ဘီဘီစီမြန်မာပိုင်းရဲ့ စက်တင်ဘာ ၆ ရက် သတင်းများထုတ်လွှင့်မှုများဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
နမ့်ခမ်းနဲ့ ဖယ်ခုံဒေသ ၂ ခုကို စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သားဒါဇင်ကျော် သေဆုံး
နမ့်ခမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံး၊ ဖယ်ခုံက စစ်ရှောင်စခန်းကိုဗုံးကြဲလို့ကလေးငယ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးတဲ့ သတင်းအပါအဝင် စက်တင်ဘာ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်နေပါတယ်။
အနှစ်ချုပ်
- နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် မှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးအပါအဝင် လူ ၁၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရ
- နမ့်ခမ်းမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက် မနက် တစ်နာရီခွဲက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့မနက်မှာတော့ နောက်ထပ် လေယာဉ်တွေဝဲတာတွေ ဆက်ရှိနေလို့ စိုးရိမ်နေ
- စစ်တပ်လက်လွှတ်ထားရတဲ့နယ်မြေတွေကို ညပိုင်းနဲ့ မနက်ပိုင်းတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်နေ
- ရှမ်းတောင်ပိုင်းဖယ်ခုံမြို့နယ်၊လအိတိုက်နယ်ထဲက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆရာမအပါအဝင် ကျောင်းသူ၊ ကျောင်သား ၁၀ ဦးထက်မနည်းသေဆုံး
- ပြည်ပရောက် မြန်မာအလုပ်သမားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာကမိသားစုတွေဆီကို တရားဝင်ငွေလွှဲလမ်းကြောင်းကနေ လွှဲပေးရမယ်ဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
- နောင်ချိုမြို့နယ်ထဲက ရွှေမုဌောရွာကို စစ်ကောင်စီက စက်တင်ဘာ ၅ ရက် ညပိုင်းက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်
- အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးတက်ရောက်
- နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာကို စက်တင်ဘာ ၅ ရက် မနေ့က စစ်ကောင်စီက လေကြောင်းပစ်ခတ်တာကြောင့် အသက် ၁၉ နှစ်ဝန်းကျင် လူငယ်တစ်ယောက် သေဆုံး
တိုက်ရိုက် ထုတ်လွှင့်ချက်
ကန်အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာ အကြံပြုချက်တွေကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး
ဓာတ်ပုံ ပုံစာ, ပြည်ပရောက်မြန်မာအလုပ်သမားတွေ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၂၄ ဩဂုတ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေတယ်ဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီအကြံပြုချက်အရ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လက်ခံတာဆိုရင် ၂၀၂၄ ခုနှစ် ဩဂုတ် အတွင်း အယောက် တစ်ထောင်နီးပါးရှိတယ်လို့ဆိုပြီး အမျိုးသား ၇၅၂ ဦးနဲ့ အမျိုးသမီး ၂၀၈ ဦး စုစုပေါင်း ၉၆၀ ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေကနေ ထိုင်းအာဏာပိုင်တွေက တရားဝင် ပြန်လွှဲပြောင်းပေးတာလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လွှဲပြောင်းပေးလာတဲ့ မြန်မာအလုပ်သမားတွေကို သူတို့ကိုနေရပ်ပြန်ပို့သလား ဒါမဟုတ် ဆက်ပြီးဖမ်းဆီးထိန်းသိမ်းထားသလားဆိုတာ ကိုတော့ စစ်ကောင်စီထုတ်ပြန်ချက်က တိတိကျကျပြောထားတာမရှိပါဘူး။
