥ်ဝင်ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် မနက်ပိုင်းမှာတော့ နှစ်မြို့နယ်အစပ်၊ ပေါက်မြို့နယ်အပိုင် သရက်ကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သွားတာမြင်ခဲ့ရအပြီးမှာ ရွာထဲကနေ မီးခိုးတွေ တက်လာလာမြင်ခဲ့ရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ကလည်း စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်ထဲက ကြက်ဆူအိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၄ လုံးပျက်စီးမီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေအိမ်အချို့ကိုလည်း ဝင်ရောက်မွှေနှောက်သွားပေမဲ့ စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှုကြောင့် ဝင်ရောက် မကြည့်ရှုနိုင်သေးဘူးလို့ သိရပါတယ်။

အင်အား ၁၀၀ နီးပါးပါဝင်တဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေးပုံစံနဲ့ အခုသီတင်းပတ်အတွင်း ပေါက်မြို့နယ်အရှေ့ပိုင်းက ဆယ်ဝ၊ ဆူးလေကုန်း၊ စည်သာ၊ ပဲခင်းကျယ်၊ နတ်စင်ကုန်းစတဲ့ ကျေးရွာတွေအပြင်၊ အနောက်ပိုင်းက ကြက်ဆူအိုင်၊ သရက်ကန်ကျေးရွာတွေကို ရွာစဥ် ဝင်ရောက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဝင်ရောက်တဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတာ သီတင်းတစ်ပတ်ထဲဝင်လာပြီဖြစ်ပြီး အခုအချိန်အထိ နေအိမ်တွေဆီ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးပါဘူး။

စစ်‌ခေါင်းဆောင်အချို့က ပါတီကို အလုံးစုံဖျက်ဆီးဖို့ အားထုတ်နေတယ်လို့ NLD ပြော

အာဏာသိမ်းအစောပိုင်းကာလ ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ NLD ရုံးချုပ်ပတ်ဝန်းကျင်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလ ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ NLD ရုံးချုပ်ပတ်ဝန်းကျင်အခြေအနေ

ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့စစ်ခေါင်းဆောင်အချို့ဟာ နိုင်ငံတော်အာဏာကို လုယူ ပါတီကို အလုံးစုံဖျက်ဆီးဖို့ အားထုတ်နေတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၇ ရက်မှာ ကျရောက်တဲ့ NLD တည်ထောင်မှု ၃၄ နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ ပါတီဘက်က အခုလိုပြောဆိုလာတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ လူထုက ကိုယ်စားလှယ်နေရာအားလုံးရဲ့  ၈၃ ရာခိုင်နှုန်းရှိတဲ့  NLD ကိုယ်စားလှယ်တွေကို ထောက်ခံမဲပေးခဲ့တာကို ပါတီက ကျေးဇူးတင်ကြောင်းပြောသလို စစ်ခေါင်းဆောင်အချို့က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ပါတီဝင်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းတာ၊ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်တာ၊ ပါတီပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာ‌တွေလို ပါတီကို ဖျက်ဆီးဖို့ အားထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံ့အကြပ်အတည်းကို ဖြေရှင်းရာမှာ ချန်ထားလို့မရတဲ့ပုဂ္ဂိုလ်ဖြစ်သူ ပါတီဥက္ကဋ္ဌ ‌‌ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို စုဖွဲ့ထားတဲ့ လွှတ်တော်တွေကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ထိရောက်တဲ့အခန်းကဏ္ဍကနေပါဝင်ရေး၊ နိုင်ငံရေးတရားဝင်မှု မြှင့်တင်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းက အခုထက်ပိုအသိအမှတ်ပြုလာရေး လုပ်ဆောင်မယ်လို့ ပြောသလို စစ်ကောင်စီနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာရေးပြင်ဆင်နေပြီး အဲဒီအတွက် မိတ်ဖက်အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီးနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ပါတီခေါင်းဆောင်တွေကို အကျဥ်းထောင်ထဲမှာ စနစ်တကျ ဆေးသမှုမပေးဘဲ အသက်ဆုံးရှုံးစေခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျင့်ဝတ်မဲ့ ဖမ်းဆီးအရေးယူမှု၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ပါတီဝင်တွေကို စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ လူထုအပေါ် စစ်ရာဇတ်မှုနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို ကျူးလွန်တဲ့ စစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်တဲ့နည်းလမ်းတွေနဲ့ အရေးယူကာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ ကုသမဂ္ဂအပါအဝင် နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပါတီဘက်က တိုက်တွန်းထားပါတယ်။

