စက်တင်ဘာ ၁၉ - ထိပ်တန်းသတင်းများ
လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူကလေးတွေရဲ့ စာရင်း ကောက်ယူရရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီပဲယင်း၊ လက်ယက်တွင်းရွာကျောင်းကနေ စစ်တပ်ဖမ်းခေါ်သွားတဲ့ ကလေးတွေရဲ့ မိဘတွေကို မုံရွာ နမခခေါ်တွေ့
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်တပ်ဖမ်းဆီးသွားတဲ့ ကလေးတွေရဲ့ မိဘတွေ ကျောင်းဆရာဆရာမတွေရဲ့ မိသားစုဝင်တွေကို မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စက်တင်ဘာ ၁၉ရက် မနက်မှာ ခေါ်တွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မနက်က ခေါ်လို့ သွားတွေ့ကြတယ်ပြောတယ်။ ဘာ့ကြောင့်ဆိုတာလဲ မသိရသေးဘူး“လို့ အဲ့ဒီဒေသခံက ပြောပါတယ်။ သွားရောက်တွေ့ဆုံနေကြသူတွေလည်း နေ့လယ် ၂ နာရီကျော်အထိ ပြန်ရောက်လာတာမျိုးမရှိသေးဘူးလို့သိရပါတယ်။
လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် မောင်ဘုန်းတေဇ (အသက် ၇ နှစ်)၊ မောင်ဇင်ကို (အသက် ၁၄ နှစ်) ၊ မဆုရတီလှိုင် (အသက် ၇ နှစ်) ၊ မဝင်းဝင်းခိုင် (အသက် ၁၁ နှစ်)၊ မဇင်နွယ်ဖြိုး (အသက် ၉ နှစ်) ၊ မောင်စောမင်းဦး (အသက် ၁၃) နှစ် ၊ အမည်စုံစမ်းဆဲ ကလေးတစ်ယောက်၊ စတဲ့ ကလေးငယ် ၇ ယောက်ဟာ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့တာပါ။
အခုသေဆုံးတဲ့ကလေးတွေက လက်ယက်ကုန်းအပြင်၊ အင်ပင်ကျေးရွာ၊ ညောင်ဇီးကုန်းစတဲ့ကျေးရွာတွေကနေ ကျောင်းလာတက်ကြတဲ့သူတွေလည်းပါဝင်ပါတယ်။
သေဆုံးတဲ့ ကလေးတွေထဲမှာ မောင်စောမင်းဦးက ဖခင်နဲ့အတူ ငါးရှာထွက်နေချိန် လက်နက်ကြီးကျည်စ ထိမှန်ပြီးသေဆုံးခဲ့တာပါ။ သူ့ရဲ့ ရုပ်အလောင်းကလွဲရင် အခြားကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို မရရှိခဲ့ပါဘူး။ ဒေသခံတွေကတော့ စစ်တပ်က အကုန်လုံးကို ယူသွားတယ်လို့ ဆိုကြပါတယ်။။
အဲ့ဒီနေ့မှာပဲ လက်ယက်ကုန်းကျေးရွာထဲက ဖမ်းဆီးပြီး အသတ်ခံရသူတွေကတော့ ဦးကျော်ထွန်း အသက် ၄၉ နှစ်၊ ဦးအောင်စောထွေး အသက် ၃၄ နှစ်၊ ဦးတင်စိုးခိုင် အသက် ၃၁ နှစ်၊ မယု အသက် ၃၇ နှစ်၊ မောင်အောင်အောင်ဦး အသက် ၁၆ နှစ်၊ မောင်အောင်ချစ်မိုး ၂၂ နှစ် တို့ ဖြစ်ပါတယ်။
စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲ ဒဏ်ရာရထားတဲ့ ဆရာ၊ ဆရာမအပါဝင် ကလေးငယ် ၁၅ ယောက်ကတော့ ရေဦးမြို့နယ် ဆေးရုံမှာရှိနေတယ်လို့ သိထားကြပေမဲ့ မိသားစုနဲ့တွေ့ခွင့်မရကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် ညောင်တွင်းအနောက်ရွာ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကွေးတိုင်း မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၅၀ ဝန်းကျင် မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စိုင်ဂေါင်းကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ညောင်တွင်းအရှေ့ရွာမှာ တပ်စွဲနေတာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အဲ့လိုတိုက်ပွဲဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မနက်မှာ ညောင်တွင်းအနောက်ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။
"ညောင်တွင်း အရှေ့ရွာမှာ တပ်စွဲတာကို ဝင်တိုက်ကြတာ။ စကစ ဘက်က ဘယ်လောက်အထိနာလဲ၊ သေလဲတော့ မသိဘူးဗျ။ ဒီနေ့မနက်မှာ မီးရှို့ပြီးထွက်သွားကြတာပဲ။ နေ့လယ်ပိုင်းအထိလောင်နေလို့ ဝင်ငြှိမ်းနေကြတုန်းပဲ"လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်က အဲ့ဒီစစ်ကြောင်းနဲ့ မြိုင်၊ ပခုက္ကူ၊ ရေစကြို ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဟာ နာရီဝက်လောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက်၊ ကျဆုံးစာရင်းကိုတေ မသိရှိရသေးဘူးလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး မီးရှို့ ခဲ့တယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာ အုပ်စု၊ အာလမ်ရွာ ရပ်ကွက် (၂) မှာ၊ ဒေသခံ လီဆူအမျိုးသားတစ်ယောက် ကို စက်တင်ဘာ လ ၁၈ ရက်နေ့ည ၉နာရီကျော်လောက် က သူ့နေအိမ်မှာတင် ပစ်သတ်ပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“ဖြစ်စဉ်ကအာလမ် တကြောက ဒေသခံတွေက