ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၂၄ ရက် ထိပ်တန်းရောက်သတင်းများ- စစ်ခေါင်းဆောင် နဲ့ မစ္စတာ ဘန်ကီမွန်းတွေ့ဆုံ
စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့မနက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
'' မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် မစ္စတာဘန်ကီမွန်းဟာ သမ္မတဟောင်းဦးသိန်းစိန် နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပြီး တွေ့ဆုံမှုအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်မပြောပါဘူး။
မစ္စတာဘန်ကီမွန်းဟာ အခုမြန်မာခရီးစဥ်ကို ကမ္ဘာခေါင်းဆောင်ဟောင်းတွေ၊လူသိများထင်ရှားသူ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးပညာရှင်တွေနဲ့ ဖွဲ့ စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အနေနဲ့လာရောက်တာဖြစ်ပြီး ဒီကနေ့မှာပဲ နေပြည်တော်ကပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။
The Elders အဖွဲ့ဟာ မြန်မာ့အရေးတက်ကြွစွာပြောဆိုဆောင်ရွက်လေ့ရှိတဲ့ သြဇာရှိကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားလို့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာခရီးစဥ်မှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေး တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းထွက်ပေါ်ခဲ့တာပါ။
ဒါပေမဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ အခု ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ
မရှိဘူးလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး
ဦးသန်းဆွေတို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
လေကြောင်း ၇ ကြိမ်တိတိ တိုက်ခိုက်၊ တောမရွာမီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မင်းဝံတောင်ရိုးတကြောက နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်ကောင်စီဘက်က ဒီကနေ့ မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီ ကျော်အထိ ဆက်တိုက် လေကြောင်းနဲ့ ၇ ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းနဲ့တိုက်ခိုက်တာအပြင် မြေပြင်မှာပါ တောမရွာကနေအိမ်တွေကို မီးရှို့နေတာကြောင့် တောမ၊ ဝဲကြီး၊ ဖုန်ကုန်း၊ မရသိမ်စတဲ့ ကျေးရွာ လေးရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
"တောမရွာတောင်ပိုင်းတခုလုံး မီးကျွမ်းနေပြီ။ ကလေးလူငယ်လူကြီးအကုန်လုံးထွက်ပြေးနေရတာ၊ အခုဘယ်ကိုပြေးရမှာလဲ။ ကျွန်မတဲကိုလည်း မွှေနေတယ်၊ အဲ့တဲမှာသယ်ထားတဲ့ပစ္စည်းက မီးလောင်သွားရင် ကျွန်မမှာ ဘယ်မှာမကျန်တော့ဘူး" လို့ တောမရွာခံတဦးက ဘီဘီစီကိုပြောပါတယ်။
မနက်ပိုင်းမှာ မြစ်ကြီးနားဘက်ကနေ လေယာဉ် ၅ စီး ဆက်တိုက်လာရောက်ဗုံးကြဲခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာတော့ တံတားဦးကနေ ဂျက်ဖိုက်တာ ၂ စီးက ဗုံးတလုံးစီ ပစ်ချခဲ့တာလို့ မျက်မြင်ပြည်သူတွေက ပြောပါတယ်။
အခုလို တရက်ထဲ ထီးချိုင့်မြို့ကို လေကြောင်းဆက်တိုက်အသုံးပြုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးသလို ဘီဘီစီဘက်ကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ထီးချိုင့်မြို့ပေါ်ကနေ ညောင်ပင်သာရွာဘက်ကို ဧပြီ ၂၀ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စဝင်ရောက်လာပြီးနောက် ဧပြီ ၂၂ ရက်ကစကာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာလို့ သိရပါတယ်။
နှစ်နှစ်တာအတွင်း တိုက်ပွဲအကြိမ် ၂၀၀ ကျော်ဖြစ်ခဲ့တယ်လို့ CDF မင်းတပ်ပြော