ဒါ့အပြင် အလုပ်သမားတွေ တိုင်ကြားတာကြောင့် ဇူလိုင် အတွင်း တရားစွဲမှု ၂ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှာ ပါဝင်တဲ့ ထားဝယ်၊ သီလဝါနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း အလုပ်သမား မှတ်ပုံတင်တာ၊ သက်သေခံကတ်ပြားလုပ်ပေးတာနဲ့ သက်တမ်းတိုးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲပုံစံအတိုင်း မလွှဲဘူးဆိုရင် ပြည်ပမှာအလုပ်လုပ်ကိုင်ခွင့်ကို ကန့်သတ်တာ၊ အလုပ်သမားသက်သေခံလက်မှတ် OWIC မထုတ်ပေးတာနဲ့ ပြည်ပမှာရှိချိန် ပတ်စ်ပို့သက်တမ်းတိုးတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရွှေ့ပြောင်းမြန်မာကလေးတွေ စာသင်နေတဲ့ မေတ္တာရိပ်ကျောင်း ကို ထိုင်းအစိုးရ က ပိတ်ခိုင်း

ဓာတ်ပုံ ရင်းမြစ်, မေတ္တာရိပ်စာသင်ကျောင်း
ဓာတ်ပုံ ပုံစာ, မြန်မာရွှေ့ပြောင်းကလေးတွေ အားထားရတဲ့ မေတ္တာရိပ်စာသင်ကျောင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် စာသင်ကြားနေတဲ့ မေတ္တာရိပ်စာသင်ကျောင်းကို ထိုင်းပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်မှာ ပိတ်လိုက်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဘီဘီစီကို ပြောပါတယ်။
မေတ္တာရိပ်ကျောင်းဟာ ထိုင်းပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီတာတွေရှိတာကြောင့် လာရောက်ပိတ်သိမ်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျောင်းနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကို ရပ်တန့်ပြီး ဘာမှဆက်မလုပ်ဖို့ စောင့်ကြည့်စစ်ဆေးတယ်ဆိုပြီး လာပိတ်တယ်။ အခုချိန်ထိလည်း ကျောင်းလည်းပိတ်ထားတယ်။ ပတ်ဝန်းကျင်နဲ့လည်း နားလည်မှုလွဲတာ ရှိကောင်းရှိနိုင်တယ်။ မနက်ကျောင်းတက်ချိန်မှာ နိုင်ငံတော်သီချင်းဆိုတာကိုလည်း မကြိုက်တာတွေဖြစ်မယ်”ဦးမင်းဦးက ပြောပါတယ်။
အပိတ်ခံလိုက်ရတဲ့ မေတ္တာရိပ် စာသင်ကျောင်းဟာ အရင်က အသက်မွေးဝမ်းကျောင်းဟောင်း မြေနေရာလို့လည်း သိရပါတယ်။
ထိုင်းအစိုးရ ပညာရေးဝန်ကြီးဌာနက တရားဝင်ကျောင်းအဖြစ် သတ်မှတ်ထားတာ မရှိတာ၊ ကျောင်းဖွင့်ထားတဲ့ အဖွဲ့အစည်းက တရားဝင်မှတ်ပုံတင်ထားတာ ရှိ၊ မရှိ စာသင်ကျောင်းတစ်ကျောင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊ ဆရာ/ဆရာမတွေက သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်ဝမှု ရှိ/မရှိ၊ စာသင်ကြားခွင့် နဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက စစ်ဆေးနေတာဖြစ်တယ်လို့ဆိုပါတယ်။
မေတ္တာရိပ်စာသင်ကျောင်း ဖွင့်ထားတာ ၂ နှစ်ရှိနေပြီး ရွှေ့ပြောင်းမြန်မာ ကလေးတွေပညာရေးအတွက် အားထားရတဲ့ကျောင်းလည်းဖြစ်ပါတယ်။
ရနောင်းမြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေ စာသင်နေတဲ့ကျောင်းတွေကိုလည်း မြန်မာနိုင်ငံတော်သီချင်း မဆိုဖို့ကို ထိုင်းအာဏာပိုင်တွေက တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာကို စက်တင်ဘာ ၅ ရက် မနေ့က စစ်ကောင်စီက လေကြောင်းပစ်ခတ်တာကြောင့် အသက် ၁၉ နှစ်ဝန်းကျင် လူငယ်တစ်ယောက် သေဆုံးသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ကနေ သိရပါတယ်။
လေကြောင်းပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်သွားတယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“ဗုံးဆံထိသွားတဲ့ ကောင်လေးက မနေ့က ဒဏ်ရာရတာ၊ ဒီနေ့မနက်မှာ ဆုံးသွားတယ်လို့သိရတာ၊ စစ်ကောင်စီက ကျွန်တော်တို့ တပ်စွဲနိုင်တယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေကို လိုက်ပစ်တာများတယ်။ တကယ်တော့ ကျွန်တော်တို့က အရပ်သားတွေ ရှိတဲ့နားမှာမနေဘူး။ ဘုန်းကြီးကျောင်းတို့ ၊ ဓမ္မာရုံတို့ဆိုတာ Google Map မှာတင်ရှာလို့ရတယ်၊ မြင်လွယ်တယ်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ကိုလည်း သတိပေးထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ ကနေ သိရပါတယ်။
