နိုဝင်ဘာ ၃ ရက်ထိပ်တန်းသတင်းများ- ရှမ်းမြောက်တိုက်ပွဲတွေကြောင့် စစ်ရှောင် ထောင်နဲ့ချီရှိလာ လို့ ကုလထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Umbrellas Tgi
၁၀၂၇ စစ်ဆင်ရေးစပြီးနောက် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းတွေအရ ရှမ်းပြည်မြောက်ပိုင်းကဒေသတွေမှာ စစ်ရှောင်လူဦးရေ ၆,၂၀၀ ကျော်အထိရှိလာပြီလို့ UNOCHA (ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး) က မနေ့ကနိုဝင်ဘာ ၂ ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။
ရှမ်းမြောက်မှာရှိတဲ့ မြို့နယ် ၂၂ ခုထဲက ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်း နဲ့ မူဆယ်ဘက်တို့မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ (MNDAA/TNLA/AA) တပ်တွေနဲ့
စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အချို့နေရာတော်တော်များများမှာ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ လည်းကုလကပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဟာ စစ်ဆေးရေးဂိတ်တွေကို တိုးမြှင့်စစ်ဆေးနေတဲ့အတွက် ဒေသခံတွေသွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေထိခိုက်နေတယ်လို့ UNOCHA ကဖော်ပြပါတယ်။
ကွတ်ခိုင်မြို့မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး လားရှိုး လေဆိပ်ကိုလည်း နိုဝင်ဘာ ၃ရက်အထိ ပိတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ရှောင် ၆,၂၀၀ ကျော်ကတော့ အနီးနားကတောတွေနဲ့ ဘာသာရေးဆိုင်ရာနေရာတွေမှာခိုလှုံနေကြပြီး အဲဒီထဲကမှ စစ်ရှောင်အရေအတွက် ရာနဲ့ချီကတော့ တရုတ်နယ်စပ်ကို ဖြတ်ကျော်ခဲ့တယ်လို့ ပြောပါတယ်။
ဘေးလွတ်ရာစစ်ရှောင်လာတဲ့ ဒေသခံတွေကို ဒေသအခြေစိုက်ကူညီရေးအဖွဲ့တွေက အစားအသောက်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ထားပြီး ကုလရဲ့ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေကလည်း လုံခြုံရေးအခြေအနေတိုးတက်လာတာနဲ့ အမြန်ဆုံးကူညီနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြေပြင်ကစစ်ရှောင်ကူညီရေးအဖွဲ့တွေကတော့ ရှမ်းပြည်မြောက်ပိုင်းအတွင်းကဒေသ၅ခုထက်မနည်းမှာ တိုက်ပွဲတွေရှိနေပြီး ၁၀၂၇ စစ်ဆင်ရေး သီတင်းတစ်ပတ်အတွင်း ရှမ်းမြောက်ဒေသမှာ စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါးရှိနေပြီလို့ ဘီဘီစီကိုပြောပါတယ်။
လောက်ကိုင်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ရာနဲ့ချီကိုကယ်ဖို့ထိုင်းအစိုးရကြိုးစား

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကိုကယ်တင်ဖို့ ထိုင်းအစိုးရကကြိုးစားနေတယ်လို့ ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုပိတ်မိနေတဲ့ထိုင်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးမှုခံရတာဖြစ်တယ်လို့အစောပိုင်းကတည်းကထိုင်းအစိုးရဘက်ကပြောထားပါတယ်။
အောက်တိုဘာ ၂၇ ရက်ကစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကိုးကန့်ဒေသထဲတိုက်ပွဲတွေဖော်ဆောင်လာတဲ့နောက် ဒီဒေသထဲမှာလမ်းတွေပိတ်ဆို့နေပြီး ဒေသခံတွေလည်းတရုတ်နိုင်ငံဘက်နဲ့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတာပါ။
