ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၁၈ ရက်ထိပ်တန်းသတင်းများ - လောက်ကိုင်စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာခက်ခဲနေ မြို့ထဲမှာ မီး နဲ့ ရေ ပြတ်တောက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့၊ တရုတ်နယ်စပ်က ရန်လုံကျိုင်း စစ်ရှောင်စခန်းနဲ့ မြို့ထဲမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ စားနပ်ရိက္ခာ မလုံလောက်တော့ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ကျွန်တော်ထင်တယ်။ အလွန်ဆုံး ရက်ပိုင်းလောက်ပဲတောင့်ခံနိုင်တော့မယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လောက်ကိုင်မြို့ကစစ်ရှောင်စခန်းတွေမှာ ရေဝင်ခဲ့လို့ နေထိုင်ရေးအတွက်ပါ အခက်တွေ့ခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်ရှောင်စခန်းတွေမှာ ရေကြီးရေလျှံဖြစ်မယ့်အထိတော့ စိုးရိမ်စရာမရှိဘူး လို့ စစ်ရှောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် လောက်ကိုင်မြို့ကို တရုတ်နိုင်ငံက ပေးထားတဲ့ လျှပ်စစ်မီး နဲ့ ရေပေးဝေမှုသာမက ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားတယ် လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်တွေက ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး ခေတ္တပိတ်ထားလို့ ပြည်မက ကုန်စည်ပစ္စည်းတွေ လောက်ကိုင်မြို့ကို ပို့လို့မရ တာ နှစ်ပတ်ကျော်လာနေပါပြီ။
ဒါကြောင့် လောက်ကိုင်မြို့ထဲပိတ်မိနေတဲ့သူတွေအားလုံး စားနပ်ရိက္ခာရှားပါးလာပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအကြာမှာ တရုတ်နိုင်ငံဘက်က သက်သာတဲ့ စျေးနှုန်း နဲ့ ဆန်လာရောင်းပေးဖူးပေမဲ့ နောက်ထပ်လာမရောင်းပေးတော့ဘူး လို့ သိရပါတယ်။
ကော့ကရိတ်က စစ်ကောင်စီဝန်ထမ်းတွေ အမြန်ဆုံးထွက်ခွာဖို့ KNU ပြော
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိနဲ့ ဝေါ်လေမြိုင် မြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအောက်မှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေသူတွေအားလုံး (၇)ရက်အတွင်း မြို့ထဲကနေ အမြန်ဆုံးထွက်ခွာသွားပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ပိုပြင်းထန်တဲ့ တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီး က KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောပါတယ်။
အခုကာလမှာ စစ်ကောင်စီအနေနဲ့ လက်ရှိစစ်ခေါင်းဆောင်ကို အပြောင်းအလဲလုပ်ပြီး အခြားလူနဲ့အစားထိုးကာ ဟန်ပြအပြောင်းအလဲတွေလုပ်လာနိုင်တယ်လို့ ပဒိုစောတောနီးက ထောက်ပြပြောဆိုခဲ့ပြီး ဒီလိုတွေကြုံတွေ့ခဲ့ရင် ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေအနေနဲ့ပါ တွေဝေမနေဘဲ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့အတွက် ဆက်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် KNU ရဲ့ စာရင်းအရ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် စက်တင်ဘာလ အထိ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း တစ်သောင်းတစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ သောင်းကျော် သေဆုံးထားခဲ့ပြီလို့ ပြောပါတယ်။
စစ်ကောင်စီကတော့ KNU နဲ့တိုက်ပွဲတွေအကြောင်း ထုတ်ပြန်ကြေညာလေ့မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ကြိုဆိုကြောင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်မှာ ထည့်ပြောခဲ့ပါတယ်။
