စက်တင်ဘာ ၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - လားရှိုးမြို့ ၁၂ ရပ်ကွက်ကို စစ်တပ်က အရုဏ်တက်ချိန် လေကြောင်းကနေ ဗုံးကြဲ

လေကြောင်းဗုံးထိမှန်ပြီး မှန်ပြတင်းတွေ ကွဲကုန်တဲ့ Silver Sky ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၈ ရက်၊ မနက်ပိုင်း လေကြောင်းတိုက်ခံရတဲ့ လားရှိုး ၁၂ ရပ်ကွက်က ဟိုတယ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ကိုးကန့်တပ်(MNDAA)က သိမ်းပိုက်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၈ ရက်၊ မနက် ၄ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့၊ ရပ်ကွက် ၁၂ ကို ဗုံးကျရောက်ပေါက်ကွဲတာဖြစ်ပြီး လူထိခိုက်သေဆုံးတာတော့မရှိဘူးလို့ လားရှိုးမြို့ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“အဲဒီရပ်ကွက်က Silver Sky ဟိုတယ်နဲ့ ပြည်ထောင်စုအားကစားကွင်းက အားကစားခန်းမတော့ ထိသွားတယ်” လို့ သူကပြောပါတယ်။

လေကြောင်းတိုက်ခံရတဲ့ လားရှိုးပြည်ထောင်စုအားကစားခန်းမ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၈ ရက်၊ လေကြောင်းတိုက်ခံရတဲ့ လားရှိုးပြည်ထောင်စုအားကစားခန်းမ

စစ်ကောင်စီက ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးအပြင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ပေါ်ကို ဒီမနက်အစောပိုင်းမှာ လေယာဉ် ၃ ကြိမ်လာဝဲသွားတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

စက်တင်ဘာ ၆ ရက်တုန်းကလည်း စစ်တပ်ဟာ နမ့်ခမ်းအပါအဝင် တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သား ဆယ်ချီသေဆုံးခဲ့ရပါတယ်။

ဗီဒီယို ပုံစာ, တိုင်းရင်းသား အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ တွေဟာ မြို့ရွာတွေထဲ အဓမ္မ ဝင်ရောက်နေထိုင်နေကြတာကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာပြုလုပ်တဲ့တွေ့ဆုံပွဲမှာ ပြောထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တောင်ကြီးခရီးစဥ်အပြီးမှာပဲ ရှမ်း‌မြောက်နဲ့ ရှမ်း-ကယားနယ်စပ်မှာ စစ်တပ်ရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့ရတယ်လို့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်ထဲ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ယူနီဖောင်း၊လက်နက်အပြည့်အစုံနဲ့ ရှေ့တန်းတစ်နေရာက TNLAတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ရှေ့တန်းရောက် TNLA တပ်ဖွဲ့ဝင်တွေ ( ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် ၃၅၄ တပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ တအာင်းတပ်(TNLA)က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကနေ နောင်ချိုမြို့နယ်ထဲကို စစ်အင်အားဖြည့်ဖို့ တပ်ကူလာတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက တိုက်ပွဲဖြစ်နေတဲ့ တောင်ခမ်းရွာကို Y12 လေယာဥ်နဲ့ ၇ ကြိမ်လာပြီး ဗုံး ၃၈ လုံး၊ မကျီးရေရွာကို ဂျက်ဖိုက်တာ(တိုက်လေယာဥ်)နဲ့ ၂ ကြိမ်၊ ၃၅၄ အမြောက်တပ်နေရာကို Y12 လေယာဥ်နဲ့ ၁၂ ကြိမ်လာပြီး ဗုံး အလုံး ၆၀ လာပစ်ခဲ့တယ်လို့ TNLA ရဲ့ မှတ်တမ်းအရသိရပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နဲ့၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ကြားက တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းကျေးရွာတည်နေရာပြ မြေပုံ

စစ်ကောင်စီကတော့ တောင်ခမ်းမြို့နယ်က ဗျူဟာကုန်း ၉၀၂ အမြောက်တပ်ကို မကျရေးအတွက် အပြင်းအထန် ခုခံနေပြီး လက်နက်ခဲယမ်း ၈၃ ထုပ်ကိုလည်း လေကြောင်းကနေ ကြဲချထောက်ပို့ခဲ့တာပါ။

