ယူကရိန်းရဲ့ ပူဆွေးဖွယ် “ဟိုလိုဒိုမော အောက်မေ့ဖွယ်နေ့” မှာ စံချိန်တင် ဒရုန်းအရေအတွက် သုံးပြီး ရုရှားတိုက်ခိုက် - နိုဝင်ဘာ ၂၅ ညပိုင်း ထိပ်တန်းသတင်းများ

ရုရှားပစ်လွှတ်တဲ့ ဒရုန်းယာဉ်ပျံပေါင်း ၇၅ စင်းထက်မနည်း ရှိတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားပစ်လွှတ်တဲ့ ဒရုန်းယာဉ်ပျံပေါင်း ၇၅ စင်းထက်မနည်း ရှိတယ်လို့ဆို
ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံကို သောကြာ တစ်ညလုံးလိုလို ရုရှားက စံချိန်တင်အောင် များပြားတဲ့ ဒရုန်းယာဉ်ပျံ အရေအတွက် သုံးပြီး တိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။

ရုရှားက ပစ်လွှတ်ခဲ့တဲ့ ဒရုန်းယာဉ်ပျံပေါင်း ၇၅ စင်းထက်မနည်း ရှိတာမှာ၊ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေး စနစ်တွေက ၇၁ စင်း ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ဒရုန်း အများစုဟာ မြို့တော် ကိယက်ဗ် ဒေသ ဝန်းကျင်ကို အဓိက ပစ်မှတ် ထားလာခဲ့တာ ဖြစ်တယ်လို့လည်း ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ ကိယက်ဗ်မြို့တော်ဝန် ဗစ်တလီ ကလစ်ချ်စကိုက အတည်ပြုပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ တော်တော်များများမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားကြပါတယ်။

“ဟိုလိုဒိုမော အောက်မေ့ဖွယ်နေ့” မှာ တိုက်ခိုက်ခံရ

လူ့ပယောဂကြောင့် အငတ်ဘေး ဆိုက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူ့ပယောဂကြောင့် အငတ်ဘေး ဆိုက်ခဲ့

ယူကရိန်းသမ္မတ ဇလန်စကီးက ရုရှားရဲ့ တိုက်ခိုက်မှုဟာ “ဟိုလိုဒိုမော အဖြစ်အပျက်” အမှတ်တရနေ့နဲ့ တိုက်ဆိုင်ပြီး ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ဟိုလိုဒိုမော အဖြစ်အပျက်” ဆိုတာ စတာလင်လက်ထက် ၁၉၃၀ ပြည့်ကျော် အစဦးနှစ်တွေမှာ သဘာဝ ကပ်ဘေးကြောင့် မဟုတ်ပဲ၊ လူ့ပယောဂ စီမံခန့်ခွဲမှု မှားယွင်းမှုတွေကြောင့် ယူကရိန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးလို့ လူအမြောက်အများ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ဆိုလိုတာ ဖြစ်ပါတယ်။

“ဟိုလိုဒိုမော အောင့်မေ့ဖွယ်နေ့ဆိုတာ ကျွန်တော်တို့ ယူကရိန်းတွေ အကြီးအကျယ် ထိခိုက်နာကျင် ခံစားရတဲ့ နေ့ပါ။ အမျက်ဒေါသလည်း ထွက်ကြပါတယ်။ ၂၀ ရာစုမှာ ယူကရိန်းပြည်သူတွေ တွေ့ကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ် ဂျီနိုဆိုက် ရာဇဝတ်မှု အပေါ် ကျွန်တော်တို့ ဘယ်လို မေ့လို့ရမှာလဲ။ နားလည်မလည်နိုင်သလို ခွင့်လွှတ်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဆိုပြီး သမ္မတ ဇလန်စကီးက ဆိုပါတယ်။

အဲဒီဖြစ်ရပ်ဟာ ယူကရိန်းတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်တဲ့ ဂျီနိုဆိုက် ပုံစံ တစ်ရပ်ဖြစ်တယ်ဆိုပြီး မှတ်ယူထားကာ၊ နှစ်စဥ် နိုဝင်ဘာလရဲ့ စတုတ္ထမြောက် သောကြာနေ့တွေကို ဟိုလိုဒိုမော အဖြစ်အပျက် အတွက် အောင့်မေ့ဖွယ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။

ဂါဇာမှာ တစ်ရက် အပစ်ရပ် တိုးချင်ရင် ၁၀ ယောက် ထပ်ပြီး လွှတ်ရမယ်

 ပထမ  ၄ ရက်မှာ လူ ၅၀ လွတ်လာဖို့ အစ္စရေး မျှော်လင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပထမ ၄ ရက်မှာ လူ ၅၀ လွတ်လာဖို့ အစ္စရေး မျှော်လင့်

ဂါဇာထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲက နောက်ထပ် ၁၄ ယောက် ပြန်လွတ်လာဖို့ ရှိတယ် ဆိုပြီး အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဥ်းသား ၄၂ ယောက်ကို အပြန်အလှန် သဘော အဖြစ် လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် အကြား ရယူထားတဲ့ ယာယီ အပစ်ရပ်သဘောတူမှုကို ဆက်လက် ထိန်းသိမ်းထားကြပါတယ်။ ဂါဇာကနေ သောကြာနေ့တုန်းက ပြန်လွတ်လာတဲ့ ဓားစာခံ ၂၄ ယောက် ဟာ အစ္စရေးထဲက ဆေးရုံ အသီးသီးမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့အားလုံး ကျန်းမာရေး ကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။

အစ္စရေး အစိုးရရဲ့ ပြောခွင့်ရ အယ်လီယန် လယ်ဗီ Eylon Levy က အစ္စရေး အနေနဲ့ ဓားစာခံ ၁၀ ယောက် လွှတ်ပေးတိုင်း အပစ်ရပ် ၁ ရက် စီ ထပ်ထပ် တိုးပေးဖို့ ရည်ရွယ်ထားတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

“ဓားစာခံလွတ်မြောက်ရေး အပစ်ရပ် သဘောတူမှု ပထမ ၄ ရက် အတွင်း လူ အယောက် ၅၀ အထိ ပြန်လွတ်လာဖို့ မျှော်လင့်တယ်။ ဟားမတ်စ်ဘက်က အပစ်ရပ်တာကို တစ်ရက် ထပ်တိုးပြီး လိုချင်တိုင်း၊ တစ်ရက်ကို ၁၀ ယောက် လွှတ်ပေးရမှာ ဖြစ်တယ်” လို့ အယ်လီယန် လယ်ဗီက ဆိုပါတယ်။

ထရပ်ကား အစီး ၂၀၀ တိုက် ကယ်ဆယ်ရေးတွေ ဂါဇာထဲ ရောက်လာပေမယ့် လိုအပ်ချက်က ကြီးမားနေဆဲ

ရာဖာဂိတ်ကနေ ထရပ်ကားတွေ ဝင်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာဖာဂိတ်ကနေ ထရပ်ကားတွေ ဝင်လာ

စာနာမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ၊ လောင်စာဆီတွေ သယ်ဆောင်ထားတဲ့ ထရပ်ကားတွေဟာ အီဂျစ်ကနေ ဂါဇာကို ဦးတည်လို့ ရာဖာဂိတ်ကနေ တဆင့် ဒုတိမြောက်နေ့ အဖြစ် ဝင်လာနေကြပါတယ်။

ထရပ်ကားပေါင်း ၂၀၀ ပေါ် ကားစင်းလုံးတိုက် တင်ထားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သောကြာနေ့မှာ လက်ခံ ရရှိခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီ အဖွဲ့က ပြောပါတယ်။ ဒါဟာ အခု စစ်ပွဲ စတင် ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်း စာနာမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ ဂါဇာထဲ ပထမဆုံး အကြိမ် အစုလိုက်အပုံလိုက် ဝင်လာနိုင်တာ ဖြစ်ပါတယ်။

ယာယီ အပစ်ရပ် သဘောတူမှု ရှိနေတယ် ဆိုပေမယ့် ဂါဇာဒေသမှာ စာနာမှုဆိုင်ရာ အကျပ်အတည်း ကပ်ဘေးကတော့ အကြီးအကျယ် ဆိုက်ရောက် နေပြီး၊ အခြေအနေတွေ အင်မတန် ဆိုးရွားနေတယ်လို့ ကူညီလုပ်ဆောင် နေသူတွေက ဆိုပါတယ်။ လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေး၊ ဆေးဝါး အားလုံး ကြီးမားတဲ့ အတိုင်းအတာ ပမာဏနဲ့ အရေးတကြီး လိုအပ်နေတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

မြန်မာနယ်စပ်မှာ တရုတ် စစ်ရေးလေ့ကျင့်

မြန်မာနဲ့ နယ်စပ်တလျှောက် စစ်ရေး လေ့ကျင့်မှုတွေ စတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မြန်မာနဲ့ နယ်စပ်တလျှောက် စစ်ရေး လေ့ကျင့်မှုတွေ စတင်

တရုတ်နိုင်ငံဟာ မြန်မာနဲ့ နယ်စပ်တလျှောက် စစ်ရေး လေ့ကျင့်မှုတွေ စတင် ပြုလုပ်လာပါတယ်။

တရုတ်နိုင်ငံထဲက ကုန်စည်တွေ သယ်ဆောင်ထားတဲ့ ယာဉ်တန်း ဗုံးထိမှန်ခဲ့ပြီး နောက်တစ်ရက်မှာပဲ အခုလို နယ်စပ်တလျှောက် စစ်ရေး လေ့ကျင့်လာတာ ဖြစ်ပါတယ်။