မြန်မာနဲ့ အာဖဂန်တို့ ဒုတိယအကြိမ်အသံတိတ်ခဲ့တဲ့ကုလညီလာခံပြီးဆုံး

ကုလမှာ မြန်မာကိုယ်စားပြုသံတမန်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ တောင်းဆိုမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကုလမှာ မြန်မာကိုယ်စားပြုသံတမန်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ တောင်းဆိုမှုတွေရှိနေ

စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံနဲ့ တာလီဘန်လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ အာဖဂန်နစ္စတန်နိုင်ငံတို့ရဲ့ အသံ ဒုတိယအကြိမ်မြောက် ဆိတ်သုဥ်းခဲ့တဲ့ ကုလသမဂ္ဂညီလာခံပြီးဆုံးပြီဖြစ်ပါတယ်။

မနေ့ စက်တင်ဘာလ ၂၆ ရက် တနင်္လာနေ့မှာ ပြီးဆုံးသွားတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရော၊ အာဖဂန်နစ္စတန်နိုင်ငံပါ သက်ဆိုင်ရာနိုင်ငံ့ကိုယ်စားပြုခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။

မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ကို ကိုယ်စားပြုဖို့ မြန်မာအတွက်ဆိုရင် စစ်ကောင်စီခန့်တဲ့ ကိုယ်စားလှယ်နဲ့ NUG ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကြား၊ နောက် အာဖဂန်နိုင်ငံအတွက်ဆိုရင် တာလီဘန်ကိုယ်စားပြုကိုယ်စားလှယ်ကို ခန့်အပ်မလားဆိုတဲ့ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ဖို့ ကုလကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီက မနှစ်တုန်းက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ။

ဒါကြောင့် ဒီနှစ်နဲ့ပါဆိုရင် မြန်မာရော၊ အာဖဂန်တို့ပါ သက်ဆိုင်ရာနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေဟာ ကုလညီလာခံကို တက်ရောက်ခွင့် မရှိတာ ဒုတိယအကြိမ်မြောက်ဖြစ်လာပါတယ်။

မနေ့က ညီလာခံ ပိတ်သိမ်းချိန်မှာတော့ မြန်မာနဲ့ အာဖဂန်အရေးနဲ့ ပတ်သက်ပြီး နီပေါလ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဘာရက် ရာ့ချ် ပူဒယ်လ်  တစ်ယောက်ပဲ ထုတ်ပြောသွားတာတွေ့ရပါတယ်။

ဝန်ကြီးကတော့ ''အာဖဂန်နစ္စတန်နိုင်ငံဟာ မရေရာမသေချာမှုတွေ၊ အကြမ်းဖက်မှုတွေရဲ့ ချောက်ကမ်းပါးမှာဆက်ရှိနေတယ်'' လို့ ပြောသလို ''မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ လူထုက ဘယ်သူ့ကို ကိုယ်စားပြု စေချင်သလဲဆိုတဲ့ဆန္ဒကို လေးစားလိုက်နာဖို့'' တိုက်တွန်းတောင်းဆိုသွားပါတယ်။

ညီလာခံအတွင်းမှာ မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့လုပ်ဆောင်ချက်ကို မလေးရှားဝန်ကြီးချုပ်က ဝေဖန်ပြောဆိုသလို၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း မြန်မာပြည်တွင်းကနေ နိုင်ငံထဲကို ရောက်နေတဲ့ ရိုဟင်ဂျာသိန်းချီရဲ့ဒုက္ခကို ထုတ်ပြော သွားပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒန် ကလည်း စစ်အာဏာသိမ်းမှုအောက်က လူထုဟာ ဖိနှိပ်မှုတွေ ခံစားနေရတဲ့အကြောင်း သူ့မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အခုလို ပြောဆိုချက်တွေဟာ စစ်အာဏာသိမ်းမှုအောက်က ဖိနှိပ်ခံမြန်မာလူထုကို စာနာကြောင်း ပြသဖို့ ပြောဆိုချက်သာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေဆဲလို့ ပြောဆိုထားပါတယ်။

