စစ်ကောင်စီက ဖွဲ့စည်းပုံပြင်ဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြောတာက အဖြေမဟုတ်ဘူးလို့ ဆို

တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေထဲက ဖြစ်နိုင်တာ ဖြစ်သင့်တာတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တချို့ကို ပြင်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပေမဲ့ ဒီဖွဲ့စည်းပုံက ပျက်ပြယ်နေပြီလို့ ယူဆကြောင်း ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောပါတယ်။
ဖွဲ့စည်းပုံ ပြင်ဖို့နဲ့ပတ်သက်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခဲ့တာ ၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဋ္ဌက ရုပ်မြင်သံကြားက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောသွားတာ ဖြစ်ပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆက်လက်ဆောင်ရွက်သွားရာမှာ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
၂၀၁၅ တုန်းက NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ABSDF အဖွဲ့က ရဲဘော်ဆန်နီကတော့ “တပ်မတော်က အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မညီတော့ဘူး။ တပ်မတော် ကိုယ်တိုင်က ဖွဲ့စည်းပုံကို ဖျက်လိုက်ပြီလို့ပဲ မှတ်ချက်ပေးလို့ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတာတွေက အနာဂတ်နိုင်ငံရေးမှာပဲ ပြောပြော ၊ ဒီကနေ့ နိုင်ငံရေးမှာပဲ ပြောပြော၊ ဒီကနေ့ ပြည်သူလူထုတရပ်လုံးရဲ့ တောင်းဆိုမှုလို့ပဲ ပြောပြော အကျုံးမဝင်တော့ဘူးလို့ပဲ ပြောလို့ ရပါတယ်။ ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျင့်သုံးနေသူတွေကတော့ စစ်ကောင်စီ အစုအဖွဲ့ပဲ ရှိတော့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း အာဏာသိမ်းတာ၊ ဖွဲ့စည်းပုံအခြေခံနဲ့ အညီ တာဝန်ထမ်းဆောင်နေတာပါလို့ တလျှောက်လုံး ကာကွယ်ပြောဆိုနေပေမဲ့ အမျိုးသား ညီညွတ်ရေးအစိုးရအပါအဝင် အတိုက်အခံ အင်အားစုတွေကတော့ စစ်အာဏာသိမ်းပြီးနောက် မကြာမီမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းတဲ့အကြောင်း ကြေညာခဲ့ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားမယ်ဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ကျော်လုပ်မှာလည်း မဟုတ်ဘူး၊ ဖျက်ပစ်မှာလည်း မဟုတ်ဘူး၊ အခုတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ပြီး အခြေခံ ဥပဒေ အသစ်ရေးဆွဲမှာလည်း မဟုတ်ဘူး။ ဆိုတော့ ရွေးကောက်ပွဲကို မလွဲမသေ ဖြတ်သန်းရမယ့်သဘောပေါ့။ ရွေးကောက်ပွဲကို ဆန့်ကျင်မယ်ဆိုရင်တော့ အာဏာသိမ်းတာ ဆက်ရှည်သွားမယ့် သဘော” လို့ ယူဆလို့ ရနိုင်တဲ့အကြောင်း သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွေးကောက်ပွဲက အဖြေလား
ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပမယ်လို့ စစ်ကောင်စီ အကြီးအကဲက အတိအကျ ထည့်သွင်းပြောဆိုမသွားပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးသွားဖို့ ဆောင်ရွက်နေပြီး လွှတ်တော်အလိုက် သီးခြားဥပဒေပြုမှုတွေ ထားရှိဖို့ကိုလည်း အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရဲဘော်ဆန်နီကတော့ အခုချိန်မှာ “ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အဖြေမဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်တာဟာ တိုင်းပြည်ရဲ့ ပြဿနာကို ပိုရှုပ်ထွေးစေတယ်။ ဖြေရှင်းလို့ မရတဲ့ အခြေအနေ ဖြစ်တယ်” လို့ သုံးသပ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အများစုမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပေမဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ စစ်ကောင်စီတို့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတာတွေလည်း ရှိပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ဝ တပ်ဖွဲ့ဟာ ပြည်နယ် သတ်မှတ်ဖို့ တောင်းဆိုထားသလို မိုင်းလားအဖွဲ့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တောင်းဆိုထားပြီး စစ်ကောင်စီငြိမ်းချမ်းရေးဘက်ကလည်း မူအားဖြင့်သဘောတူထားပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုတွေနဲ့ ပတ်သက်လို့ ရဲဘောဆန်နီကတော့ “တရားဝင်အုပ်ချုပ်ပိုင်ခွင့် (legitimacy) မရှိတဲ့ အဖွဲ့အစည်းနဲ့ တရားဝင်မှု ဖြစ်နိုင်တဲ့ ကိစ္စရပ်တွေကို သွားရောက်ဆွေးနွေးတာဟာ ဘယ်လောက်ထိ ထိရောက်မှု ရှိမှာလဲ။ လူထုကကော နိုင်ငံတကာကပါ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမထားတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးထိတွေ့ဆက်ဆံတဲ့ ကိစ္စရပ်တွေဟာ မေးခွန်းတွေ အများကြီး ရှိတယ်” လို့ ထောက်ပြပြောဆိုပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီက NCA ၇ နှစ်ပြည့်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) အပါအဝင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ စတဲ့ NCA အခြေခံမူ (၃) ချက်ကို ဒီကနေ့အထိ ကြိုးစားအကောင်အထည်ဖော်နေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dsinfo








