ဒီဇင်ဘာ ၂ ရက် ထိပ်တန်းသတင်းများ - စဥ့်အင် တံတားကျိုးလို့ လားရှိုးနဲ့သီပေါ အဆက်အသွယ်ပြတ်တောက်

တိုက်ပွဲပြီးတဲ့နောက် စဥ့်အင်တံတားလည်း ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲပြီးတဲ့နောက် စဥ့်အင်တံတားလည်း ပျက်စီး
ရေးသားခဲ့သည်။

နမ့်ခမ်းက စစ်ကောင်စီတပ်စခန်းသစ်ကို TNLA ထိုးစစ်ဆင်တိုက်ခိုက်

သီပေါမြို့နယ် စဥ့်အင်တံတားထိပ်က “စဥ့်အင်ရဲစခန်း” ကို တအာင်းတပ် (TNLA) က ဒီဇင်ဘာလ (၁) ရက် မနက်ပိုင်းမှာပဲ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Jet Fighter နဲ့ ပစ်ကူပေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တိုက်ပွဲပြီးတဲ့နောက် စဥ့်အင်တံတားလည်း ပျက်စီးခဲ့လို့ လားရှိုးနဲ့ သီပေါကို ကုန်းလမ်းကနေ ဆက်သွယ်ရေးပြတ်တောက်သွားပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ထဲက သာယာကုန်းရွာအစပ်နားက စစ်ကောင်စီတပ်စခန်းသစ်ကို တအာင်းတပ် (TNLA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာ ၁ ရက် ညပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

“မနေ့ညကတော့ ပစ်နေတဲ့အသံတွေကြားရတယ်။ ဒီမနက်တော့ TNLA ဘက်ကလူတွေက မြို့ထဲမှာ ရှာဖွေရေးလုပ်နေတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ဒီကနေ့မနက်မှာ ဘီဘီစီကိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း TNLA ရဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပြီး ဒေသခံအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့ပေါ်က လူတော်တော်များများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်စောင့်အနေနဲ့ ‌ဒေသခံအချို့လောက်ပဲ ကျန်ခဲ့တယ်လို့ နမ့်ခမ်းကနေ မန္တလေးဘက်ကိုစစ်ရှောင်လာသူတစ်ဦးက ဆိုပါတယ်။

နမ့်ခမ်းမြို့ကနေ မူဆယ်၊ နမ့်ဖတ်ကာတို့အပြင် ဗန်းမော်သွားလို့ရတဲ့လမ်းပိုင်းတွေကိုလည်း TNLA တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားပြီး စစ်ဆေးပြီးမှသာ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

နမ့်ခမ်းတိုက်ပွဲနဲ့ပတ်သက်လို့ TNLA နဲ့ စစ်ကောင်စီနှစ်ဖက်လုံးကတော့ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ နမ့်ပေါ်စခန်းကိုလည်း TNLA တပ်တွေဘက်က ၅ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းယူရရှိခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းစတင်

 မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာပူးတွဲလေ့ကျင့်မှု

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတရုတ်ရေတပ်သင်္ဘောတွေဆီ သွားရောက်လည်ပတ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းတွေပါဝင်တဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာပူးတွဲလေ့ကျင့်မှု စတင်ပြီလို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တရုတ်ရေတပ်ရဲ့ 44th PLA Navy Escort Task Group(ETG) က ဖျက်သင်္ဘော - Zi Bo ၊ ဖရီးဂိတ်စစ်ရေယာဥ်- Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် - Qian Dao Hu တို့ ဟာ ဒီဇင်ဘာ ၁ ရက် ညနေက လေ့ကျင့်ခန်းဧရိယာကို ထွက်ခွာသွားပြီး ဒီမနက်မှာ လေ့ကျင့်ခန်းတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းမှာ မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောနဲ့ အတူ တရုတ်ကလက်ဆောင်ပေးထားတဲ့ ရေငုပ်သင်္ဘော မင်းရဲကျော်ထင် လည်း ပါဝင်မယ်လို့ ရေတပ်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

တရုတ်စစ်ရေယာဥ်တွေကို တရုတ်ရေတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဆန်ဘို ကဦးဆောင်ပြီး အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ခန့် လိုက်ပါလာတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကတည်းက သီလဝါကိုရောက်နေတဲ့ တရုတ်ရေတပ်ဟာရေတပ်လေ့ကျင့်ရေးဌာနချုပ်အပါအဝင် ရန်ကုန်က အထင်ကရနေရာတွေကိုပါ သွားရောက်လေ့လာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနဲ့ ရေတပ်အရာရှိကြီးတွေလည်း တရုတ်ရေတပ်သင်္ဘောတွေဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ရုရှားရေတပ်ဦးစီးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ လေ့ကျင့်ခန်းမှာ ရုရှားရေတပ်က ဖျက်သင်္ဘော (Destroyer) တွေဖြစ်တဲ့ စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleev နဲ့ Sea Tanker Pechenga တို့ ပါဝင်ခဲ့ပါတယ်။

ချင်းပြည်နယ် ရေဇွာမြို့က အခြေအနေတွေ CNA ထုတ်ပြန်

တိုက်ပွဲကပြန်လာတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ကြိုဆိုနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Chinlad Information Center

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကပြန်လာတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ကြိုဆိုနေတဲ့မြင်ကွင်း

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊မတူပီမြို့နယ်၊ရေဇွာမြို့က အခြေအနေတွေကို ချင်းကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်လာပါတယ်။

ရေဇွာကို ZZLMS Operation စစ်ဆင်ရေး နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေး ငါးဖွဲ့ ရဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၉ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်တွေက ရေဇွာမြို့ကို နိုဝင်ဘာ ၂၆ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ပြီး ၄ ရက်အကြာမှာပဲ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ပြီး တုံ့ပြန်ခဲ့တာတွေလုပ်ခဲ့တယ်လို့ ရေဇွာမြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ချင်းကာကွယ်ရေးတပ်ဘက်က ၃ ဦးသေဆုံးပြီး စစ်ကောင်စီအဖွဲ့ဝင် ၃၀ ကျော်ကတော့ ချင်းကာကွယ်ရေးတပ်တွေထံ လက်နက်ချခဲ့တယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး ပါဝင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြနေကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ချင်းပြည်နယ်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။