ဒီကနေ့ ဧပြီ ၂၄ ရက်နေ့ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တည်ထောင်တာ နှစ်နှစ်ပြည့်ဖြစ်ပြီး ဒီကာလအတွင်း စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲ ၂၁၈ ကြိမ်ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလမှာ တလထဲ အကြိမ် ၃၀ နဲ့ အများဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး အခု ၂၀၂၃ ခုနှစ်အစမှာတော့ တိုက်ပွဲ ၉ ကြိမ်ဖြစ်ထားပြီလို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း CDF မင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးထားပြီး ၂၀၂၁ ခုနှစ်ထဲမှာ အများဆုံးသေဆုံးထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီဘက်ကလည်း အယောက် ၄၅၀ ကျော်သေဆုံးထားတယ်လို့ ထုတ်ပြန်ခဲ့ပြီး ဘီဘီစီဘက်ကတော့ ဒီအချက်အလက်အတိအကျရနိုင်ဖို့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
လက်ရှိအချိန်အထိ မင်းတပ်မြို့နယ်ထဲမှာ စစ်ရေးတင်းမာမှုတွေဆက်ရှိနေသလို ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းတုန်းကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စာသင်ကျောင်းနဲ့ ပြည်သူ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ CDF မင်းတပ်က ပြောပါတယ်။
ဒါကြောင့် မင်းတပ်ဒေသခံတွေအနေနဲ့ လက်နက်ကြီးအန္တရာယ်ကို ထိခိုက်မှုနည်းအောင် သတိနဲ့ နေထိုင်ပေးကြဖို့ CDF မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်၊ သိုင်းငင်းနားမှာ နှစ်ဖက်တိုက်ပွဲဖြစ် ဟားခါး၊ ချွန်ကျုံးရွာကို လေကြောင်းတိုက်ခိုက်
ဒီကနေ့ ဧပြီ ၂၄ ရက် မနက်ပိုင်းကစလို့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကြား ကလေး - သိုင်းငင်းလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းသိရှိသူတွေက ပြောပါတယ်။
"ဧပြီ ၁၈ ရက်က ကလေးမြို့ကနေ ကနေဒီတောင်ကြားကို စစ်ယာဉ် ၄ စီးတက်တယ်။ အခုက ကနေဒီကနေ ကလေးဘက် ပြန်အဆင်းမှာ ဖြစ်နေကြတာပါ။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။
တခါ ချင်းပြည်နယ်၊ ဟားခါးမြို့က ချွန်ကျုံးရွာကိုလည်း မနေ့ညပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက ကနဦးသိထားရပြီး အထိအခိုက်အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး CNF ဘက်ကိုမေးမြန်းဖို့ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ထီးချိုင့် မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံနေရ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က မင်းဝံတောင်ရိုးတကြောမှာ ဧပြီ ၂၂ ရက်ကစပြီး တိုက်ပွဲစဖြစ်ခဲ့ရာကနေ ဒီကနေ့ ဧပြီ ၂၄ ရက်မှာတော့ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ပါလာရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ရွာခံတွေဆီက သိရပါတယ်။
"မနက်အစော ၃ နာရီကတည်းက စစ်ကောင်စီဘက်က ပစ်နေတာ၊ မနက်မိုးလင်းတာနဲ့ တပ်ပေါင်းစုဘက်ကလည်း ပြန်ပစ်တော့ ဒီနေ့ တိုက်ပွဲ ပြင်းထန်ဆုံးပဲ။ ၁၀ နာရီမှာ တိုက်လေယာဉ် တစ်စီးနဲ့လာပစ်တယ်၊ သူပြန်သွားတော့ နောက်တစ်စီး။ တစ်စီးပြီးတစ်စီးကို လေးစီးနဲ့လာပစ်သွားတယ်။ မြစ်ကြီးနားက တက်လာတာဗျ" လို့ ထီးချိုင့်ရွာခံ တဦးက ပြောပါတယ်။
မနေ့နဲ့ ဒီနေ့ တိုက်ပွဲတွေအတွင်း ဝဲကြီးရွာနဲ့ ဖုန်ကုန်းရွာက နေအိမ်၊ ကင်းတဲတွေပေါ် လက်နက်ကြီးကျည်တွေကျရောက်တာကြောင့် မီးလောင်ပျက်စီးတာတွေရှိနေပြီး အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကရော စစ်ကောင်စီဘက်ကပါ ဒီကနေ့ နေ့လယ် ၁၂ နာရီ အထိ တစုံတရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
သုံးရက်အတွင်း စစ်ကိုင်းမြို့နယ် ကျေးရွာသုံးရွာက နေအိမ်ရာနဲ့ချီ မီးရှို့ခံရ
