ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၁၀ရက်ထိပ်တန်းသတင်းများ
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်စပိုင်းအထိ အသတ်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်း ၈၃ ယောက်၊ ဖမ်းဆီးတရားစွဲဆိုခံရတဲ့သူ ၃၅၅ယောက် ထိခိုက်ဒဏ်ရာရရှိသူ ၇၈၉ ယောက် ရှိတယ်လို့ အချက်လက်တွေကို ကောက်ယူထားတဲ့ ကျန်းမာရေးမိသားစု-မန္တလေး ကနေ သိရပါတယ်။
ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းချိန်၊ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရင်း အသက်သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်လို့လည်း ကျန်းမာရေးမိသားစု-မန္တလေး က ဒေါက်တာ စိုးသူရဇော်က ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် စိန်ခေါ်ချက်တစ်ခုက CDM ကျန်းမာရေးဝန်ထမ်းတွေ ဖွင့်လစ်တဲ့ဆေးခန်းတွေ၊ ဆေးကုနေတဲ့ဆေးရုံတွေ၊ CDM တွေကို လက်ခံကုသပေးနေတဲ့ ဆရာဝန်တွေအပေါ် တိုင်တန်းမှုတွေ ကြောင့်လည်း စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒ့ါကြောင့် စစ်ကောင်စီကို သတင်းပို့တိုင်ကြား တာတွေကာကွယ်နိုင်ဖို့ကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့ အစည်းတွေဘက်က တိကျတဲ့မူဝါဒတွေနဲ့ တိုက်တွန်းလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ CDM အဖွဲ့တွေက ပြောဆိုကြပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးဘေးတည်ရှိတဲ့ ပန်းညိုရွာက နေအိမ် အလုံး ၂၀၀ လောက်ကို ဇန်နဝါရီလ ၉ရက်နေ့ နေ့လည် ၂နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ တယ်လို့ မြေပြင်သိရှိသူနဲ့ ဒေသခံတွေထံကသိရပါတယ်။
အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ပန်းညိုရွာရဲ့ မြောက်ဘက်ကနေစတင်ပြီး နေရာအများအပြားကို နေ့လည် ၂နာရီ မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ပူးပေါင်းမီးရှို့ခဲ့ပြီး ညနေ ၄နာရီလောက်မှာ ရွာအတွင်းကနေ ထွက်ခွာကာ ဧရာဝတီမြစ်တဘက်ကမ်းကို ကူးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ပန်းညိုရွာကို ဇန်နဝါရီ ၉ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီအဖွဲ့တွေဝင်ရောက်ပြီးချိန်မှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပန်းညိုရွာဟာ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ထဲမှာတည်ရှိပေမယ့် မန္တလေးတိုင်းက မြင်းခြံနဲ့ မကွေးတိုင်းက ရေစကြိုစတဲ့မြို့နယ်တွေနဲ့ ရေကြောင်းကုန်းကြောင်းထိစပ်မှုရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
ပန်းညိုရွာက စစ်ကြောင်းက ဧရာဝတီမြစ်တဘက်ကမ်းကို ကူးပြီး တလုတ်မြို့ကနေတဆင့် ညနေ ၅နာရီကျော်မှာ မြင်းခြံမြို့ဘက်ကိုထွက်ခွာသွားတာလို့ မြေပြင်သိရှိသူတွေက ပြောကြပါတယ်။
အခု စစ်ကြောင်းက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ညောင်တိုရွာကနေ ညောင်သာယာကိုဝင်ခဲ့သလို၊ အဲဒီကနေ နဂါးပေါက်ရွာကိုထပ်မံစီးနင်းကာ ၅ရက်ကြာတပ်စွဲခဲ့ပြီး ဒေသခံ တွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေယူဆောင်ခဲ့တယ်လို့သိရပါတယ်။ နဂါးပေါက်မှာလည်း နေအိမ်အချို့ မီးရှို့ခံခဲ့ရ တယ်လို့သိရပါတယ်။ အဲဒီကနေမှ ဇန်နဝါရီ ၉ရက်မှာ ပန်းညိုကိုရွာကို ဝင်ခဲ့တာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဥ်အတွင်းက ငြင်းဆိုပြောဆိုခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။