အာဆီယံတပ်ချုပ်များအစည်းအဝေး စစ်ခေါင်းဆောင်မတက်ဘဲ ကိုယ်စားစေလွှတ်

ဓာတ်ပုံ ရင်းမြစ်, ASEAN
ဓာတ်ပုံ ပုံစာ, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးတက်ရောက် အရပ်ဖက်အဖွဲ့ ပေါင်း ၂၀၀ ကျော်က မြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်ကို ပိတ်ပင်ပေးဖို့ အာဆီယံအတွင်းရေးမှူးချုပ်ဆီ အိတ်ဖွင့်စာပေးပို့တောင်းဆိုထားတဲ့ အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးတက်ရောက်ခဲ့တာကို စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စက်တင်ဘာလ ၄ ရက်ကနေ ၇ ရက်အထိပြုလုပ်နေတဲ့ အဲဒီအစည်းအဝေးကို 14th ASEAN Military Operations Meeting (14th AMOM) ကို တက်ရောက်နေတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ၂၁ ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး တက်ရောက်နေတဲ့ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူတို့ပါ တက်ရောက်တာကို တွေ့ရပါတယ်။
၂၁ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး ကို ဥက္ကဋ္ဌအဖြစ် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone တက်ရောက်ပြီး “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက် ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်နဲ့ နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံဘက်ကသတင်းတွေက ဖော်ပြပါတယ်။
၂၂ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (22nd ACDFM) အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးဟာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong ၊ ကမ္ဘောဒီးယားဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးကို စစ်ကောင်စီကိုမဖိတ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ရက်က အရပ်ဖက်အဖွဲ့ ၂၀၀ ကျော်က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်တွေကိုတော့ AMMTC အစည်းအဝေးတွေ အားလုံးမှာ တက်ရောက်ခွင့် မပိတ်ပင်ဘူးဆိုရင် AMMTC အစည်းအဝေးတွေအားလုံးကို သပိတ်မှောက်သွားမယ်လို့လည်း လူ့အခွင့်ရေးအခြေစိုက် အဖွဲ့တွေက ပြောထားပါတယ်။
စစ်ကောင်စီဟာ လူပေါင်း ၅,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို၊ ၂၇၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၂၀,၇၀၀ ကျော်ကို အကျဉ်းချထားခဲ့တယ်လို့ အရပ်ဖက်အဖွဲ့တွေက အာဆီယံကို ပေးပို့တဲ့ စာထဲမှာရေးထားပါတယ်။
အာဆီယံဘက်ကတော့ ၂၀၂၁၊ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးတွေမှာ စစ်ကောင်စီကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးထားတာဖြစ်ပါတယ်။
စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကို ဘယ်သူတွေက အမိန့်ပေးသလဲ
အာဏာမသိမ်းခင်တုန်းကတော့ လေကြောင်းကနေ ပစ်ကူပေးဖို့၊ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ပစ်မိန့်ခွင့်ပြုတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ရပါတယ်။ ဒီအတွက် ပစ်ခတ်မိန့်ရဖို့အတွက်ကိုတော့ အဆင့်ဆင့်တင်ပြပြီးခွင့်ပြုချက်ယူရတာရှိပါတယ်လို့ လေကြောင်းစစ်ဆင်ရေးတွေပြုလုပ်ခဲ့ဖူးတဲ့ စီဒီအမ်ဗိုလ်ကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
