ဖေဖော်ဝါရီ ၁၇ ရက်ထိပ်တန်းသတင်းများ-အမေရိကန်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

ရေးသားခဲ့သည်။

ကယားပြည်နယ် ဘော်လခဲနဲ့ လွိုင်ကော်မှာ မိုးရေချိန်စံချိန်သစ်တင်

Yangon, Myanmar

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department

ကယားပြည်နယ် ဘော်လခဲမြို့နယ်နဲ့ လွိုင်ကော်မြို့တို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က ရွာတဲ့မိုးကြောင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘော်လခဲမြို့မှာဆိုရင် မိုးရေချိန် ၂.၂၄ လက်မနဲ့ စံချိန်သစ်တင်ခဲ့သလို လွိုင်ကော်မြို့မှာလည်း မိုးရေချိန် ၁.၁၈ လက်မနဲ့ စံချိန်သစ်တင်ခဲ့တယ်လို့ တွေ့ရပါတယ်။

တောင်ငူမြို့မှာလည်း မိုးရေချိန် ၁.၃၈ လက်မနဲ့ စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလထုတ်ပြန်ချက်ကဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကယားပြည်နယ်မှာနေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ မိုးရွာသွန်းခဲ့ပြီး တနင်္သာရီ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီနဲ့ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးထစ်ချုန်းရွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာလည်း ဒီနေ့မွန်းလွဲပိုင်းက ရွာသွန်းတဲ့မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်တို့မှာ သစ်ပင်တွေ လဲပြိုကျတာတွေဖြစ်ပွားခဲ့ပြီး မီးသတ်ဦးစီးဌာနက သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ထီးချိုင့်က ပြန်လာတဲ့ စစ်ကြောင်းကို တကောင်းပြည်သူ့ကာကွယ်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

PDF, Sagaing

ဓာတ်ပုံ ရင်းမြစ်, တကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ဘက်ကနေ မန္တလေးဘက်ကို စစ်ကြောင်းပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်မှာ သပိတ်ကျင်းမြို့နယ် ပေါ်တော်မူကျေးရွာအနီး တကောင်းပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပေမဲ့ ဘီဘီစီကတော့ သေဆုံးသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ထီးချိုင့်မြို့နယ်အတွင်း နန်းပေါင်းဟင်္သာကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့က မြတောင်ဘက်ကို ဝင်ပြီး စက်ရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဒီနေ့ မနက်ပိုင်း၅ နာရီကျော်မှာ သပိတ်ကျင်းမြို့နယ်တွင်း တကောင်းအရောက်မှာ မိုင်းဆွဲခံရတာ ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအဖွဲ့တွေ ထိခိုက်ပြီး ကားတစ်စီးပါ ပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရမှုအပြီးမှာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးငယ်တွေနဲ့ အနီးတဝိုက်ကို ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ပြည်သူတွေ ထိခိုက်တာမရှိသလို ဒေသကာကွယ်အဖွဲ့တွေလည်း ထိခိုက်မှုမရှိဘူးလို့ ဒေသခံနဲ့ တကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ ရက်က မတ္တရာမြို့နယ် ကင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့ဟာ ကျောက်တံတားဘက်ကို ခြေလျင်ပြန်ဆင်းလာရာကနေ မိုင်းဆွဲခံရလို့ ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မှာအချိန်မဟုတ် မိုးရွာ၊ မိုးသီးတွေပါ ကြွေကျ

Yangon, Rainy day

ဓာတ်ပုံ ရင်းမြစ်, CJ

Yangon, Rainy day

ဓာတ်ပုံ ရင်းမြစ်, CJ

Yangon, Rainy day

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့ မြင်ကွင်းတွေကိုတွေ့မြင်ရတာပါ။

မိုးမရွာခင် လေအနည်းငယ် ခပ်ပြင်းပြင်းတိုက်ခတ်ခဲ့ပြီး ရာသီဥတုကလည်း အေးစိမ့်စိမ့် ရှိခဲ့ပါတယ်။

