ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေလ ၂၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ၁၀ ရက်အတွင်း မီဇိုရမ်ကိုထွက်ပြေးတဲ့မြန်မာ ၁,၄၀၀ ကျော်ရှိ
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့မြန်မာ အယောက် ၁,၄၀၀ ကျော်ရှိတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့နဲ့ စနေနေ့ ၂ ရက်တည်းမှာတင် မီဇိုရမ်ပြည်နယ်ထဲကို ဝင်လာတဲ့မြန်မာ ၄၀ ကျော် ရှိတယ်လို့ ပြည်နယ်အကြီးတန်းအရာရှိပြောကြားချက်ကို ကိုးကြားပြီး အိန္ဒိယသတင်းဌာန The Economic Times က သတင်းဖော်ပြပါတယ်၊
ဒီလူတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်မြောက်ပိုင်းက တွန်းဇံမြို့နဲ့ ကျီခါးမြို့တွေက စစ်ကောင်စီ စခန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်မှုဖြစ်အပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မီဇိုရမ်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ကြသူတွေလို့ နားလည်ရပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူ ချင်းစစ်ဘေးရှောင် အယောက် ၉၀၀ ကျော်ရှိတယ်လို့ ချင်းသတင်းဌာန ဇလန်းက သတင်းဖော်ပြထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်တဲ့မြန်မာ သုံးသောင်းခွဲကျော်ရှိပြီး အများစုဟာ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်ထဲက ဒေသခံတွေဖြစ်ကြပါတယ်။
ပုဂံမြို့ဟောင်းတစ်ဖက်ကမ်းမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး အသတ်ခံရ
ပုဂံမြို့ဟောင်း တစ်ဖက်ကမ်းမှာရှိတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ချမ်းသာကြီးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံမြို့ဟောင်းထဲက ရှေးရေကန်တွေ ဆယ်နေတာကို လာရောက်စစ်ဆေးတဲ့ မေလ ၂၅ ရက် မနက်ပိုင်းမှာပဲ မြို့ဟောင်းတစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်ဘေး က ချမ်းသာကြီးရွာမှာ အခုလို ဖြစ်ခဲ့တာပါ။
ပုဂံဒေသကိုရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လုံခြုံရေးယူပေးနေတဲ့ ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) တပ်ကပဲ ပုဂံတဖက်ကမ်းမှာရှိတဲ့ ချမ်းသာကြီးရွာကို ၀င်စီးခဲ့တာလို့လည်း သိရပါတယ်။
“စစ်ခေါင်းဆောင်နဲ့ ပတ်သက်ပြီးရောက်လာတဲ့စစ်ကြောင်းပဲဗျာ့။ ကာကင်းပေါ့။ ရွာကိုဝင်စီးတာ။ ဖြစ်ချင်တော့ ကလေးတွေက စာသင်ကျောင်းထဲမှာ အိပ်နေတာ။ တွေ့တော့ရွာပြင်ခေါ်ထုတ်ပြီး ခေါင်းတွေကိုပဲ သတ်ပစ်ခဲ့တာ” လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ရွာသား ၄ ဦးကိုဖမ်းဆီးထားသလို ရွာပတ်ဝန်းကျင်မှာ စစ်ကြောင်းဆက်ရှိနေတဲ့အတွက် ကြောင့် ဒေသခံတွေကို ရွေ့ပြောင်းထားရတယ်လို့လည်း ပြောပါတယ်။ အလားတူ ပုဂံမြို့နယ်ထဲမှာရှိတဲ့ မီးလောင်ပြနဲ့ ကန်နီပေါက်ရွာကိုလည်း မေလ ၂၅ ရက်မှာပဲ စစ်တပ်က စစ်ကြောင်းထိုးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မန္တလေးတိုင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ မြကန်၊ ဖျောက်ဆိပ်ပင်ကန်၊ ဇေယျဝရီကန်၊ မင်္ဂလာကန် အမှတ် (၃)၊ ရွာဟောင်းကြီးကန်နဲ့ ရေတော်မုနိကန်တွေ ပြန်တူးဖော်ဖို့အတွက် ပုဂံဒေသ ကို သွားရောက်နေတာဖြစ်တယ်လို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထား ပါတယ်။