တောင်ခမ်းဗျူဟာကုန်း မကျရေးအတွက် စစ်ကောင်စီရဲ့ တပ်မြို့လို့သိကြတဲ့ ပြင်ဦးလွင်မြို့ အခြေစိုက်တပ်တွေကနေ လက်နက် ကြီးပစ်ကူနေတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, တောင်ခမ်း ဗျူဟာအရ အရေးပါပုံ

ရန်ကုန်မှာ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ တစ်ရာကျော်ရှိ

ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကို ကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, MFS

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကို ကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေ (ပုံဟောင်း)

၂၀၂၄ ခုနှစ်၊ မေကနေ သြဂုတ်အထိ လေးလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ယာဥ်တိုက်မှုကြောင့်သေဆုံးသူ ၁၃၈ ဦးရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအချက်အလက်အရ သိရပါတယ်။

ဒီကာလအတွင်း ယာဉ်တိုက်မှု ၂၅၉ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရသူကလည်း ၃၀၁ ဦးရှိခဲ့ပါတယ်။

စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ရန်ကုန်တိုင်းဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက် ယာဉ်စီးရေများပေမဲ့ ယာဥ်တိုက်ခိုက်မှုမှာ အဆင့် ၅ နဲ့ လူသေဆုံးမှုမှာ အဆင့် ၇ ရှိနေတယ်ပြီး ဒီထက်လျော့ ကျအောင်လုပ်ဖို့ စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ယာဉ်တိုက်မှု ၂၄၄၆ မှုမှာ ဒဏ်ရာရသူ ၃၄၉၂ ဦး နဲ့ သေဆုံးသူ ၁၂၉၉ ဦး ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအချက်အလက်အရ သိရပါတယ်။

ရှမ်းအရှေ့နဲ့ရှမ်းမြောက် မိုးသည်းထန်ပြီး ရေကြီး၊မြေပြိုနိုင်

တာချီလိတ်မြို့၊ ရေကြီးရေလျှံနေတဲ့ လမ်းပေါ်မှာ ကားတွန်းနေကြတဲ့ အမျိုးသားတွေ

ဓာတ်ပုံ ရင်းမြစ်, ရှမ်းအရှေ့သတင်းမဏ္ဍိုင်

ဓာတ်ပုံ ပုံစာ, သြဂုတ် ၂ ရက်၊ ရှမ်းအရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ဆိုင်ချောင်းရေတက်လို့ ရေဘေးကြုံခဲ့တဲ့အခြေအနေ(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေတဲ့ ယာဂီ မုန်တိုင်း အကြွင်းအကျန်နဲ့ ဘင်္ဂလားပင်လယ်‌‌‌အော်မှာ ဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် စက်တင်ဘာ ၈ ရက်၊ ဒီနေ့ကစပြီး ရှမ်းအရှေ့နဲ့ရှမ်းမြောက်က မြို့ရွာတွေမှာ ရေနဲ့ပတ်သတ်တဲ့သဘာဝဘေး အန္တရာယ်တွေကြုံရနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

မိုးအလွန်များတာကြောင့် ရေနဲ့ပတ်သတ်တဲ့သဘာဝဘေးအပြင် မြေပြို၊ တောင်ပြိုတာနဲ့ တောင်ကျ ချောင်းရေ ရုတ်တရက်ဆင်းလာတာလည်း ဖြစ်နိုင်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောထားပါတယ်။

စစ်ကောင်စီမိုးလေဝသဌာနကတော့ ရှမ်းပြည်နယ်မှာ မိုးတိမ်တောင်တွေဖြစ်နေပြီး ရှမ်းပြည်နယ်‌(မြောက်ပိုင်း)မှာ နေရာစိပ်စိပ်မိုးကြီးနိုင်သလို ရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မနေ့ညနေပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ ခန့်မှန်းပါတယ်။

အခု သဘာဝဘေး သတိပေးခံရတဲ့ ဒေသထဲမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှု ခံရတဲ့နေရာတွေနဲ့ စစ်ဘေးရှောင် ဒေသတွေ လည်း ပါဝင်နေပါတယ်။