ဒီနေ့မိုးရွာချိန်မှာ မိုးသီးတွေလည်းကျခဲ့တာတွေ့ရပါတယ်။

ဒီမတိုင်ခင် ရှေ့ရက်တွေမှာ ရန်ကုန်မနက်ခင်းတွေမှာ မြူတွေ ရက်ဆက်ကျခဲ့ပါသေးတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ရန်ကုန်အပါအဝင် ရှမ်း၊ ကယား၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း ၈၀ ဖြစ်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Yangon, Rainy day

ဓာတ်ပုံ ရင်းမြစ်, CJ

Yangon, Rainy day

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု နှစ်နှစ်အတွင်း အကြိမ် ၃၀၀ ကျော်ရှိခဲ့တယ်လို့ MIPS ပြော

Myanmar Military airstrike

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လေကြောင်းကင်းထောက်တွေ NUG ဖိတ်ခေါ်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးကာကွယ်နိုင်ဖို့အတွက် လေကြောင်းကင်းထောက်တွေအဖြစ်တာဝန်ထမ်းဆောင်နိုင်မယ့်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖိတ်ခေါ်နေပါတယ်။

လေကြောင်းကင်းထောက်လုပ်လိုသူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ လေတပ်စခန်းတွေအပါအဝင် လေယာဥ်ကွင်း၊ ရဟတ်ယာဥ်ကွင်းတွေကိုပုံမှန်စောင့်ကြည့် သတင်းပေးပို့တာ၊ လေကြောင်းသွားလာမှုလမ်းကြောင်းတွေကို သတင်းပေးပို့တာတွေ လိုအပ်တယ်လို့ လည်း ဆိုပါတယ်။

ဒီတာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန တယ်လီဂရမ်ကို ဆက်သွယ်သတင်းပေးပို့ဖို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ ၁၀၄ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၂၄၃ ကြိမ် ရှိခဲ့တယ်လို့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျုစာရင်းဇယားတွေအရ သိရပါတယ်။

အခု စာရင်းက ရရှိထားတဲ့ အချက်အလက်ပေါ်မှာ မူတည်ရေတွက်ထားတာဖြစ်သလို တူညီတဲ့နေရာတစ်ခုမှာ တူညီတဲ့ပစ်မှတ်ကို တူညီတဲ့အဖွဲ့က လုပ်တဲ့အခါမှာ ၂၄ နာရီအတွင်း ဖြစ်စဥ်အားလုံးကို လေယာဥ်သုံးခေါက်လာလည်း တစ်ကြိမ်သာရေတွက်ထားတာဖြစ်ပြီး တကယ်တမ်းမြေပြင်ကအရေအတွက်က အခုစာရင်းထက် ပိုများနိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇာ်ဦးက ဆိုပါတယ်။

“၂၀၂၂ မှာလေကြောင်းတိုက်ခိုက်မှုက ၂၀၂၁ ထက်စာရင် လေကြောင်းတိုက်ခိုက်မှုက ၂ ဆကျော်ပိုပြီးများလာတာတွေ့ရတယ်။ ဥပမာ စစ်ကိုင်းလို ဧရိယာအကျယ်ကြီးမှာ လက်ရှိရှိနေတဲ့တပ်မတော်ရဲ့တပ်နေရာချထားမှုထက် နှစ်ဆ ထပ်ထည့်ရတယ်။ တပ်မတွေ ၃ မလောက်ထပ်ထည့်မှ အဲဒီနေရာစစ်ဆင်ရေးလုပ်နိုင်တယ်။ အဲဒီလောက်ထပ်ထည့်ဖို့က တပ်မတော်မှာအခက်အခဲဖြစ်နေတယ်။ အဲဒီတပ်အင်အားမလုံလောက်မှုကို ပြန်ကာမိအောင် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုလုပ်လာတဲ့သဘောတွေ့ရပါတယ်” လို့ ဒေါက်တာမင်းဇော်ဦးက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