ပုဂံတစ်ဖက်ကမ်းကို စစ်ကြောင်းထိုးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပေမဲ့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့လူမှုကွန်ရက်မီဒီယာတွေမှာတော့ ချမ်းသာကြီးရွာထဲက ပီဒီအက်ဖ် စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်ဆိုပြီး သတင်းတွေ ဖော်ပြနေကြပါတယ်။
မြန်မာအပါအဝင် SQ321 ခရီးသည် ၄၃ ဦး ဘန်ကောက်မှာ ကုသမှုခံယူနေရဆဲ
လေထုတွင်း ပြင်းထန်တဲ့မငြိမ်သက်မှုကို ကြုံခဲ့ရတာကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စင်္ကာပူလေကြောင်းလိုင်း လေယာဥ်အမှတ် SQ321 ပေါ်က ဒဏ်ရာရ ခရီးသည်တွေထဲ မြန်မာ ၁ ဦးအပါအဝင် စုစုပေါင်း ၄၃ ဦး ဆေးကုသမှုခံယူနေဆဲလို့ သိရပါတယ်။
ဒီခရီးသည်တွေ ဆေးကုသမှုခံယူနေရဆဲအခြေအနေကို ဘန်ကောက်မြို့က ဆမ်မီတဝေ့ ဆေးရုံကြီး ဘက်ကနေ မေလ ၂၅ ရက်မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
လူနာ ၄၃ ဦးဟာ ဆမ်မီတဝေ့ ဆေးရုံကြီး ၂ ခုနဲ့ ဘန်ကောက်ဆေးရုံတို့မှာ ကုသမှု ဆက်လက်ခံယူနေပြီး အဲဒီထဲက ၇ ဦးဟာ အရေးပေါ် စောင့်ကြပ်ကြည့်ရှုအခန်းထဲမှာ ဆက်ရှိနေတုန်းလို့ ဆေးရုံဘက်က ပြောပါတယ်။
ဆေးကုသမှုခံယူနေတာ ဒါမှမဟုတ် ကျန်းမာရေးပြန်လည်သက်သာလာပေမဲ့ ဆေးရုံမှာ ဆက်ရှိနေတဲ့ ခရီးသည် ၂၇ ဦးရှိပြီး အဲဒီထဲမှာ ဗြိတိန်နိုင်ငံသား ၈ ဦး၊ သြစတြေးလျ ၆ ဦး၊ ဖိလစ်ပိုင်နဲ့ အမေရိကန် ၂ ဦးစီ၊ နယူဇီလန်၊ မြန်မာ၊ အိုက်စ်လန်နဲ့ စပိန်နိုင်ငံက ၁ ဦးစီတို့ ပါဝင်တယ်လို့ သိရပါတယ်။
ခရီးသည်နဲ့ လေယာဥ် အမှုထမ်း ၂၃၀ နီးပါးလိုက်ပါလာတဲ့ စင်္ကာပူလေကြောင်းလိုင်းလေယာဥ် SQ321 ဟာ လန်ဒန်မြို့ကနေ စင်္ကာပူကို ပျံသန်းချိန် မြန်မာနိုင်ငံတောင်ပိုင်း ကောင်းကင် ပေပေါင်း ၃၇,၀၀၀ အမြင့်မှာ ပြင်းထန်တဲ့လေထု မငြိမ်သက်မှုဖြစ်တာကြောင့် ဘန်ကောက်မြို့က သုဝဏ္ဏဘူမိ လေဆိပ်ကို ပြီးခဲ့တဲ့ တစ်ပတ်အင်္ဂါနေ့တုန်းက အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
လေထုတွင်း မငြိမ်သက်မှုကြုံခဲ့ရတဲ့ အဲဒီလေယာဥ်ပေါ်မှာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။
တီးတိန်မြို့နယ်ထဲက ကျေးရွာနှစ်ရွာ ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ဗန်းတဲ့ နဲ့ မွောလ်ဘင်းကျေးရွာ နှစ်ရွာကို စစ်ကောင်စီက ဒီကနေ့ မေလ ၂၆ ရက်မနက် ၂ နာရီဝန်းကျင်မှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ ဆက်တိုက် ဗုံးကြဲချခဲ့တယ်လို့ တီးတိန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲ မွောလ်ဘင်းရွာမှာတော့ ဗုံးထိမှန်တဲ့နေအိမ်က သားအဖ နှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်ရစ်သူသားတစ်ဦးကိုတော့ ဆေးဝါးကုသပေးနေပါတယ်။