မိုးသည်းပြီး ရေဘေးဖြစ်လာမယ်ဆိုရင် ကယ်ဆယ်ရေးအဖွဲ့နဲ့ အင်အားနည်းတဲ့အခက်အခဲရှိတယ်လို့ ရှမ်းမြောက်၊ လားရှိုးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“ဖြစ်လာရင်တော့ ရှိတာနဲ့လုပ်ရမယ်ထင်တာပဲ။ မြို့မှာက ရပ်ကွက် ၁ တို့ဘာတို့က ရေနှုတ်မြောင်းမရှိတော့ မိုးကြီးရင် အဲဒီဘက်က ရေတက်ပြီး ရွှေ့ပြောင်းရတာတွေရှိတယ်” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့နဲ့ ရှမ်းအရှေ့ဒေသတွေမှာလည်း စက်တင်ဘာ ၁၀ ရက်မှာ မိုးရေချိန် ၁၆ လက်မကျော်ထိ ရွာသွန်း ဖို့ရှိနေတာကြောင့် မယ်ဆိုင်ချောင်းရေကို သတိထားဖို့ ဦးဝင်းနိုင်က ပြောထားပါတယ်။

နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းရွာ လေးကြိမ်မြောက် လေကြောင်းတိုက်ခံရ

လေကြောင်းက ကြဲချလိုက်တဲ့ ဗုံးထိပြီး ခေါင်မိုးပွင့်ကာ ပျက်စီးသွားတဲ့ လူနေအိမ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လေကြောင်းဗုံးထိလို့ ပျက်စီးသွားတဲ့ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းရွာက လူနေအိမ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ဆူးရစ်ကုန်းရွာကို စစ်တပ်က စက်တင်ဘာ ၇ ရက် ညပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတာခံလိုက်ရတယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် ၄ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဒါဟာ သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း ‌လေးကြိမ်မြောက် ဗုံးကြံခံရမှုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“ပြီးခဲ့တဲ့ (စက်တင်ဘာ) ၆ ရက်နေ့ကတော့ လူသေတယ်။ မနေ့ညကတော့ လူထိခိုက်သေဆုံးမရှိဘူး။ ကြက်ခြံနဲ့ အိမ်နဲ့တော့ ထိတယ်။ ဗုံး ၃ ခါကြဲသွားတာ” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆူးရစ်ကုန်းရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အခြေခံနေထိုင်တာမရှိသလို တိုက်ပွဲဖြစ်ပွားနေတာလည်းမရှိဘူးလို့ ပြောပါတယ်။

နှစ်လအတွင်းမှာ ဆူးရစ်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ကလေး တစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ အမှတ်၄ တပ်ရင်းရဲ့မှတ်တမ်းအရသိရပါတယ်။

မန္တလေးတိုင်းထဲပါဝင်ပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်၊ ဧရာဝတီမြစ်ဘေးက မြင်းခြံမြို့၊ အနီးနားက တောင်သာမြို့နဲ့ နွားထိုးကြီးမြို့တို့အပြင် တိုင်းမြို့တော် မန္တလေးမြို့တို့ရဲ့ တည်နေရာပြ မြေပုံဖြစ်ပါတယ်

သြဂုတ် ၁၀ ရက်ကစတင်ခဲ့တဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးမှာ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် အခြေချနေရာတွေကို ဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြန်ဆုတ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး မြို့မှာထိုင်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးဟာ ခရိုင်အတွင်းက စစ်ကောင်စီစခန်းတွေကို သိမ်းသွားဖို့အထိ ရည်မှန်းထားတယ်လို့ ဒေသတွင်း PDF မဟာမိတ်အဖွဲ့တွေရဲ့ပြန်ကြားရေးတာဝန်ခံတွေပြော ထားကြပါတယ်။

ရေဦးနဲ့ ဒီပဲယင်းနယ်မှာ လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်တာ ခပ်စိတ်စိတ်ဖြစ်လာ

ရေဦးမြို့နယ်ထဲက စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, ထူးခန့်ဇော်

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်အတွင်း ရေဦးမြို့နယ်ထဲ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရသူတွေ (ပုံဟောင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး နဲ့ ဒီပဲယင်းနယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းသုံးတိုက် ခိုက်တာတွေ သြဂုတ်လကစလို့ ခပ်စိတ်စိတ်လုပ်လာတယ်လို့ ဒီနယ်တဝိုက်က မြေပြင်အခြေအနေသိရှိသူ ထူးခန့်ဇော်(အမေ့သားက) ဘီဘီစီကိုပြောပါတယ်။