၂၀၂၂ မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက ပုံစံတစ်မျိုးပြောင်းခဲ့တာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ဌာနချုပ်တွေကို မြေပြင်စစ်ဆင်ရှိမှသာပစ်ခတ်လေ့ရှိပေမဲ့ အခုတော့ အနန့်ပါလို စခန်းကိုတိုက်ခိုက်တာမျိုးတွေ တွေ့လာရတယ်လို့ သူကဆက်ပြောပါတယ်။

ဌာနချုပ်တွေကိုမတိုက်ပါဘူးဆိုတဲ့ ပေါ်လစီရှိတယ်။ အဲဒီပေါ်လစီအောက်မှာ လိုင်ဇာလို နေရာမျိုးကို တပ်မတော်က ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာမျိုး သိပ်မတွေ့ခဲ့ရဘူး။ ဒါက တောက်လျှောက်ကျွန်တော်တို့ သိခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်းမှာ ဒီလိုဖြစ်စဥ်မျိုး ရှားရှားပါးပါးပဲ ရှိခဲ့တယ်။ အနီးအနားတဝိုက်ကိုပစ်တာတွေပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်ထဲ ၂၀၂၃ မှာတော့ CNF ရဲ့ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်မှုနှစ်ခေါက်လုပ်ခဲ့တာရှိတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ပေါ်လစီနဲ့ လုံးဝကွဲထွက်သွားပြီလို့ ယေဘုယျပြောလို့ရတယ်”လို့ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။

အခု ၂၀၂၃ မှာလေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေနိုင်ပြီး မြန်မာပြည်အနှံ့က တိုက်ခိုက်လေယာဥ်တွေ နေ့စဥ်နီးပါးပျံသန်းတာတွေရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

US and Indonesia foreign minister

ဓာတ်ပုံ ရင်းမြစ်, US Department of State

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီတို့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးခဲ့ကြတဲ့အထဲမှာ မြန်မာ့အရေးလည်းပါဝင်တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်က အင်ဒိုနီးရှားရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုကို ထောက်ခံသလို အာဆီယံအမေရိကန် ပူးပေါင်းဆောင်ရွက်ရေးမှာ ဌာနကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့အခန်းကဏ္ဍကိုလည်း ထောက်ခံကြောင်း အန်တိုနီဘလင်ကန်က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး ဖြေရှင်းဖို့ ချဥ်းကပ်မှုနဲ့ တီမောလက်စ်တေ နိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုတွေအတွက်နောက်လုပ်ငန်းစဥ်တွေအပါအဝင် ၂၀၂၃ ခုနှစ်အတွက် အာဆီယံရဲ့ဦးစားပေးဆာင်ရွက်ချက်တွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုပစိဖိတ်ဒေသတွင်း ပွင့်လင်းလွတ်လပ်မှုနဲ့ ဒေသတွင်းကြွယ်ဝတိုးတက်မှုနဲ့ လုံခြုံမှုရှိရေးပုံဖော်ရာမှာ အာဆီယံရဲ့ အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကိုလည်း အထူးအလေးပေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် မိတ်ဖက်ဆက်ဆံမှုအောက်မှာရှိတဲ့ ကနဦး ခြေလှမ်းသစ်တွေနဲ့ သာယာဝပြောရေးအတွက် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်မှာ အင်ဒိုနီးရှားရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ အင်ဒိုနီးရှားရဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေသစ်ပါ ပြဋ္ဌာန်းချက်အချို့နဲ့ ပတ်သက်လို့ အမေရိကန်က စိုးရိမ်ကြောင်းပြောခဲ့ပြီး အာဖဂန်နစ္စတန်ရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အင်ဒိုနီးရှားရဲ့ ဦးစီးဦးဆောင်ပြုမှုကိုချီးကျူးခဲ့တယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆန်စျေးတဟုန်ထိုးတက်လာနေ

Myanmar Rice

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစပြီး စျေးကွက်ထဲမှာ ဆန်တွေ စျေးမြင့်တက်လာတာအခု ဖေဖော်ဝါရီလထဲမှာတော့ ဆန်တစ်အိတ်ကို အမျိုးအစားပေါ် မူတည်ပြီး ကျပ် တစ်သောင်းကနေ နှစ်သောင်းနီးပါးလောက်အထိ စျေးတွေ မြင့်တက်လာပါတယ်။