မင်းပြားက ရွာအချို့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာခံနေရ၊ လူထိခိုက်မှုတွေရှိလာ

စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု မင်းပြားကရွာတွေထဲ ဆက်တိုက်ကျရောက်ပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူတွေရှိလာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စက္ကရေကျေးရွာမှာလည်း စစ်ကောင်စီတပ်ကနေ ဒီကနေ့မနက်ပိုင်းမှာပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘဘီဘီစီကို အတည်ပြုပြောဆိုပါယ်။

ဒဏ်ရာရရှိခဲ့သူဟာ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်လင်း ဖြစ်ပြီး သူ့ရဲ့ခြေထောက်မှာ ကျည်စထိမှန်ခဲ့‌ပေမယ့် စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်တွေဟာ မင်းပြားမြို့အခြေစိုက် ခလရ ၅၄၁ တပ်ရင်း အမြောက်စခန်းဖြစ်တဲ့ မယ်တော်တောင်ပေါ်ကနေ ပစ်ခတ်လိုက်တဲ့ကျည်တွေဖြစ်ကာ ကျေးရွာအတွင်း ကျည်သုံးလုံးခန့် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

“ဒီမနက် ၈ နာရီခွဲလောက်မှာ ရွာကိုလက်နက်ကြီးကျည်တွေကျပါတယ်။ ၅၄၁ ကတပ်ကနေ ပစ်နေတာပါ။ သုံးလုံးကျပါတယ်။ နေအိမ်တွေပျက်စီးမှုတွေရှိတယ်။ ကလေးတစ်ယောက် ခြေထောက်ဒဏ်ရာရသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး စက္ကရေရွာထဲကို သုံးလုံးနဲ့ အနီးက ခေါင်းလောင်းချောင်းရွာထဲကို တစ်လုံး ကျရောက်ခဲ့တာဖြစ်ပါတယ်။

မနေ့က ခေါင်းလောင်းချောင်းကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့အချိန်မှာလည်း စစ်ကောင်စီဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ စက္ကရေရွာထဲကို သုံးလုံးထက်မနည်း ကျရောက်ခဲ့ပြီး နေအိမ်ခြောက်လုံးလောက် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အခုလို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံနေရတဲ့အတွက် ကျေးရွာသားတွေကတော့ ရွာထဲမှာဆက်မနေရဲတော့ဘဲ ထွက်ပြေးနေကြပြီဖြစ်တယ်လို့ လတ်တလောထွက်ပြေးနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ည ၁၂ နာရီလောက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ကြောင်းနဲ့ အထိအခိုက်ရှိမရှိဆိုတာ မသိရသေးဘူးလို့ ကျောက်တော်ဒသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ မင်းပြား၊ ခေါင်းလောင်းချောင်းရွာကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေ
ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်နေပြီး ကျေးရွာအတွင်းကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံးပျက်စီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်နေပြီး ကျေးရွာအတွင်းကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံးပျက်စီး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာကို စစ်ကောင်စီဘက်က စက်တင်ဘာ ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်နေပြီး ကျေးရွာအတွင်းကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံးပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျက်စီးသွားခဲ့တဲ့နေအိမ်ဟာ ခေါင်းလောင်းချောင်းကျေရွာ ရွာချေပိုင်းက ဦးဝေလူရဲ့နေအိမ်ဖြစ်ပြီး နေအိမ်ပျက်စီးသွားခဲ့ပေမယ့် လူတွေထိခိုက်မှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့မှာတော့ အဲ့ဒီအနီးဝန်းကျင်နေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မင်းပြားမြို့ပေါ် ကျိန်းတောင် ဘုရားတည်ရှိရာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်နက်ကြီးစခန်းကနေ ပစ်ခတ်နေတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မနက် ၈ နာရီလောက်ကစတင်ပစ်ခတ်နေတာဖြစ်ပြီး လက်နက်ကြီးကျည်တွေဟာ ခေါင်းလောင်းချောင်း ကျေးရွာအတွင်းနဲ့ ကျေးရွာအနီး နေရာတွေမှာလည်း ကျရောက်ပေါက်ကွဲမှုတွေရှိနေတယ်လို့သိရပါတယ်။