ကိုးကန့်ဒေသ၊လောက်ကိုင်ထဲမှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကိုကယ်တင်ဖို့ ထိုင်းအစိုးရနဲ့မြန်မာစစ်ကောင်စီကြား ပြီးခဲ့တဲ့အောက်တိုဘာ ဒုတိယပတ်လောက်ကတည်းကပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။ ဒီလိုနှစ်နိုင်ငံလွှဲပြောင်းရေးလုပ်နေချိန်မှာပဲ ကိုးကန့်ဒေသထဲစစ်ဆင်ရေးပေါ်ပေါက်လာပြီး ဒီပြန်ခေါ်ရေးအစီအစဥ်လည်းရပ်သွားတာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆထာထေဝီဆင်ကတော့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို လုံခြုံတဲ့နေရာမှာ ထားရှိဖို့မြန်မာကထိုင်းသံရုံးနဲ့ဆက်သွယ်ဆောင်ရွက်ထားပြီး နိုင်ငံသားတွေအမြန်ဆုံးအိမ်ပြန်နိုင်ဖို့ မြန်မာဘက်နဲ့ဆွေးနွေးနေတယ်လို့ သူ့ရဲ့ဆိုရှယ်စာမျက်နှာမှာ ရေးသားထားပါတယ်။
လောက်ကိုင်ထဲပိတ်မိနေသူတွေအထဲမှာ နီပေါ၊ အီသီယိုးပီးယားနဲ့ လာအိုတို့ကအပါအဝင် နိုင်ငံခြားသား ၅၀၀ လောက်ရှိနေပြီးအဲဒီထဲမှာထိုင်းလူမျိုးတွေပါဝင်နေတာလို့သိရပါတယ်။
တဖက်မှာလည်း အစ္စရေး -ဂါဇာအရေးမှာ ဟားမတ်စ်အဖွဲ့ ရဲ့ ဓားစာခံဖမ်းဆီးခံရတာနဲ့တိုက်ခိုက်ခံရတာကြောင့် ထိုင်းနိုင်ငံသား ၃၃ ဦးသေဆုံးထားပြီး ၁၉ ယောက်ဒဏ်ရာရရှိထားတဲ့အခြေအနေနဲ့ ထိုင်းနိုင်ငံသားတွေနေရပ်ပြန်ရေးကို ထိုင်းအစိုးရက ဖြေရှင်းနေရတာဖြစ်ပါတယ်။
ရန်ကုန်၊ အောင်ဆန်းအားကစားကွင်းကို တရုတ်ပြင်ဖို့ စစ်ကောင်စီနဲ့ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, AFP
ရန်ကုန်မြို့က နှစ်သက်တမ်း ၁၁၀ကျော်ရှိနေတဲ့ အောင်ဆန်းအားကစားကွင်းကို တရုတ်အစိုးရက ပြင်ဆင်ပေးဖို့ စစ်ကောင်စီနဲ့ဆွေးနွေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ အားကစားဝန်ကြီးနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တို့ မနေ့နိုဝင်ဘာ ၂ ရက်ကတွေ့ဆုံပြီးဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
ကွင်းတည်နေရာ၊ ကောင်းကင်မြေပုံ၊ လက်ရှိပွဲကြည့်စင်၊ ပရိသတ်ဝင်ဆံ့မှုအခြေအနေတွေအပြင် အဆောက်အဦများပျက်စီးနေတဲ့အခြေအနေတွေကို တရုတ်ဘက်ကကြည့်ရှုခဲ့ပြီးအသစ်ပြုပြင်ပြီးတဲ့အခါ ဘောလုံးကွင်းအတွင်းပရိသတ်ဝင်ဆံ့မှုနဲ့ အားကစားပြိုင်ပွဲရုံအတွင်း ဧည့်ပရိသတ်ဝင်ဆံမှုတွေကိုပါထပ်တိုးလုပ်ဆောင်ဖို့ရှိတယ်လို့ စစ်ကောင်စီအားကစားဝန်ကြီးဌာနရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။
စစ်ကောင်စီဝန်ကြီးကတရုတ်ဘက်ကိုဆွေးနွေးချိန်မှာ မြန်မာရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတည်ဆောက်ထားတဲ့ အောင်ဆန်းအားကစားပြိုင်ဝင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်သွားလိုတယ်ဆိုပြီးထည့်ပြောခဲ့ပါတယ်။
ကွင်းအဆင့်မြှင့်တင်မှုအတွင်း ပရိသတ်တွေ အဝင်/အထွက် အဆင်ပြေစေဖို့ နဲ့ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတို့ ပါဝင်လာမှာဖြစ်ပြီး အဆင့်မြှင့်တင်မှု ပြီးစီးသွားရင် အဓိက အားကစားကွင်းကြီးမှာ ပရိသတ် ၃၀၀၀၀ အထိ ဝင်ရောက်နိုင်မယ်လို့နီးစပ်သူတွေဆီကသိရပါတယ်။
အောင်ဆန်းကွင်းကို ၂ဝ၁ဝခုနှစ် ကစပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို နှစ် ၃ဝ ငှားရမ်းထားတယ်လို့သိရပြီး ငှားရမ်းခရတဲ့ငွေတွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းရတယ်လို့ ပြီးခဲ့တဲ့NLD အစိုးရလက်ထက်က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ဖူးပါတယ်။
ဒီတွေ့ဆုံမှုမတိုင်ခင် အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) နဲ့ ရှန်ဟိုင်းမြို့အခြေစိုက် နည်းပညာတက္ကသိုလ် Tongji University က ဗိသုကာဒီဇိုင်းနှင့် လေ့လာရေးအင်စတီကျုကစီမံကိန်းအဖွဲ့တို့ အောက်တိုဘာ ၂၅ ရက်ကရန်ကုန်မှာတွေ့ဆုံထားတာပါ။