မြေပြင်မှာ တိုက်ခိုက်နေတဲ့ စစ်ကြောင်းတွေရဲ့ အကြီးအကဲ စစ်ကြောင်းမှူး အရာရှိ သို့မဟုတ် သက်ဆိုင်ရာတပ်ရဲ့ တပ်မမှူးက လေကြောင်းနဲ့ ပစ်ကူ တိုက်ခိုက်ပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) နဲ့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ တိုင်းမှူးတို့ဆီကို ပထမဆုံး စတင်တင်ပြရပါတယ်။
လေကြောင်းပစ်ခတ်မှုတွေရဲ့ ဆင့်ကဲကွပ်ကဲမှုအကြောင်း ဒီဆောင်းပါးလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။
နောင်ချိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ၁၃ နှစ်အရွယ် မိန်းကလေး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ဖိုးချစ်သောင်း
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ နောင်ချိုမြို့နယ်ထဲကကျေးရွာတစ်ရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ထဲက ရွှေမုဌောရွာကို စစ်ကောင်စီက စက်တင်ဘာ ၅ ရက် ညပိုင်းက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်သေဆုံးပြီး ဖခင်ဖြစ်သူကလည်း အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အိမ်နားကိုကျပြီး ကလေးကို ထိသွားတော့ အဖေဖြစ်သူက သွေးပေါင်တက်သွားတာ၊ ကလေးအဖေက ဦးနှောက်သွေးကြော ထိသွားလို့ ဆေးရုံမှာ အရေးပေါ်တင်ထားရတယ်”လို့ သူက ပြောပါတယ်။ စစ်ကောင်စီက စက်တင်ဘာ ၅ ရက် ညပိုင်းမှာ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့သလို စက်တင်ဘာ ၆ ရက် မနက်ပိုင်း ၅ နာရီလောက်မှာလည်း နောက်ထပ်ဗုံးကြဲတာကြောင့် ဗုံးအလုံးရေ ၂၅ လုံးလောက်ရှိတယ်လို့လည်း ဒေသခံတွေက ခန့်မှန်းကြပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ရွှေမုဌောရွာထဲက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
နောင်ချိုမြို့ နမ့်ဆောင်ဟူးရွာမှာရှိတဲ့ ၆၀၆ ဒုံးတပ်ရင်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က ဇူလိုင် လဆန်းပိုင်းအတွင်းဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ချိန်မှာ ရွှေမုဌောကျေးရွာ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဇူလိုင် ၁၀ ရက်မှာ TNLA က စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ ကို သိမ်းပိုက်ပြီးနောက်မှာတော့ ရွှေမုဌောကျေးရွာဒေသခံတွေ ရွာထဲကို ပြန်ဝင်ရောက်နေထိုင်ခဲ့ချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာလည်း နောင်ချိုမြို့နယ်ထဲကမဲပုတ်ရွာအပါအဝင် ကျေးရွာတချို့ကို စစ်ကောင်စီကတိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးထားသလို ဘုန်းကြီးကျောင်းတွေလည်း ဗုံးထိမှန်ထားတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောထားပါတယ်။