“မနက် ၈ နာရီ ၅ မိနစ်လောက်စပစ်တာပါ။ ရွာနားမှာကျကွဲတာ သုံးလုံးရှိနေပါပြီ၊ အခုရွာချေပိုင်းက ဦးဝေလူအိမ်ကို တစ်လုံးကျကွဲလို့ နေအိမ်ပျက်စီးသွားတယ်။ လူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရတယ်။ ရွာသားတွေကတော့ စိုးရိမ်ပြီး ပုန်းအောင်းနေကြရပါတယ်။ တချို့ဆိုလည်း ကြောက်ပြီး ထွက်ပြေးသူတွေလည်းရှိနေပါတယ်။”လို့ ခေါင်းလောင်းချောင်းရွာသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေကို ရက္ခိုင့်တပ်တော် အေအေ ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်နှစ်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို စစ်ကောင်စီဘက်က ကုန်ကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းစတာတွေ ဘက်စုံသုံးပြီး တိုက်ခိုက်မှုနေတာပါ။

မနေ့ကတိုက်ပွဲအတွင်း ရေတပ်သင်္ဘောပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျေးရွာဘုန်း တော်ကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး ဓမ္မာရုံအတွင်းမှာပုန်းခိုနေကြတဲ့ ကလေးငယ်တွေအပါအဝင် ရွာသားသုံးဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

မနက် ၈ နာရီ ၅ မိနစ်လောက်စပစ်တာပါ။ ရွာနားမှာကျကွဲတာ သုံးလုံးရှိနေပါပြီ၊ အခုလဲပစ်နေတုန်းပဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မင်းပြားမြို့

အငြိမ်းစားယူထားတဲ့နယ်ခြားစောင့်တပ်အရာရှိတွေကို  စစ်ကောင်စီပြန်ခေါ်ခန့်နေ

ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

 နယ်ခြားစောင့်တပ်တွေက အငြိမ်းစားအရာရှိ ၁၂ ဦးထက်မနည်းကို နယ်ခြားစောင့်တပ်တွေမှာ တပ်မှူးတွေအဖြစ် ကာကွယ်ရေးဌာန ကောင်စီကနေ အတည်ပြုပြီး စစ်ရာထူးခန့်ချုပ်ရုံးကနေ ခန့်အပ်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုခန့်အပ်သူတွေဟာ အရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်နေရာတွေမှာ တပ်မှူး၊ ဒုတိယတပ်မှူးတွေ လုပ်ခဲ့သူတွေဖြစ်ပြီး နယ်ခြားစောင့်တပ်တွေမှာ သက်ပြည့်ပင်စင်မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အနားယူခဲ့သူတွေ ပါဝင်သလို ကာယကံရှင်တွေရဲ့ ဆန္ဒအ‌လျှောက်နဲ့ နယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးတွေ ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပြန်ခန့်တာမျိုးဖြစ်တယ် လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာမှာ စစ်တပ်နဲ့အပစ်ရပ်လိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းတာဖြစ်ပါတယ်။

အဲဒီလို အသွင်ပြောင်းနယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်လက်အောက် သွတ်သွင်းခံရပြီး တပ်ရိက္ခာနဲ့ လစာရပေမဲ့ တင်းပြည့် တပ်မတော်သားတော့ မဟုတ်ပါဘူး။

လက်ရှိမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ဖွဲ့ တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြားမှာတော့ တိုက်ပွဲအများဆုံနဲ့အပြင်းထန်ဆုံးဖြစ်နေတဲ့ နယ်ခြားစောင့်တပ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ နယ်ခြားစောင့်တပ် တပ်မှူးတွေကို ခန့်အပ်မှူ ထွက်ပေါ်လာတာကြောင့် ဒါဟာ နယ်ခြားစောင့်တပ် ခေါင်းဆောင်ပိုင်း အင်အားဖြည့်တင်းမှုအဖြစ် အများက ယူဆနေကြပါတယ်။