“ဗန်းတဲ့ရွာကို အရင်ကြဲတာပါ။ ပြီးမှ မွောလ်ဘင်းကိုဆက်တိုက်ကြဲတာပါ။ နှစ်ရွာက မိုင် ၂၀ ကျော်ကွာတယ်၊ မနီးဘူး။ ဒါပေမဲ့ PDF Zoland ထိန်းချုပ်ထားတဲ့ကျေးရွာတွေဖြစ်တော့ ကျွန်တော်တို့ PDF တွေရှိတယ်ထင်ပြီး ဗုံးကြဲတယ်လို့ ယူဆတယ်” တီးတိန်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းတဲ့ရွာက ဝန်ထမ်းအိမ်ရာအပါအဝင် လူနေအိမ် ၂ လုံးပျက်စီးပြီး မွောလ်ဘင်းရွာမှာတော့ လူနေအိမ် ၅ လုံးပျက်စီးခဲ့ပါတယ်။
ဒါဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို နှစ်ဖက်စစ်ရေးတင်းမာတာလည်းမရှိဘဲ စစ်ကောင်စီတပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း တီးတိန်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက ဆက်ပြောပါတယ်။
အခုလို တမနက်အတွင်း ကျေးရွာနှစ်ရွာ ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာတော တောင်ထဲ ထွက်ပြေးနေရပါတယ်။
တီးတိန်မြို့နယ်ထဲကို တွန်းဇံမြို့နယ်ထဲက စစ်ရှောင် အယောက် ၂,၂၀၀ ကျော်လည်း ခိုလှုံနေတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ တွန်းဇံတိုက်ပွဲအပါအဝင် အခု တီးတိန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မေလ ၂၆ ရက် နေ့လယ်ပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ထိုင်း-မြန်မာနယ်စပ်က စစ်တပ်ရဲ့ ဖိုးချီးမူးစခန်းကို KNLA/PDF သိမ်းပိုက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဖိုးချီးမူးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်ပြီလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဖိုးချီးမူးစခန်းရဲ့ ဒုတပ်ရင်းမှုး အပါအ၀င် တပ်ဖွဲ့ဝင် ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက် ပေါင်း ၅၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း အဲဒီအဖွဲ့က မေလ ၂၆ ရက်မနက်မှာ ပြောပါတယ်။
တိုက်ပွဲအတွင်း တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ် ၂၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့လည်း (S.O.F) အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့တွေဘက်က တစ်ဦး လက်နက်ကြီးထိမှန်တယ်လို့ ပြောပါတယ်။
ဖိုးချီးမူးစခန်း တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးထိခိုက်ဒဏ်ရရခဲ့တဲ့ အရေအတွက်ကိုတော့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
KNLA ၊ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကစပြီး ဖိုးချီးမူး စခန်းကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မေလ ၂၁ ရက်နေ့မှာ နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဖိုးချီးမူးစခန်းဟာ မြန်မာစစ်တပ် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁) နဲ့ ၃၉၉ အမြှောက်တပ် တို့အထိုင်ချထားတဲ့ စခန်းဖြစ်သလို ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်က နောက်ဆုံးလက်ကျန်စခန်းဖြစ်တယ်လို့လည်း (S.O.F) အဖွဲ့က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရေသလျှောက်စခန်း၊ မဲသရောထစခန်း နဲ့ ကွီလုံတိုင်စခန်း တွေကိုလည်း KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့လည်း (S.O.F) အဖွဲ့က ထုတ်ပြန်ပါတယ်။