ပြည်ပရောက်မြန်မာလုပ်သားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် မဖြစ်မနေလွှဲဖို့ စစ်ကောင်စီတင်းကျပ်, တရားဝင်ငွေ မလွှဲထားရင် ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ OWIC ကတ်ထုတ်ပေးတာကိုခွင့်မပြုဘူးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေ ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ရရှိတဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာကမိသားစုတွေဆီကို တရားဝင်ငွေလွှဲလမ်းကြောင်းကနေ လွှဲပေးရမယ်ဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သလို အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကလည်း လိုင်စင်ရ အေဂျင်စီတချို့နဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ တစ်လကိုလစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် အများဆုံး ၃ လ ကို တစ်ကြိမ် ၃ လစာ စုစုပါင်း ရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း မိသားစုဆီ ဒါမှမဟုတ် မိခင်နိုင်ငံက ကိုယ်ပိုင်ဘဏ်စာရင်းထဲကို ထည့်သွင်းထားရမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရပ်ခြားမှာရှိနေတဲ့ မြန်မာအလုပ်သမားတိုင်းက အဲဒီလို တရားဝင်လမ်းကြောင်းတွေကနေ ငွေလွှဲထားတဲ့ စာရွက်စာတမ်းတွေကိုသိမ်းထားဖို့လိုအပ်သလို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်သူတွေကလည်း ကိုယ့်ရဲ့ အေဂျင်စီကို ငွေလွှဲစာတွေမဖြစ်မနေလွှဲပေးထားဖို့ လည်းသတိပေးထားပါတယ်။
အလုပ်သမားအနေနဲ့ တရားဝင်လမ်းကြောင်းတွေကနေ လွှဲပြောင်းပေးဖို့ ပျက်ကွက်ထားတာကို စိစစ်တွေ့ရှိရင် ပြည်ပမှာအလုပ်လုပ်ကိုင်ခွင့်ကို ကန့်သတ်တာ၊ အလုပ်သမားသက်သေခံလက်မှတ် OWIC မထုတ်ပေးတာနဲ့ ပြည်ပမှာရှိချိန် ပတ်စ်ပို့သက်တမ်းတိုးတာတွေကို ခွင့်မပြုကြောင်း သတိပေးသလို အရေးယူမယ်လို့ စစ်ကောင်စီကပြောထားပါတယ်။
ဒါအပြင် အေဂျင်စီတွေကလည်း သူတို့ စေလွှတ်လိုက်တဲ့ အလုပ်သမားက လစဉ် ငွေလွှဲပို့တဲ့ အထောက်အထားတွေကို အလုပ်သမားဝန်ကြီးဌာနကို လချုပ်အဖြစ် အထောက်အထား ပူးတွဲလျက် မပျက်မကွက် တင်ပြရမယ်ဆိုပြီး ပြောပါတယ်။ ပျက်ကွက်တဲ့အေဂျင်စီတွေကိုလည်း လုပ်ငန်းလိုင်စင်တွေရပ်တာမျိုးအထိလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ အေဂျင်စီတချို့ကပြောပါတယ်။
“ဒါက အေဂျင်စီကိုရော အလုပ်သမားကိုရောပါ တင်းကျပ်လိုက်တာ၊ အလုပ်သမားတွေက သူ့ဝင်ငွေသူ လွှဲချင်လည်းလွှဲမယ်၊ မလွှဲချင်လည်းမလွှဲဘူးလေ။ အေဂျင်စီကနေ ပြည်ပပို့လိုက်တဲ့ အလုပ်သမားတွေထဲက ငွေလွှဲတာနည်းတယ်ဆိုရင် အေဂျင်စီကိုလည်း လိုင်စင်ပိတ်သိမ်း အရေးယူခံရမှာ။ အလုပ်သမားတွေက မိအေးနှစ်ခါနာဖြစ်နေကြတယ် ”လို့ တရားဝင် အလုပ်သမားပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေက စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်း ငွေလွှဲရင်လည်း စစ်ကောင်စီဗဟိုဘဏ်ရဲ့ ဒေါ်လာစျေးတရားသေသတ်မှတ်ချက်ကြောင့် အပြင်ပေါက်ဈေးထက်လျော့ပြီးရတာ၊ မိသားစုက ငွေသွားထုတ်ချိန်မှာလည်း K-pay တို့ Wave တို့မှာ ငွေထုတ်ခရာခိုင်နှုန်း ပေးရတာဖြစ်တာကြောင့် ဆင့်ကဲကုန်ကျစရိတ်တွေတက်နေတယ်လို့ သူကပြောပါတယ်။
ဒီလိုတင်းကျပ်တာဟာ အေဂျင်စီရော၊ အလုပ်သမားတွေပါ ထိခိုက်လာနိုင်တဲ့အတွက် တရားမဝင် ပြည်ပထွက် အလုပ်လုပ်သူတွေ ပိုများလာနိုင်တယ်လို့လည်း အေဂျင်စီတွေက မှတ်ချက်ပေးပါတယ်။
မြန်မာမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းပေါင်း ၅၀၀ ကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့စာရင်းတွေက ဖော်ပြထားပါတယ်။
ဖယ်ခုံ၊ လအိစစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ, ကျောင်းသား နဲ့ ဆရာမအပါအဝင် ၁၀ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, PKPF သတင်းနှင့်ပြန်ကြားရေးဗျူရို