မူဆယ်- ကျင်ဆန်းကျော့ ကားကြီးဝင်းထဲက ကားစင်းရေ ၁၀၀ ကျော်ထိအောင် ပျက်စီးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ကျင်ဆန်းကျော့ ကားကြီးဝင်းထဲ မီးဟုန်းဟုန်းတောက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကျင်ဆန်းကျော့ ကားကြီးဝင်းထဲ မီးဟုန်းဟုန်းတောက်

စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိတဲ့ မြန်မာနိုင်ငံပိုင် မီဒီယာတွေမှာတော့ လက်နက်ကိုင်တွေက နယ်စပ်ကုန်သွယ်မြို့ မူဆယ်ကို စီးနင်းဖို့ ဒရုန်းယာဥ်ပျံသုံး တိုက်ခိုက်တာတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

အဲဒီဒေသကနေ တရုတ်နိုင်ငံသားတွေ ထွက်သွားကြဖို့ တရုတ် အစိုးရက ဆော်ဩနေပါတယ်။

ရှမ်းမြောက်ပိုင်း တရုတ်နယ်စပ်အနီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ တစ်သုညနှစ်ခွန် စစ်ဆင်ရေး စတင်လိုက်တာ တစ်လတာနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေလည်း သောင်းနဲ့ချီ ရှိနေပြီ ဖြစ်တယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။

ကရာချိမြို့ ရှော့ပ်ပင်းမောလ် မီးလောင်လို့ လူ သေဆုံးမှု များပြား

ဘေးအန္တရာယ် ကင်းစင်ရေး စည်းမျဥ်းပိုင်းရော လိုက်နာမှုပိုင်းမှာပါ အားနည်းချက်တွေရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေးအန္တရာယ် ကင်းစင်ရေး စည်းမျဥ်းပိုင်းရော လိုက်နာမှုပိုင်းမှာပါ အားနည်းချက်တွေရှိ

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချိ မြို့ကြီးမှာ အထပ်မြင့် ကုန်တိုက်တစ်လုံး မီးလောင်ခဲ့ပြီး၊ အတည်ပြုထားနိုင်သမျှ သေဆုံးသူ အနည်းဆုံး ၁၁ ယောက် ရှိပါတယ်။ ၃၅ ယောက်ထက် မနည်းလည်း ဒဏ်ရာတွေ အသီးသီး ရသွားကြပြီး၊ အဲဒီ အထဲက တချို့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ကုန်တိုက်မှာ ရှိတဲ့ မီးစက်တစ်လုံး ဝါယာကြိုး ရှော့ဖြစ်ရာက မီးစလောင်ခဲ့တာ ဖြစ်ကြောင်း ကနဦး စုံစမ်းချက်တွေအရ တွေ့ထားရတယ် ဆိုပြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကုန်တိုက်မှာ ရှိတဲ့ အထပ် ၂ ခု လုံးဝ မီး ပတ်ပတ်လည် လောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်မှာ အခုလို အဆောက်အအုံကြီးတွေမှာ မီးလောင်တာတွေ ဖြစ်လေ့ ရှိပါတယ်။ ဘေးကင်း လုံခြုံရေး ဆိုင်ရာ စည်းမျဥ်း ဥပဒေပိုင်းမှာရော၊ လူတွေရဲ့ လိုက်နာမှု အပိုင်းမှာပါ အားနည်းတဲ့ အတွက် အခုလိုမျိုးတွေ ဖြစ်နေရတာလို့ ဝေဖန် ထောက်ပြမှုတွေ အစဥ်အဆက် ရှိနေပါတယ်။

အမျိုးသမီး အခွင့်အရေး ဆန္ဒပြပွဲတွေ အီတလီတလွှား ပေါ်ပေါက်နေ

တက္ကသိုလ်ကျောင်းသူကို ချစ်သူဟောင်းက သတ်ဖြတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တက္ကသိုလ်ကျောင်းသူကို ချစ်သူဟောင်းက သတ်ဖြတ်ခဲ့

အီတလီနိုင်ငံမှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုကြတဲ့ ကြီးမားတဲ့ ဆန္ဒပြ ချီတက်ပွဲတွေ ပေါ်ပေါက်နေပါတယ်။ တက္ကသိုလ် ကျောင်းသူ ဂျူလီယာ ချီကေတီဟာ ဘွဲ့ရဖို့ ရက်ပိုင်း အလိုမှာပဲ မနာလို သဝန်တိုမှု ကြီးမားတဲ့ ရီးဇားဟောင်းက သတ်ဖြတ်တာ ခံခဲ့ရတဲ့နောက် အခုလို ဆန္ဒပြပွဲတွေ ပြုလုပ် လာကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အပေါ် ကျူးလွန်စော်ကား တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေကို လုံးဝ သည်းခံမှာ မဟုတ်ပဲ ပြင်းပြင်းထန်ထန် အရေးယူ ကိုင်တွယ်မယ် ဆိုပြီး အီတလီ သမ္မတ ဆာဂျီယို မက်တာရဲလားကလည်း ကတိပြု ပြောဆိုပါတယ်။