သြဂုတ်လ ၂၂ ရက် ထိပ်တန်းသတင်းများ - NUG၊ PDF နဲ့ မဆွေးနွေးဘူး လို့ စစ်ကောင်စီပြော

PDF တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, PDF တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်
ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့ ဆွေးနွေးမှာ မဟုတ်ဘူး လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

‘’ အကြမ်းဖက်လို့ ကြေညာထားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားစရာ အကြောင်းမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားနိုင်ဖို့အတွက်ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ် လို့ ကမ္ဘာသိကြေညာဖို့ လိုပါတယ်။’’ လို့ သူက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ဖို့ အချက် နှစ်ချက်ကို စစ်ကောင်စီက ပြောခဲ့ပေမဲ့ NUG နဲ့ PDF ဘက်က မလိုက်လျောနိုင်မယ့် စကားလုံးမျိုးကို ရွေးချယ်သွားတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် ခုခံတော်လှန်စစ်ကို ကူညီပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကို မတရားအသင်းကြေညာမလားလို့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်မဖြေဘဲ သူတို့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း နယ်စပ်ဒေသတွေတင် မဟုတ်ဘဲ စစ်ကောင်စီစိုးမိုးထားတဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းနယ်မြေတွေအထိကို ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားပါတယ်။

ဘယ်မြို့တွေကို အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေအဖြစ် NUG သတ်မှတ်လဲ

နေပြည်တော် PDF  စစ်ကြောင်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, NPT PDF

ဓာတ်ပုံ ပုံစာ, နေပြည်တော် PDF စစ်ကြောင်းတစ်ခု

‘’လမ်းအားလုံးနေပြည်တော် သို့’’ စစ်ဆင်ရေးမှာပါဝင်တဲ့ အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ပြောလိုက်ပြီး နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး နဲ့ ဧရာဝတီတိုင်း တွေပါဝင်တယ် လို့ ဆိုပါတယ်။

ဒေသအားလုံးမှာ PDF တပ်ဖွဲ့တွေရှိနေပြီး နယ်စပ်ဒေသတင် မဟုတ်ဘဲ ရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက် ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

‘’ဒီစီမံချက်အတွက် အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေရှိလိမ့်မယ်။ ဒီနယ်မြေတွေမှာ မန္တလေး၊ နေပြည်တော် ပဲခူး ရန်ကုန် ဧရာဝတီတိုင်းတွေ ပါမယ်။ ရန်သူက အုပ်ချုပ်ရေး အရရော စစ်ရေး အရပါ စိုးမိုးထားနိုင်သေးတဲ့ နယ်မြေတွေပဲ။’’ လို့ သူက ပြောပါတယ်။

ဒီနယ်မြေတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး စစ်ဆင်ဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ လမ်းအားလုံးနေပြည်တော် သို့ စီမံချက်ရဲ့ ဦးတည်ရာ လည်းဖြစ်ပြီး အကောင်အထည်ဖော်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

‘’ရန်သူ့စိုးမိုးနယ်မြေထဲမှာ ရန်ကုန်က အဓိကကျတယ်’’ လို့ ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်းပိတ်ပွဲမှာ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ရန်ကုန်ကို မြို့ပြပြောက်ကျားလှုပ်ရှားမှုကို အားပြုလှုပ်ရှားဆောင်ရွက်ခဲ့ရာကနေ တဆင့်တက်ပြီး PDF တပ်ရင်း တပ်ဖွဲ့များအနေနဲ့ တိုက်ပွဲဝင်နိုင်ဖို့ပြင်ဆင်နေကြပြီ လို့ သူက ပြောပါတယ်။

မကြာသေးခင်က နေပြည်တော်အစပ်က တောင်ပေါ်ရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးအရ ရော ကာကွယ်ရေးအရရော ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ် လို့ NUG ရဲ့ စီမံချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီက ရုရှားအကူအညီနဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့စီစဉ်

ရုရှား အာကာသယာဉ်လွှတ်တင်ရေးစခန်းကို သွားရောက်လေ့လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းကို သွားရောက်လေ့လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ ရုရှား နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးပြီလို့ စစ်ကောင်စီရုံးက သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’ဂြိုဟ်တုက ရဖို့လွယ်ပါတယ်။ လွှတ်တင်ဖို့ပဲ ခက်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင် လွှတ်တင်နိုင်တော့မှာပါ’’ လို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီဂြိုဟ်တုနဲ့ပတ်သက်လို့ ဘယ်လောက်ကုန်ကျမလဲ ဆိုတာကို အဲဒီသတင်းအရင်းအမြစ်က မပြောပြဘဲ ကုန်ကျစရိတ်ကို လက်ငင်းငွေချေစရာမလိုဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အပေါ်ရောက်ပြီးသား ဂြိုဟ်တုတစ်ခုကို ၂၀၁၆ ခုနှစ်၊ မေလထဲမှာ နှစ်ရှည်ငှားရမ်းခဲ့ပါတယ်။ အဲဒီဂြိုဟ်တုဟာ ဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး Myanmar Sat-1 လို့ နာမည်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ နည်းပညာပိုင်းဆိုင်ရာပိုမိုအဆင့်မြှင့်ထားတဲ့ Myanmar Sat-2 ကို လွှတ်တင်ခဲ့ပြီး ကိုယ်တိုင်ပိုင်ဆိုင်တဲ့ ဂြိုဟ်တုလို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Myanmar Sat-2 အတွက် International Telecommunications Satellite Organization က လွှတ်တင်မယ့် Intelsat 39 ဂြိုဟ်တုကို မြန်မာနိုင်ငံက တစိတ်တပိုင်း ဝယ်ယူတာမို့ မြန်မာဘက်က အချိုးကျ ပိုင်ဆိုင်တာလို့ကြေညာခဲ့တာ ဖြစ်ပါတယ်။

Myanmar Sat -2 ကို အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။

လက်ရှိ စစ်ကောာင်စီရဲ့ ကိုယ်ပိုင်ဂြိုဟ်တု အစီအစဉ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မနှစ်က ရုရှားခရီးစဉ်ကတည်းက စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနှစ်က ရုရှားခရီးစဉ်အတွင်း Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဒီအစီအစဉ်ကို လူသိရှင်ကြားထုတ်မပြောတာမရှိဘဲ ရုရှားဘက်က လာတဲ့သတင်းတွေကြောင့်သာ ဂြိုဟ်တုဝယ်ယူမယ့်အစီအစဥ်ကို သိရတာဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် အာကာသဆိုင်ရာအေဂျင်စီ Roscosmos အကြီးအကဲ ယူရီ ဘောရီဆော့ဗ်က မြန်မာအပါအဝင် ဗီယက်နမ်၊ အယ်လ်ဂျီးရီယား၊ အီဂျစ်နဲ့ တောင်အာဖရိကနိုင်ငံတွေ လိုချင်တဲ့ ဂြိုဟ်တုအမျိုးအစားတွေအတွက် စာချုပ်တွေပြင်နေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြောထားပါတယ်။

စစ်ကောင်စီဟာ ရုရှားအကူအညီနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ကိုလည်း စီစဉ်နေတာ ဖြစ်ပြီး အဲဒီအစီအစဉ်ကိုလည်း ထိပ်တန်းလျှို့ဝှက်အဖြစ်သတ်မှတ်ထားပါတယ်။