ပုဂံမှာ ရေကြီးရေလျှံမဖြစ်အောင် ရှေးရေကန်တွေ ပြန်လည်တူးဖော်နေ
မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ မြကန်၊ ဖျောက်ဆိပ်ပင်ကန်၊ ဇေယျဝရီကန်၊ မင်္ဂလာကန် အမှတ် (၃)၊ ရွာဟောင်းကြီးကန်နဲ့ ရေတော်မုနိကန် တို့ကို စစ်ကောင်စီက ပြန်လည်တူးဖော် ပြုပြင်နေပြီး မနေ့ မေလ ၂၅ ရက်နေ့တုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပုဂံကိုသွားရောက်ခဲ့ပါတယ်။
ရွာဟောင်းကြီးရွာအနီးက ရွာဟောင်းကြီးရေကန် နဲ့ ရေတော်မုနိဘုရားအနီးက ရေတော်မုနိကန် တူးဖော်ရာ ကနေ ရှေးဟောင်းရေကန်အုတ်ရိုးတွေပေါ်ထွက်လာလို့ ရှေးဟောင်းအမွေအနစ်တူးဖော်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ ဒီကနေ့ မေလ ၂၆ ရက်ထုတ် သတင်းစာမှာ ထည့်သွင်းဖော်ပြပါတယ်။
မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ မြကန်၊ ဖျောက်ဆိပ်ပင်ကန်၊ ဇေယျဝရီကန်၊ မင်္ဂလာကန် အမှတ် (၃)၊ ရွာဟောင်းကြီးကန်နဲ့ ရေတော်မုနိကန် တို့ကို စစ်ကောင်စီက ပြန်လည်တူးဖော် ပြုပြင်နေပြီး မနေ့ မေလ ၂၅ ရက်နေ့တုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပုဂံကိုသွားရောက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြုပြင်ထိန်းသိမ်းမှုအားနည်းလာတယ်လို့ ထောက်ပြခံနေရတဲ့ ပုဂံရှေးဟောင်းနယ်မြေမှာ မိုးရေကြီးတိုင်း ဘုရားစေတီအချို့ရဲ့ အတွင်းပိုင်းအထိ ရေဝင်ရောက်တာ၊ အုတ်တံတိုင်းပြိုကျပျက်စီးတာတွေ နှစ်စဉ်လိုလို ကြုံတွေ့ခဲ့ရပါတယ်။
ရှေးဟောင်းနယ်မြေမှာ ရေကြီးရေလျှံတာနဲ့ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးတာ မရှိအောင်ဆိုပြီး ရေကန်တွေတူးဖော်ကာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေ လူသိရှင်ကြား သွားရောက်ကြည့်ရှုတာဟာ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှေးဟောင်းနယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှု အပါအဝင် အခြားမြေအသုံးချတာတွေကို စနစ်တကျရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့ ပြောခဲ့သလို စည်းမျဉ်း ဥပဒေနဲ့အညီဖြစ်ရမယ်လို့ ပုဂံကိုရောက်နေချိန် ပြောခဲ့တယ်လို့ဆိုပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ ပုဂံနယ်မြေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းစောင့်ရှောက် မှုအားနည်းတာကြောင့် မိုးရာသီကာလတိုင်း စေတီအချို့ ပြိုကျပျက်စီးသလို ထိန်းသိမ်းတဲ့ပုံစံအလွဲတွေဖြစ် နေတဲ့အကြောင်း ဓာတ်ပုံနဲ့တကွလူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံ့ခဲ့ဖူးပြီး ပြည်သူအများစုက ပုဂံအတွက် စိုးရိမ်စိတ်မြင့်တက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ တာဝန်ရှိသူအချို့ကတော့ ပုဂံမှာ ပြုပြင်ထိန်းသိမ်းရေးတွေကို ပြည်ပပညာရှင်တွေနဲ့အတူပူးပေါင်းလုပ်ဆောင်နေဆဲလို့ ဘီဘီစီကို ပြီးခဲ့တဲ့နှစ်တုန်းက ပြောခဲ့ပါတယ်။