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကစပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ကနေ မူးမြစ်ကိုဖြတ်ပြီး စစ်ကိုင်းမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သုံးရက်အတွင်း အင်းစ၊ တောင်ကြား၊ မူးသာ စတဲ့ ရွာသုံးရွာက နေအိမ် ရာနဲ့ချီကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက်မှာ အင်းစရွာက နေအိမ် ၃၀၀ ဝန်းကျင်၊ တောင်ကြားရွာက နေအိမ် ၁၀ လုံးခန့် နဲ့ ဧပြီ ၂၃ ရက်မှာတော့ မူးသာရွာက နေအိမ် အလုံး ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
"၂၁ ရက်က အင်းစရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က လက်နက်ကြီးနဲ့ထုတယ်။ နောက်ထိပ်တိုက်တွေ့တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးဘက်က ပြန်ဆုတ်သွားတယ်။ စစ်ကောင်စီအင်အားက ၁၀၀ နီးပါးကို ပါတာဗျ" လို့ စစ်ကိုင်းမြိုန့ယ်ရွာခံတဦးက ပြောပါတယ်။
ဧပြီ ၂၂ ကစပြီး ဒီကနေ့ ဧပြီ ၂၄ ရက်မနက်အထိ စစ်ကိုင်းမြို့နယ်တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။
ခရမ်းမြို့မှာ PDF ၆ ဦး ဖမ်းဆီးခံရ
ရန်ကုန်တိုင်း၊ ခရမ်းမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရတယ်ဆိုပြီး ခရမ်း PDF က ဧပြီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရအပြီးမှာ ဖမ်းဆီးခံရသူတွေကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက်တွေကို လိုက်လံဖမ်းဆီးတာ၊ မြို့နေပြည်သူတွေကို ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဆိုလည်းဆိုပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်ကာလ ဧပြီလ ၁၄ ရက်နေ့တုန်းက ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးထဲက စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်တွေကို ခရမ်း PDF က ဝင်ရောက်ပစ်ခတ်လို့ ရဲ ၂ ယောက်သေဆုံးပြီး သေနတ် ၂ လက်ကို ရရှိသွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က ခရမ်း PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးမှု ထွက်ပေါ်လာတာပါ။
‘‘အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က မြို့လုံးပိတ်ဆို့ပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်။ ရန်ကုန်ကို တိမ်းရှောင်ရင်း နယ်မြေ မကျွမ်းကျင်တော့ ဖမ်းဆီးခံရတာပါ။ ။ အခုလည်း ဖမ်းထားတဲ့သူတွေကို စစ်သားတွေ စခန်းချနေတဲ့ ခရမ်းအားကစားရုံထဲမှာ စစ်ဆေးနေတယ်။ သူတို့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်’’လို့ ခရမ်း PDF ဘက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခံရသူတွေနဲ့ ဖုန်းကိုအသုံးပြုပြီး ခရမ်းမြို့သူမြို့သားတွေဆီ ဖုန်းဆက်နေတာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့လည်း အဲဒီအဖွဲ့က တိုက်တွန်းပါတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်းနေပြည်တော်ရောက်နေ၊ စစ်ကောင်စီနဲ့တွေ့ဖို့ရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိနေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ မနေ့ ဧပြီ ၂၃ရက် ညနေပိုင်းက နေပြည်တော်ကိုရောက်ရှိနေတယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ အခုမြန်မာခရီးစဥ်ကို ကမ္ဘာခေါင်းဆောင်ဟောင်းတွေ၊လူသိများထင်ရှားသူ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးပညာရှင်တွေနဲ့ ဖွဲ့ စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ အနေနဲ့လာရောက်တာဖြစ်ပြီး ဘယ်အရေးကိစ္စ အတွက် လာရောက်တယ်ဆိုတာကိုနှစ်ဖက်လုံးက တိတိကျကျထုတ်ဖော်ပြောတာမရှိသေးပါဘူး။