“ဒီလအစတုန်းက ရေဦးနယ်၊ မုန့်စီရွာမှာ ဒရုန်းနဲ့တိုက်လို့ ရွာသား ၃ ဦး ဒဏ်ရာရတာရှိတယ်။ လက်နက်ကြီးကတော့ ရေဦးမြို့‌ပေါ်က တပ်ကနေ ပတ်ဝန်းကျင်ရွာတွေကိုပစ်နေတာ။ ဒီတပ်ထဲကော ဒီပဲယင်းဘက်ကိုကော တခြားနယ်ကနေ တပ်ကူတွေ ပို့လာတာလည်းရှိတယ်”လို့ သူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ သြဂုတ် ၁၈ ရက်မှာ သိမ်းနိုင်ခဲ့ပြီး ၂၄ နာရီမပြည့်ခင် ပြန်ဆုတ်ခဲ့ရတဲ့ ဒီပဲယင်းမြို့ပေါ် မှာ‌တော့ စစ်ကောင်စီက လူနေအိမ်တွေကို နေ့စဉ်မီးရှို့ဖြတ်ဆီးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိ ရပါတယ်။

ဒီပဲယင်းမြို့ပေါ်က အပျက်အစီးနဲ့ လူသေဆုံးထိခိုက်တဲ့အခြေအနေကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ရော၊ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကရော လုံခြုံရေးအခြေအနေကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ခင်ဦးနယ်ထဲ ပျူစောထီးနဲ့ စစ်တပ်ပေါင်းပြီး စစ်ကြောင်းထိုးနေ

ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးလို့ လယ်ကွင်းထဲရှောင်နေရသူတွေ

ဓာတ်ပုံ ရင်းမြစ်, People Defense Comrade

ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးလို့ လယ်ကွင်းထဲရှောင်နေရသူတွေ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်ထဲက ခင်ဦးမြို့နယ်က ရွာပေါင်း ၁၀ ရွာကို အရပ်အခေါ် ပျူစောထီး (ပြည်သူ့စစ်)နဲ့ စစ်ကောင်စီတပ်သား အင်အား ၁၇၀ ဝန်းကျင်ခန့်က စက်တင်ဘာ ၁ ရက်ကစပြီး စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသအခြေအနေသိရှိသူ ထူးခန့်ကျော်(အမေ့သား)က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေကြား ပျူစောထီးရွာလို့ သိကြတဲ့ ခင်ဦးနယ်ထဲက မဒေါင်းလှရွာကို တော်လှန်ရေးအင်အားစုတွေက သြဂုတ် ၁၇ ရက်ကနေ လကုန်အထိ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို ကန့်ဘလူဘက်ကနေစစ်ကြောင်းထိုးလာတာလို့ သူက ပြောပါတယ်။

“မဒေါင်းလှရွာ ပတ်ဝန်းကျင်က ရွာတွေကို ဝင်တာပေါ့။ အဲလိုစစ်ကြောင်းဝင်လို့ ပြောနေရတဲ့ စစ်ရှောင်က တစ်သောင်းကျော်လောက်ရှိတယ်။ အကုန်လုံး စားရေးသောက်ရေး၊ ကျန်းမာရေးခက်နေကြတယ်။ အဓိက က အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေပေါ့” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ မဒေါင်းလှကို တိုက်နေစဉ်ကာလမှာလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် စစ်ရှောင် ၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ကန့်ဘလူနဲ့ ကျွန်းလှနယ်တွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ အရပ်အခေါ် ပျူစောထီး(ပြည်သူ့စစ်)တွေ အားကောင်းတဲ့ဒေသဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မြန်မာမှာ ပျူစောထီးမရှိဘဲ လုံခြုံရေးကြောင့် အကူအညီတောင်းခံလာမှသာ သင်တန်းပေးတာနဲ့ လက်နက်တပ်ဆင်ပေးတာတွေရှိတယ်လို့ ၂၀၂၂ ခုနှစ်ကတည်းက ပြောထားပါတယ်။

စစ်ကောင်စီဟာ တပ်ထောက်ခံမှုများတဲ့နယ်တွေမှာ ဒေသခံတွေကို အခြေခံစစ်သင်တန်းနဲ့ လက်နက် တပ်ဆင်ပေးတာတွေလုပ်နေပြီး အဲဒီထဲမှာ ကန့်ဘလူနဲ့ ကျွန်းလှလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ မဒေါင်းလှ ပြည်သူ့စစ်စခန်းကို PDF ပူးပေါင်း အဖွဲ့တွေက အခုလဆန်းပိုင်းမှာ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။