ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၂၈ ရက်သတင်းများအနှစ်ချုပ် - ရခိုင်နဲ့ ဧရာဝတီအစပ် ရေကြည်မြို့နယ်ထဲ အေအေ သိမ်းခဲ့တဲ့စခန်းကုန်းတွေကို စစ်တပ်ဗုံးကြဲ
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ ပွိုင့်စခန်းကုန်း ၃ ခုကို အေအေက တိုက်ယူခဲ့ပြီးနောက် အဲဒီနေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
"စခန်းကုန်းတွေကို ဆက်ထိန်းထားလို့ မရအောင် လေကြောင်းကနေ ဖိအားပေးနေတာ" လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ရေကြည်မြို့နယ်ထဲက ပွိုင့် ၂၈၈၊ ၁၈၈ နဲ့ ၁၄၈ စတဲ့ စစ်တပ် အင်အားရာချီနဲ့ တပ်စွဲတဲ့ စခန်းကုန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၅ ရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူခဲ့တယ်လို့ အေအေက မနေ့ ဇွန်လ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ခိုက်တာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကနေ ၂၁ ရက်အထိပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီစခန်းကုန်းတွေဟာ ဧရာဝတီတိုင်းနဲ့ဆက်နေတဲ့ ရခိုင်ပြည်နယ်ထဲ အေအေသိမ်းထားတဲ့ ဂွမြို့နယ်ထဲကို စစ်တပ် ဝင်ရောက်နိုင်ဖို့ ခြေကုပ်ယူ အင်အားဖြည့်တာတွေ လုပ်ဖို့ အခရာကျတဲ့စခန်းကုန်းတွေလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်တပ်က ဒီပွိုင့်စခန်းကုန်းတွေ မကျအောင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းအခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်(အမတ)မှာရှိတဲ့အင်အားအပါအဝင် ပုသိမ်အခြေစိုက်တပ်ရင်းတွေကနေ အင်အား ၄၀၀ ကျော်နဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အေအေကတော့ စစ်တပ်ဟာ အရင်ကာလတွေတုန်းကလည်း ဒီစခန်းကုန်းတွေ မကျဖို့ အဲဒီကုန်းတွေကနေ အင်အားရာချီနဲ့ပြီးအကြိမ်ကြိမ်ထိုးစစ်ဆင် ခုခံခဲ့တယ်လို့ သူတို့ရဲ့မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စခန်းကုန်းတိုက်ပွဲအတွင်း စစ်သားအလောင်းတချို့အပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ အေအေက ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း အေအေက သူ ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲကို စစ်တပ်က ထိုးဖောက်ဖို့ လေကြောင်းကနေ တိုက်ခိုက်နေသလို ကုန်းလမ်းနဲ့ ရေလမ်းတွေကလည်း ထိုးစစ်ဖော်နေတာကြောင့် ဂွအနီး ဧရာဝတီအစပ်က ရေကြည်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ အေအေက ပြောပါတယ်။
ဂွမြို့နယ်ဟာ လက်ရှိ အေအေနဲ့ စစ်တပ်တို့ကြား စစ်ရေးပြင်းထန်နေတဲ့ ရေကြည်မြို့ အနောက်ဘက်ခြမ်းမှာရှိပြီး မိုင် ၂၃၀ ကျော် ကွာဝေးပါတယ်။
ဧရာဝတီအပြင် ရခိုင်-မကွေးတိုင်း အစပ်နဲ့ ရခိုင်-ပဲခူးတိုင်းအစပ်အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်၊ မင်းတပ်နဲ့ ကန်ပက်လက် စတဲ့ မြို့တွေမှာလည်း အေအေတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ အေအေက ဆိုပါတယ်။
"အမတ-၃၄၄ အနီးတဝိုက်နေရာတွေနဲ့ ဂွမြို့ရဲ့ အရှေ့မြောက်ဘက် ၇၃ မိုင်ကျော်အကွာက အင်္ဂပူမြို့နယ် ကွင်းကောက်ရွာဘက်တွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
အဲဒီနေရာတွေလည်း စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေနဲ့ လူကို လှိုင်းလို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်တွေ ဖော်နေတယ်လို့ အေအေက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ ရေကြည်က တပ်စခန်းကုန်း ၃ ခုအရေးနဲ့ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်အစပ်က စစ်ရေးနဲ့ ပတ်သက်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဆောမြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ကလေးတစ်ဦးအပါ ၄ ဦး သေဆုံး
ကပ်လျက်မြို့နယ် မင်းတပ်ကို စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲ
မကွေး၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ နတ်ကောင်းကျင်းကျေးရွာကို စစ်တပ်က မနေ့ ဇွန်လ ၂၇ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဗုံးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
နောက်ထပ် "အရပ်သား ၈ ဦးလည်း ဒဏ်ရာရသွားတယ်။ အသက်အန္တရယ်စိုးရိမ်ရတဲ့လူလည်းရှိတယ်" မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဆော်မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲမှာတော့ ယောဒေသ ကာကွယ်ရေးတပ်တွေ လှုပ်ရှားပါတယ်။
နတ်ကောင်းကျင်းကျေးရွာမြောက်ဘက်က မကွေး၊ ဆော-ကျောက်ထုလမ်းပိုင်းမှာ စစ်တပ်က ဇွန်လဆန်းပိုင်းကစလို့ အင်အား ၂၀၀ ထက်မနည်း ဖြည့်တင်းထားပြီး လမ်းပိုင်းတကြောက ရွာအများစုကိုလည်း စစ်တပ်က ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တစ်ဖက် ဆော-ကျောက်ထု-ဂန့်ဂေါလမ်းပိုင်းနဲ့ဆက်စပ်နေတဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်တစ်ခုလုံး ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က မြို့နယ်ထဲကရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ ရက်ဆက်လုပ်နေတယ်လို့လည်း သူက ထပ်ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာအပါအဝင် မြို့နယ်တစ်ခုလုံးနီးပါးကို စစ်တပ်က လေကြောင်း ပစ်ကူပေးနေတာ"သူက ထပ်ပြောပါတယ်။
မင်းတပ်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းညီနောင်(CB)နဲ့ မဟာမိတ် အာရက္ခတပ်တော်(အေအေ)ကလည်း ချင်းပြည်နယ်ထဲ မင်းတပ်၊ ကန်ပက်လက်စတဲ့နေရာတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ ဇွန်လ ၂၇ ရက်ညပိုင်းထုတ်ပြန်တဲ့သူတို့ ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
မင်းတပ်မြို့နယ်ရဲ့မြေပြင်အခြေအနေသိသူတစ်ဦးကတော့ စစ်တပ်က မြို့နယ်ထဲကို ဇွန်လဆန်းပိုင်းကပြီး "စစ်ကြောင်းအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးတွေ ရက်ဆက်ကြဲနေတယ်" လို့ ဆိုပါတယ်။
စစ်တပ်က မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေမှာ ထိုးစစ်တွေ ဖော်နေသလို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား၊ ရိက္ခာဖြည့်တင်းတာတွေလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဇွန်လ တတိယအပတ်တုန်းကလည်း မင်းတပ်ဒေသထဲကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဗုံးကျည်ထိမှန်ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ ဆော၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသတို့က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။