အခုလို စျေးတွေမြင့်တက်လာနေတာက ဆန်ကို လှောင်ပြီး စျေးကစား‌တဲ့သူတွေကြောင့်လို့ ဆန်လက်ကားရောင်းသူတွေ နဲ့ ဆန်စပါးအသင်းချုပ်ဘက်ကပြောပါတယ်။

စျေးကစားတဲ့ အဓိက အကြောင်းရင်းထဲ တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်း ရွှေဘိုဘက်က ထွက်တဲ့ ရွှေဘိုထိပ်စဆန်တွေကို ဒေသ အခြေအနေကြောင့် တောင်သူတွေက စပါးလက်ထဲမထားဘဲ အကုန်ရောင်းချကြတဲ့နောက် ကုန်သည်တွေက ဝယ်လှောင်ပြီးစျေးကစားတာကနေ အစပြုတယ်လို့ ဆန်စျေးကွက် နားလည်သူတွေကထောက်ပြပါတယ်။

အိမ်ခြံမြေ ၊ ကား စတာတွေကို ရင်းနှီးမြှုပ်နှံသလို ဆန်စျေးကွက်ထဲဝင်လာပြီးစပါးဝယ်လှောင်ရင်းနှီးမြှုပ်နှံလာကြတဲ့ အခြေအနေလည်းရှိလာတယ်လို့ဆိုပါတယ်။

အရင် ဇန်နဝါရီလလယ် စျေးမတက်ခင်က ဆန်ကြမ်းတစ်အိတ်ကို ၅၅၀၀၀ ကျပ်လောက်ကနေ အခုလက်ရှိမှာ ၇၀၀၀၀ ကျော်၊ ဆန်ချော တစ်အိတ်ကို ကျပ် ၇၅၀၀၀ လောက်ကနေ ၉၈၀၀၀ ကျပ်လောက်စျေးတွေ ‌အထိစျေးမြင့်တက်လာတာပါ။

ရွှေဘိုထိပ်စ စျေးဆိုရင် ၂၄ ပြည်ပါ တစ်အိတ်ကို ငွေကျပ် တသိန်းတစ်သောင်း အထိ ဖြစ်လာတယ်လို့ဆန်ကုန်သည်တွေက ပြောပါတယ်။

စျေးကွက်ထဲ ဒီလို စျေးကစားသူတွေကြောင့်ဆန်စျေးတက်လာတဲ့အခါ စိုးရိမ်စိတ်နဲ့ အလွန်အကျွံဝယ်ယူကြလေ ဆန်စျေးပိုကောင်းလေဖြစ်လာတဲ့အခြေအနေလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းဘက်ကတော့ ‌ထောက်ပြပါတယ်။

ဒါ‌ကြောင့် စျေးကွက်ထဲကို ဆန်ပိုရောက်ပြီး သက်သာတဲ့စျေးနှုန်းနဲ့ရောင်းပေးဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဆန်စပါးအသင်းချုပ်ကတော့ အခုနှစ်မိုးစပါးအထွက်တွေလည်း ကောင်းပြီး ဆန်လုံလောက်မှုလည်းရှိတဲ့အတွက် ဆန်စျေးထပ်တက်ဖို့မရှိကြောင်းဆိုပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ လျှပ်စစ်မီးရရှိတာ အကန့်အသတ်ရှိနေတာက ဆန်စက်တွေ မလည်ပတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

လက်ရှိမှာတော့ ရန်ကုန် ၊ မန္တလေးလို မြို့ကြီးတွေအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ဘက်မှာလည်း နယ်မြေ မတည်ငြိမ်မှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆန်တစ်အိတ်ကို နေရာဒေသပေါ် မူတည်ပြီး တစ်သောင်းကျော်ကနေ ၂ သောင်းလောက်အထိ ဆန်စျေးတက်မှုတွေ ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။