လီရှန်းဖူ - တရုတ်ကာကွယ်ရေးဝန်ကြီး ရာထူးက ထုတ်ပယ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ဟာ လူမြင်ကွင်းကနေ ၂ လကျော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး လီ ရှန်းဖူကို ရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပါတယ်။
လီ ရှန်းဖူကို ရာထူးကနေ ဖယ်ရှားရတဲ့အကြောင်းရင်းကို မရှင်းပြသလို သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမယ်ဆိုတာကိုလည်း တရုတ်ဘက်က မပြောသေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ဇူလိုင်လမှာ ရာထူးကနေ ဖယ်ရှားခံရတာအပါအဝင် တရုတ်စစ်တပ် ထိပ်တန်းအရာရှိအတော်များများ ရာထူးကနေ ထုတ်ပယ်ခံရအပြီးမှာ လီ ရှန်းဖူကို ထုတ်ပယ်မှု ထွက်ပေါ် လာတာပါ။
မစ္စတာချင်နဲ့ မစ္စတာလီ တို့ကို တရုတ်နိုင်ငံတော်ကောင်စီမှာ ယူထားတဲ့ တာဝန်တွေကလည်း ဖယ်ရှားတယ်လို့ တရုတ်ဘက်က အင်္ဂါနေ့မှာ ပြောပါတယ်။
သူတို့နှစ်ဦးစလုံးကို ဖယ်ရှားတာကို တရုတ်ရဲ့ ထိပ်တန်း ဥပဒေပြုအမတ်တွေရှိရာ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်စ်ရဲ့ အမြဲတမ်းကော်မတီကလည်း အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းဖော်ပြပါတယ်။
သူ့ကို အခုလို ရာထူးကနေ ထုတ်ပယ်လိုက်တာကြောင့် အခုတစ်ပတ်မှာ ဘေကျင်းမြို့မှာ ပြည်ပ ကာကွယ်ရေးအရာရှိတွေရဲ့ အစည်းအဝေးပွဲကျင်းပဖို့လည်း ရှိနေတာကြောင့် တရုတ်ဟာ ကာကွယ်ရေးဝန်ကြီးမရှိ ဖြစ်နေပါတယ်။
သူဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပစ္စည်းကိရိယာဝယ်ရေးနဲ့ဆက်စပ်တဲ့ ဆိုင်းငံ့ အဂတိမှုတွေနဲ့ စုံစမ်းခံနေခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့လတုန်းက သတင်းဖော်ပြခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ကို အာဖရိကနိုင်ငံတွေနဲ့ပြုလုပ်တဲ့ ဘေကျင်းက လုံခြုံရေးဖိုရမ်မှာ သြဂုတ်လ ၂၉ ရက်က လူမြင်ကွင်းမှာ နောက်ဆုံးမြင်ခဲ့ရတာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ မတ်လတုန်းကမှ ရာထူးရယူထားခဲ့တာဖြစ်ပါတယ်။
ဂြိုဟ်တုနဲ့ဒုံးပျံလွှတ်တင်ရေးစင်တာမှာ အာကာသဆိုင်ရာ အင်ဂျင်နီယာတစ်ဦးအနေနဲ့ အသက်မွေး အလုပ်စခဲ့တဲ့ လီဟာ တရုတ်နိုင်ငံရေးထိပ်တန်းအလွှာနဲ့ တရုတ်စစ်တပ်မှာ ရာထူးကို ချောချောမွေ့မွေ့တက်လှမ်းလာခဲ့သူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ သူဟာ စစ်တပ်အတွက် ဖွံ့ဖြိးတိုးတက်ရေးပစ္စည်း ဝယ်ယူမှုကို ဦးဆောင်ခဲ့ပါတယ်။ ရုရှားတိုက်ခိုက်ရေးလေယာဥ်နဲ့ လက်နက်တွေကို တရုတ်အတွက်ဝယ်ပေးတယ်လို့ဆိုပြီး သူ့ကို အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပိတ်ဆို့မှုတွေဟာ ဗိုလ်ချုပ်လီအတွက်တော့ အခုနှစ်အစောပိုင်းမှာ စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ ငြင်းဆိုတဲ့ ခလုတ်ကန်သင်းဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သူဟာ နောက်ဆုံး နိုင်ငံရေးရာထူးပါ ဖယ်ရှားခံလိုက်ရတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ချင်လိုပဲ တရုတ်သမ္မတ ရှီကျင့်ဖျင် သဘောကျတဲ့လူလို့ ယူဆခံရသူဖြစ်ပါတယ်။
ဂျူလိုင်လမှာတော့ မစ္စတာ ချင်ဟာ ရာထူးရယူပြီး ၇ လအကြာမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
မစ္စတာချင်ကို ရာထူးကနေ ဖယ်ရှားရတဲ့အကြောင်းရင်းကို တရုတ်ဘက်က မပြောခဲ့ပေမဲ့ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ချိန် လူမှုရေးအရှုပ်အရှင်းရှိခဲ့တယ်လို့ဆိုပြီး Wall Street ဂျာနယ်က သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။
အဲဒီနောက်မကြာခင်မှာပဲ နျူကလီးယားလက်နက်စီမံမှုအပိုင်းကို တာဝန်ယူတဲ့တပ်ဖွဲ့က ခေါင်းဆောင် ၂ ဦး လည်း ရာထူးနေရာအစားထိုးခံရလို့ တရုတ်အရာရှိကြီးတွေကို ဖြုတ်ထုတ်မှု ထွက်လာမလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) ရဲ့ ဒုံးကျည်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် လီယုချောင်နဲ့ သူ့လက်ထောက်ဟာလည်း ရာထူးကနေ ထုတ်ပယ်ခံရပြီလို့ ကြေညာမခံရခင်အထိ သူတို့ကို လူမြင်ကွင်းမှာ လနဲ့ချီကြာအောင် မမြင်ရတာမျိုးရှိခဲ့ပါတယ်။