ဓာတ်ပုံ ပုံစာ, ဗုံးဒဏ်ထိဘန်ကောက်စစ်ရှောင်စခန်း ကရင်နီဒေသနဲ့ကပ်နေပြီး ရှမ်းတောင်ပိုင်းဖယ်ခုံမြို့နယ်ထဲပါတဲ့ လအိတိုက်နယ်ထဲက ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာ ၆ ရက် ညပိုင်းက စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆရာမအပါအဝင် ကျောင်းသူ၊ ကျောင်သား ၁၀ ဦးထက်မနည်းသေဆုံးသွားပြီး ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ PKPF သတင်းနှင့်ပြန်ကြားရေးဗျူရို ကထုတ်ပြန်ပါတယ်။
'' ကလေး ၆ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း လူ ၈ ဦးသေဆုံးခဲ့ပါတယ်။ ကလေးတွေကကျောင်းတက်နေဆဲကလေးတွေဖြစ်ပါတယ်။ ညက လေယာဥ်တွေဝဲပြီးတော်တော်ဆိုးပါတယ်'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဗုံး ၂ လုံးကြဲခဲ့တာဖြစ်ပြီး ၁ လုံးက စစ်ရှောင်စခန်းအစွန်ဘက်နဲ့ နောက်တစ်လုံးက စစ်ရှောင်နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်စခန်းအပြင် စစ်ဘေးရှောင်နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်တဲ့နေရာဖြစ်သလို ကျောင်းသားဦးရေ ၇၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းဖြစ်ပါတယ်။ ဒီစခန်းကို ဒီတကြိမ်နဲ့ဆို ၇ ကြိမ်မြောက် ဗုံးကြဲကြတာဖြစ်ပြီး အရင်က ထိခိုက်သေဆုံးမှုမရှိခဲ့ပေမဲ့ အခုအကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လက်တုံ့ပြန်မယ်ဆိုတဲ့နောက် လက်လွှတ်ထားရတဲ့နယ်မြေတွေကို စစ်တပ်ကလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, PKPF
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၅ ရက်ကညပိုင်းက ဗုံးကြဲခံရတဲ့ လအိစစ်ရှောင်စခန်း နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်ကပြောခဲ့တဲ့နောက်မှာ စစ်တပ်လက်လွှတ်ထားရတဲ့နယ်မြေတွေကို ညပိုင်းနဲ့ မနက်ပိုင်းတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်နေတယ်လို့ ရှမ်းမြောက်နဲ့ ကရင်နီက ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီက ကယား(ကရင်နီပြည်နယ်)ထဲက နန်းမယ်ခုံ၊ဖယ်ခုံ၊ ရှမ်းမြောက်ဒေသထဲက သီပေါ၊မန်တုံ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေနဲ့ ကရင်နီနဲ့ကပ်နေတဲ့ ရှမ်းတောင်ထဲက လအိတိုက်နယ်၊ ဘန်ကောက်စစ်ဘေးရှောင်စခန်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက နန်းမယ်ခုံမြို့ကို စက်တင်ဘာလ ၄ ရက် နဲ့ ၅ ရက်တွေမှာ နှစ်ရက်ဆက်တိုက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက် ညပိုင်း ၉ နာရီကလည်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ကရင်နီနဲ့ ကပ်နေတဲ့ ရှမ်းတောင်၊ လအိတိုက်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ တွေနဲ့ ဆရာ၊ဆရာမတွေအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။
ဒါအပြင် ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းမြောက်မှာတော့ မန်တုံ၊ သီပေါ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေကို စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အတွင်း ၃ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်က စက်တင်ဘာ ၃ ရက် တောင်ကြီးခရီးစဥ်မှာ စစ်တပ်အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်လို့ သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေက လူထုအနေနဲ့ အသုံးချမှုမခံရစေရေးနဲ့ ဘေးကင်းလုံခြုံမှုရှိစေရေးသတိပြုကြဖို့ဆိုပြီး ပြောခဲ့တာပါ။