ရန်ကုန်က သုဝဏ္ဏအားကစားရုံနဲ့ အမျိုးသားပြဇာတ်ရုံကိုလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်တွေက တရုတ်ကပဲပြင်ဆင်ခဲ့တာတွေ့ရပါတယ်။
နမ့်ခမ်းမြို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ၊စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်

ဓာတ်ပုံ ရင်းမြစ်, TNLA
ဒီကနေ့ နိုဝင်ဘာ ၃ ရက်မှာ စစ်တပ်နဲ့ တအာန်းတပ် TNLAတို့ ကြား ရှမ်းမြောက်၊မူဆယ်မြို့နဲ့၁၉ မိုင်ပဲဝေးတဲ့ နမ့်ခမ်းမြို့ နဲ့ နမ့်ခမ်း - မန့်ဝိန်းကြီးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ TNLA ကထုတ်ပြန်သလို မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
မူဆယ်ခရိုင် နန့်ခမ်း-မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားမှာရှိတဲ့ စစ်ကောင်စီစခန်းကို တအာန်းတပ် TNLA က ဒီကနေ့မနက်မှာတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်တာလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဟာနမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ထဲမှာလည်းပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီး၊လက်နက်ငယ်နဲ့ ပစ်ခတ်နေပြီး လေယာဥ်နဲ့ဗုံးကြဲတာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပြပါတယ်။ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်ဖို့ နမ့်ခမ်းမြို့ခံတွေနဲ့ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံထားရလို့ ဆက်သွယ်လို့မရဖြစ်နေပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီဘက်က နမ့်ခမ်းမြို့ ၊ လွယ်အင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ TNLAထဲထုတ်ပြန်ချက်ထဲ ဖော်ပြပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
TNLA ဘက်ကအပြောအရ စစ်ကောင်စီတပ်စခန်းကနေ ဗုံးနဲ့လက်နက်ကြီးတွေအပါအဝင် စစ်လက်နက်အသုံးအဆောင်တွေကိုသိမ်းဆည်းရမိတယ်လို့ ပြောပြီး ဒေသခံတွေအပြောအရ လက်ရှိမှာနမ့်ခမ်းမြို့ပေါ်က ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီကနေ့အထိ ရှမ်းမြောက်ဒေသမှာ စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါးရှိနေပြီလို့ ကူညီရေးအဖွဲ့တွေရဲ့စာရင်းအရသိရပါတယ်။
MNDAA ဦးဆောင်တဲ့တပ်တွေ လောက်ကိုင်ဘက် ဦးတည်၊ ကြူကုတ်(ပန်ဆိုင်း)ကိုထပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, The kokang
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဆက်ရှိနေပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ပူးပေါင်းတပ်တွေက လောက်ကိုင်ကိုဦးတည်နေပြီ လို့ ကိုးကန့်တပ်MNDAA က နိုဝင်ဘာ ၂ရက်မှာသတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မုံးကိုး၊ သိန္နီနဲ့ ကွတ်ခိုင်တို့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်စခန်းတွေကို ဆက်ပြီးသိမ်းယူထားတယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
နိုဝင်ဘာလ ၁ရက်က ကိုးကန့်တိုက်ပွဲမှာ မန်တုံပဒေသရဲ့ စစ်ကောင်စီတပ်စခန်းကိုသိမ်းယူခဲ့ပြီး တုန်းရှမ်းဒေသရဲ့ ကွမ်းလုံစခန်းကို ထိုးစစ်ဆင်ခဲ့တယ်လို့ပြောပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၈ ဦးနဲ့ လက်နက်ခဲယမ်းအချို့ ဖမ်းဆီးရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ MNDAA နဲ့ ဒေသလုံခြုံရေးအဖွဲ့တို့ နယ်မြေရှင်းလင်းနေတုန်း ဖောင်းဆိုင်လမ်းကြား လုံဖိုင်နေရာအနီးမှာ စစ်ကောင်စီတပ်သား ၅ ယောက်ဖမ်းဆီးရရှိပြီး ညနေပိုင်းမှာတော့ ပန်ဆိုင်း(ကြူကုတ်)မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။