တနိုင်တပိုင် ရွှေလေးတွေလုပ်စားကြတယ်ပေါ့နော်။ သူက မနေ့ညက အဲ့ဒီမြစ်ဆိပ်ကိုသွားပြီးဖောင်းသွားကြည့်တာပေါ့ဗျာသူတပ်နဲ့သွားတိုးတာပေါ့။ သူက ထွက်ပြေးတော့အိမ်ရောက်ခါနီး ခြံအဝင်ဝမှာတပ်ကပစ်သတ်လိုက်တယ်လို့ပြောတယ်။ ပစ်သတ်ပြီးတော့သူ့ရဲ့အကိုက ထွက်လာတယ်သူ့အကို ကိုကျတော့ တိုင်မှာကြိုးတုတ်ထားတယ်ပေါ့ဗျာ။ သူ့အမေကိုကျတော့ အပေါ်ကနေအောက်မဆင်းခိုင်းဘူးတဲ့ သူသေသွားတဲ့အလောင်းကိုကျတော့ အိမ်ထဲသွင်းပြီးတော့ အိမ်က ဌက်ပျော်ပင်စိုက်ထားတဲ့နားမှာ အိမ်က ထင်းတွေနဲ့အလောင်းကို မီးရှို့ သွားတယ်။ စစ်တပ်ကဆိုတာတော့သေချာတယ်” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ဒါအပြင်စက်တင်ဘာ ၁၇ ရက်နေ့ အဲ့ဒီရွာနားမှာဘဲ တပ်က ဗိုလ်ကြီးတစ်ယောက်က ရွာသားတစ်ယောက်ကို ဆိုင်ကယ်နဲ့ တိုက်ပြီးထွက်ပြေးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး ရွာထိပ်အရောက်မှာ ကားဘီးပေါက်ကာ အဲ့ဒီယာဉ်တိုက်မှုဖြစ်ခဲ့ပြီးနောက်ပိုင်း ဗိုလ်ကြီးပျောက်သွားတာကြောင့် စစ်တပ်ကတွေ လိုက်ရှာနေတာလဲဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၅နာရီလောက်ကနေစပြီး၊ အာလမ် ဒွမ်ဂန်ရွာထိပ်မှာလဲ ရှာဖွေ စစ်ဆေးရေးတွေပြုလုပ်နေတယ်လို့ပြောပါတယ်။တချို့အိမ်တွေကိုဆိုရင် အိမ်ထောင်စုစာရင်းပါ လူဦးရေစစ်ဆေးတာတွေပါလုပ်နေတယ်လို့ ဆိုပါတယ်။
အသတ်ခံရသူဟာ အိမ်ထောင်သည်အမျိုးသားအသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး စက်တင်ဘာ ၁၉ရက် မနက်မှာတော့ မီးရှို့ ထားတဲ့အလောင်း ပြာပုံဘဲ တွေ့ရတယ်လို့ဆိုပါတယ်။ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အာလမ် အူဗျစ်မှာတော့ အိမ်ခြေ ၅၀၀လောက်ရှိပြီး လူဦးရေး ၃၀၀၀ကျော် နေထိုင်တဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။
UWSA နဲ့တွေ့ဆုံမှု ရလဒ်ကောင်းခဲ့တယ်လို့ အေအေ ထုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ အခုလအတွင်း တွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ အေအေဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာ ၁၉ ရက် ဒီကနေ့သတင်းစာရှင်လင်းပွဲမှာ သူကိုယ်တိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ပါတယ်။
UWSA နဲ့ အေအေ ဒုစစ်ဦးစီးချုပ်တို့တွေ့ဆုံတဲ့အခါမှာ အဓိကဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောဆိုဖို့တော့ မရှိဘူးလို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်အေအေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်ရေးပြင်းထန်မှုတွေရှိလာနေပြီး နယ်စပ်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ပိတ်ဆို့ထားတာတွေ၊ စခန်းသိမ်းယူမှုတွေအထိရှိနေတာလည်းဖြစ်ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလား အထူးဒေသ(၄) NDAA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP / SSAA၊ ရက္ခိုင့်တပ်တော် AA၊ တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ခေါင်းဆောင်တွေ 'ဝ' ဒေသမှာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြတာပါ။
ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တက်ရောက်ခဲ့ခြင်းမရှိလို့ ရေးသားနေကြပေမယ့် KIA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသာတက်ရောက်နိုင်ခဲ့ခြင်းမရှိခြင်းသာဖြစ်ပြီး အဖွဲ့ဝင်တွေကတော့ တက်ရောက်ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအဖွဲ့တွေ့ဆုံမှုဟာ ယခင်နှစ်တွေက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အသွားအလာတွေကန့်သတ်ထားတာကြောင့် အဖွဲ့ဝင်အဖွဲ့အစည်းတွေ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အခု သွားလာလို့ရလာတဲ့အချိန်မှာ ပုံမှန်လုပ်ငန်းစဉ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
FPNCC အဖွဲ့ဝင်တပ်ဖွဲ့တွေတွေ့ဆုံကြရာမှာတော့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ ရှေ့ဆက်အလုပ်လုပ်ကိုင်နိုင်ရေးတွေကို အဓိကထားပြီးဆွေးနွေးခဲ့တာလည်းရှိတယ်လို့သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Ko Kang