ဗီဒီယို ပုံစာ, အကြမ်းဖက် ကြေညာခံရခြင်းအပေါ် ညီနောင် ၃ ဖွဲ့ ဘယ်လိုတုံ့ပြန် လေကြောင်းကနေ ဗုံးကြဲခံရတဲ့ နမ့်ခမ်းမြို့ မှာ ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, TNLA
ဓာတ်ပုံ ပုံစာ, ဗုံးဒဏ်ထိတဲ့နေရာကို လာကြည့်နေကြသူတွေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက် မနက် တစ်နာရီခွဲက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့မနက်မှာတော့ နောက်ထပ် လေယာဉ်တွေဝဲတာတွေ ဆက်ရှိနေလို့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်တာ မလုပ်ကြသေးပေမဲ့ အခြေအနေကိုစောင့်ကြည့်နေသလို လေကြောင်းအန္တရာယ်ကို ထပ်ပြီး သတိထားနေကြရတယ်လို့ဆိုပါတယ်။
“ ကျွန်မတို့နေတာက မြို့နဲ့ဝေးပေမဲ့ လေယာဉ်သံနဲ့ ဗုံးကြဲသံအရမ်းကျယ်တော့ ကြားနေရတယ်။ ညတစ်နာရီကျော်ကျော်ကတည်းက အခုထိမအိပ်ဘူး။ သူတို့ထပ်လာမှာစိုးလို့”လို့ နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အိမ်အပျက်စီးတွေ၊ ဗုံးကျပေါက်ကွဲတဲ့ နေရာတွေကို သွားကြည့်ကြတာရှိပြီး ခေါက်ဆွဲဆိုင် အပါအဝင် အစားအသောက်ဆိုင်တချို့ ဖွင့်ထားတာရှိပေမဲ့ မြို့မဈေးအတွင်းပိုင်းတော့ ဆိုင်ခန်းတွေ မဖွင့်ကြဘူးလို့လည်း ဆိုပါတယ်။
ညပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲခံရပြီးနောက်ပိုင်း ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့ကြပါတယ်။ ဒီမနက်မှာတော့ ဗုံးဒဏ်ကြောင့် ပြိုကျ၊ ပျက်စီးသွားတဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်တာ၊ အိမ်ပိနေတဲ့ ကားတွေကို ပြန်ရွှေ့တာတွေ လုပ်နေကြပါတယ်။
ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းမှာ စစ်ကြောင့် ၇ လအတွင်း လူ ၅၀၀ ခန့် သေဆုံး နမ့်ခမ်း ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Jai Noom Jein Fah
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့နေအိမ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးအပါအဝင် လူ ၁၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတယ်လို့ တအာင်းတပ်- TNLA က စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့တာလို့ဆိုပြီး နမ့်ခမ်းမြို ညစျေးအနီးရှိ ပြည်သူလူထုနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးကို ဗုံးတွေကျရောက်ပေါက်ကွဲတာလို့ ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကတော့ နမ့်ခမ်းမြို့မှာ တိုက်ပွဲဖြစ်ပွားတာ တစ်စုံတရာမရှိဘဲ အခုလို ဗုံးကြဲခံရတာလို့ထုတ်ပြန်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ ကိုယ်၀န်ဆောင် အပါအ၀င် မိသားစုလိုက်သေဆုံးမှု ရှိပြီး ဒေသခံ အများအပြား ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗုံးကျပေါက်ကွဲတာ ဟာ ဟိုကတ်ရပ်ကွက်နဲ့ ပေါက်နေ ရပ်ကွက် နှစ်ခုမှာဖြစ်တယ်လို့ ဒေသခံတချို့ကပြောထားပြီး နေအိမ်တွေ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ အဆောက်အဦတွေ ဗုံးထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေထဲမှာတော့နမ့်ခမ်းမြို့ ဗုံးကြဲခံရတဲ့ နေရာတွေမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ဒေသခံတွေက ဝိုင်းဝန်းကယ်ဆယ်နေကြရတာ တွေ့ရသလို ထိခိုက်ပျက်စီးနေတဲ့ နေအိမ်တွေနဲ့ ဗုံးကျပေါက်ကွဲလို့ နေအိမ်အများအပြားပျက်စီးသွားတဲ့နေရာတွေကို တွေ့ရပါတယ်။