ဒါပေမဲ့ ဒီအဖွဲ့ဟာ မြန်မာ့အရေးတက်ကြွစွာပြောဆိုဆောင်ရွက်လေ့ရှိတဲ့ သြဇာရှိကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားလို့ အခုမစ္စတာဘန်ကီမွန်းရဲ့ မြန်မာခရီးစဥ်မှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေး တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းထွက်ပေါ်နေတာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်
လူအများအပြားသေဆုံးတာကို ရပ်တန့် ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ မစ္စတာ ဘန်ကီမွန်းက ၂၀၂၁ခုနှစ် အစောပိုင်းကာလတွေကတည်းက တိုက်တွန်းခဲ့ဖူးပါတယ်။
လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အနေနဲ့လည်း မြန်မာစစ်တပ်နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း သူကပြောခဲ့ဖူးသလို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အခုလို ဧပြီလမှာပဲ အဲဒီအချိန်က မြန်မာနိုင်ငံကိုလာဖို့ သူကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံလို့ သွားရောက်ခွင့်မရဘူးလို့ပြောခဲ့ဖူးပါတယ်။
အခုတော့ သူ့တောင်းဆိုချိန် ၂နှစ်ပြည့်ချိန်မှာ စစ်ကောင်စီဘက်က သူ့ကိုလာရောက်ခွင့်ပေးခဲ့တယ်လို့နားလည်ရပါတယ်။
မစ္စတာဘန်ကီမွန်း ကို စစ်ကောင်စီဘက်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့်ရှိသူတွေက ကြိုဆိုခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပြီး မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဥ်ကို အသေးစိတ်သိရဖို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူကို ဘီဘီစီက ဆက်သွယ်နေပါတယ်။
မစ္စတာဘန်ကီမွန်းဟာ သမ္မတဦးသိန်းစိန်လက်ထက်က ပြည်ထောင်စုလွှတ်တော်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောခဲ့ဖူးသလို ၂၀၁၅ ခုနှစ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးချိန်မှာ ကုလသမဂ္ဂရဲ့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့သူဖြစ်ပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဘက်က မြန်မာ့အရေးအတွက် ဆုံးဖြတ်နိုင်စွမ်းရှိသူ အမျိုးသားအဆင့်ခေါင်းဆောင်တွေ အားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လိုအပ်တယ်လို့ ပြောထားသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဘက်ကလည်း မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းစွာအဖြေထုတ်ရေးကြိုးပမ်းကြဖို့ တိုက်တွန်းထားတာပါ။
၁၈ ရက်အတွင်း မန္တလေး PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲ ၂၂ ကြိမ် ဖြစ်
စစ်ကောင်စီအရာရှိတချို့ သေဆုံးခဲ့တယ်လို့ NUG ဘက်ကပြော
ဧပြီ ၅ ရက်နေ့ကနေ ၂၂ ရက်နေ့ ၁၈ ရက် အတွင်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲ ၂၂ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အင်အား ရာနဲ့ချီအသုံးပြုခဲ့သလို Yak 130၊ SU 30 လိုတိုက်လေယာဉ်တွေသာမက လက်နက်ကြီးတွေပါ အသုံးပြုခဲ့တယ်လို့ NUG က ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၂၂ ရက်နေ့တုန်းကလည်း စစ်ကောင်စီရဲ့ ခလရ ၁၄၇ စခန်းကုန်းကို PDF ဘက်က တိုက်ခိုက်နေရာယူနိုင်ခဲ့ပြီးနောက် အဲ့ဒီနေရာကို အိမ်စီးကား ၂ စီး ရောက်ရှိလာခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းကို အသေဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီရဲ့ အရာရှိတချို့အပါအဝင် စစ်ကောင်စီဘက်က အယောက် ၁၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ပြောထားပြီး PDF ဘက်ကတော့ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမှာ ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းဖမ်းဆီးအသတ်ခံရတဲ့အကြောင်း မနေ့ ဧပြီ ၂၃ ရက် ညပိုင်းကတည်းက သတင်းတွေဖော်ပြနေကြပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီဘက်ကလည်း ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။