ပဲခူး၊ တောင်ငူမှာ တိုက်ပွဲပြင်းထန်
စစ်တောင်းမြစ်ကူးတံတားပိတ်
ပဲခူးတိုင်း၊ တောင်ငူမြို့တဝိုက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပြီး စစ်တောင်းမြစ်ကူးတံတားကိုလည်း စစ်ကောင်စီက သွားလာခွင့်ပိတ်ထားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
"မနေ့ညကတည်းက ၄ မိုင် ၅ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ တောင်ငူမြို့ပေါ်ကပါ ပစ်ခတ်သံတွေကြားနေရတာ။ လက်နက်ကြီးသံတွေလည်း တအုန်းအုန်းကြားနေရတာ ဒီမနက်အထိပဲ" လို့ တောင်ငူမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါဟာ တောင်ငူမြို့နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ကြားက အရပ်အခေါ် ၄ မိုင်၊ ၅ မိုင်တဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတာလို့ မြို့ခံတွေက ပြောကြပါတယ်။
ဒါကြောင့် ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာပဲ စစ်တောင်းမြစ်ကူးတံတားမှာ စစ်ကောင်စီကလုံခြုံရေးတပ်ဖွဲ့တွေထားရှိပြီး ကားသွားလာခွင့်ပိတ်ထားပါတယ်။
"တိုက်ပွဲက ပြင်းထန်နေပါတယ်။ ရန်သူအကျဆုံးများပါတယ်။ PDF ပူးပေါင်းဖက်လဲ အနည်းငယ်ထိခိုက်မှုရှိတယ်" လို့ ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ PDF စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဲခူးနဲ့ ကရင် ကြားက ဒီတိုက်ပွဲနဲ့ပတ်သက်လို့ နေ့လယ်ပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရပါဘူး။
ကရင်နီကိုပို့မယ့်လက်နက်တွေဖမ်းမိတယ်လို့ စစ်ကောင်စီပြော
လွိုင်ကော်မှာတိုက်ပွဲဆက်ပြင်းထန်နေ
ကယား (ကရင်နီ) ပြည်နယ်အတွင်းကို ပေးပို့မယ့် RPG ဒုံးပစ်လောင်ချာ၊ တရုတ်စက်လတ်၊ မောင်းပြန်ရိုင်ဖယ်အလက် ၁၀၀ ကျော် အပါအဝင် ဒုံးသီး၊ ဗုံးသီး အလုံးရေထောင်ချီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လက်နက်နဲ့ ကျည်မျိုးစုံကို သယ်ယူပို့ဆောင်ပေးနေတယ်လို့ဆိုပြီး အမျိုးသား ၇ ဦးကိုလည်း စစ်ကောင်စီကဖမ်းဆီးခဲ့သလို ဖမ်းဆီးခံရသူတွေထဲက ပေတူး (ခ) မာရီယာနို ရဲ့ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာက နေအိမ်ခြံဝင်းထဲက ဂိုဒေါင်အဆောက်အအုံထဲကနေ ဒီလက်နက်တွေကိုသိမ်းဆည်းရမိတာလို့ ဖော်ပြပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF တို့ရဲ့ စေခိုင်းချက်ကြောင့် ပင်လုံမြို့နယ်အပိုင် ကုန်းကျောင်းရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးဆီကနေ ဒီလက်နက်တွေကို လေးကြိမ်ခွဲယူဆောင်ခဲ့ကြောင်း ဖမ်းဆီးထားသူတွေက ထွက်ဆိုတယ်လို့ စစ်ကောင်စီက ဖော်ပြထားတာပါ။
စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို စစ်ကောင်စီထုတ်ပြန်တဲ့လက်နက်ကိစ္စနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းကြည့်ရာမှာတော့ အတည်ပြုချက်မပေးနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။
"ကျွန်တော်တို့ဆီ ဗဟို ကနေ ဘာအချက်အလက်မှပြောလာတာမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးပါဘူး" လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီတော်လှန်ရေးအင်အားစုတို့ရဲ့ ၁၁၁၁ စစ်ဆင်ရေး (၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာလည်း လွိုင်ကော်မြို့ မြောက်ဘက်ခြမ်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရော လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ KNDF ဆီက သိရပါတယ်။