မူပန်(သိန္နီ)မြို့မှာတော့ နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းက မူပန်ဒေသလုံခြုံရေးအဖွဲ့နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ ဟာ ကွမ်းလုံမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်ရင်း(၁၂၇)စခန်းကို ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် သိန္နီမြို့အတွင်း MNDAA နဲ့ စစ်ကူလာတဲ့စစ်ကောင်စီသံချပ်ကာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်တပ် MNDAA ပြောခွင့်ရသူ လီကျားဝမ်ကတော့ စစ်ဆင်ရေးတစ်ပတ်အတွင်း မြို့ပေါင်း ၄ မြို့၊ စခန်းပေါင်း ၁၀၀ ကျော်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောထားပြီး ၁၀၂၇ စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်မှာပါတဲ့ရည်မှန်းချက်ကို ဖော်ဆောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးဌာနတွေ တိုက်ခိုက်ခံရတယ်လို့ ပြောထားပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီ မြို့တွေကို လုံးဝလက်လွှတ်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။ မနေ့နိုဝင်ဘာ ၂ ရက်ကတော့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ခိုက်မှုတွေကိုတုံ့ပြန်မယ်လို့ ပြောထားပါတယ်။
တိုက်ခိုက်မှုတွေကိုတန်ပြန်ချေမှုန်းမယ်ဆိုပြီးစစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
တိုက်ခိုက်မှုတွေကိုတန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။မနေ့နိုဝင်ဘာ ၂ ရက်က စစ်ကောင်စီဝန်ကြီးတွေနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာ MNDAA (ကိုးကန့်တပ်)နဲ့ TNLA တအာင်းတပ်ပူးပေါင်းတပ်ဖွဲ့တွေက ကိုးကန့်ဒေသအတွင်းနယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးဌာနတွေကို တိုက်ခိုက်လာတယ်လို့ ပြောသလို ကချင်ပြည်နယ်အတွင်းမှာလည်းကချင်လွတ်လပ်ရေး KIA က လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တယ်ဆိုပြီးစစ်ခေါင်းဆောင်ကပြောပါတယ်။
ဒါ့ကြောင့် တိုက်ခိုက်မှုမှန်သမျှကို ချေမှုန်းမယ်ဆိုပြီး သူ့ရဲ့ ဝန်ကြီးတွေနဲ့ ဗီဒီယိုကွန်ဖရင့်ကတဆင့်တက်ရောက်တဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကိုပြောခဲ့တာပါ။
အောက်တိုဘာလ ၂၇ ရက်မှာ စတင်တဲ့ ကိုးကန့်တပ်(MNDAA)၊တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြို့လေးမြို့နဲ့ စစ်ကောင်စီစခန်းပေါင်း ၉၀ ကျော်ကိုတိုက်ခိုက်ထားနိုင်တယ်လို့ကိုးကန့်တပ်ပြောခွင့်ရသူက ဘီဘီစီကို ပြောထားပါတယ်။
စစ်ကောင်စီဘက်ကလည်း စစ်တပ်အတွက်အရေးပါတဲ့ မြို့ ၃မြို့ဖြစ်တဲ့ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်မြို့တွေကို လုံးဝလက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ဝန်ခံပြောဆိုထားပါတယ်။
တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်နိုင်ငံဘက်က မနေ့ကနိုဝင်ဘာ ၂ရက်ကပြောထားပြီးကွဲပြားချက်တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ငြိမ်းချမ်းစွာဖြေရှင်းပါဆိုပြီးပြောထားပါတယ်။