တွေ့ဆုံဖို့ ကြိုတင်ဖိတ်ကြားတာမျိုးမရှိခဲ့ဘူးလို့ဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရန်ကုန်ကလူမှုကူညီရေးအဖွဲ့တွေ၊ သာသနာနုဂ္ဂဟအသင်း အပါအဝင် အခြားအဖွဲ့အစည်း ၃၀ လောက်နဲ့ ဇန်နဝါရီ ၇ရက်နေ့က တွေ့ဆုံခဲ့ပြီးပါတီနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီကတိုက်တွန်းပြောဆိုခဲ့ တယ်လို့သိရပါတယ်။
အခုလိုတွေ့ဆုံမှုကို ပြည်ခိုင်ဖြိုးပါတီဘက်က အသင်းအများစုကို တရားဝင်ဖိတ်စာမျိုးနဲ့ ဖိတ်ကြားခဲ့တာမျိုး မဟုတ်ဘဲ၊ သုံးရာသီ လူမှုကူညီရေးဖောင်ဒေးရှင်းဖွဲ့စည်းဖို့ ဇန်နဝါရီ ၇ရက်မနက်ပိုင်းမှာ အစည်းအဝေး လို့ဆိုကာ ပြုလုပ်မယ်လို့ ကူညီရေးအဖွဲ့တွေ အကြား သိရှိထားရမှုအရ သွားရောက်ခဲ့ကြတာလို့သိရပါတယ်။
ပြုလုပ်မယ့် နေရာကို သံလွင်လမ်းလို့သာ အဖွဲ့တွေအကြားသိရှိခဲ့ရပေမယ့် ရောက်ရှိတဲ့အချိန်မှာတော့ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နဲ့ ရုံးကိုတွေ့ရှိခဲ့ကြရတာလို့ တက်ရောက်ခဲ့တဲ့အသင်းတွေနဲ့ မတက်ဖြစ်ခဲ့တဲ့ အသင်းတွေဘက်က သိရပါတယ်။
“ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူးဗျ။ သုံးရာသီဖောင်ဒေးရှင်းဖွဲ့ဖို့သွားတာပေါ့၊ ဟိုရောက်တော့ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်ကိုတွေ့လိုက်ရတာပေါ့။ နောက်သိလိုက်ရတာ ဦးခင်ရီလာမယ်။ ဒီလိုပရဟိတအဖွဲ့တွေနဲ့တွေ့မယ်လို့သိလိုက်ရတယ်။ ကျွန်တော်တို့ကဝင်ပြီးသွားတော့ သူတို့ပြောတာကို နားထောင်ပေးတယ်။ ပါတီနဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ပြောတယ်။ ကျွန်တော်တို့ကတော့ ပူးပေါင်းမယ် မပူး ပေါင်းဘူဘာမှတော့မပြောခဲ့ဘူး” လို့ တွေ့ဆုံပွဲကို ရောက်ခဲ့သူ တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။
အဲဒီတွေ့ဆုံမှုက လူမှုကူညီရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အတွက် အသင်းအဖွဲ့တွေကို ပါတီဥက္ကဋ္ဌ က တိုက်တွန်းပြောခဲ့တာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းရဲ့တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူမှုကူညီရေးအသင်းတွေဘက်က လိုအပ်ချက်တွေကိုလည်း ပါတီကနေ ဖြည့်ဆည်းပေးတာတွေကိုလုပ်ဆောင်ပေးမယ်လို့ ဦးခင်ရီကပြောခဲ့တဲ့အကြောင်း သိရပါတယ်။
ဒါပေမယ့် ဘယ်လိုတိတိကျကျဖြည့်ဆည်းပေးမယ်ဆိုတာကိုတော့ အတိအကျပြောဆိုတာမျိုးမရှိဘူးလို့ လည်း အစည်းအဝေးကိုတက်ခဲ့တဲ့အသင်းတွေထံကသိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဉီးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ ပါတီတာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအကူအညီပေးရေး အသင်းအဖွဲ့(၂၉)ဖွဲ့မှ စုစုပေါင်း (၂၃၅)ဦးနဲ့ ဇန်နဝါရီ ၇ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ရက်နေ့ ၇၅နှစ်မြောက် ကချင်ပြည်နယ်နေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုလာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ခုနှစ် သြဂုတ်လ ၁၉ရက်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ ပြည်နယ်နဲ့ တိုင်းတွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို ဆွေးနွေးဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်းမှာ စတင်ပြောဆိုခဲ့တာပါ။
အဲဒီနေ့မှာဘဲ အစိုးရ၊ စစ်တပ်နဲ့ လက်နက်ကိုင်အစုအဖွဲ့တွေအကြား အဲဒီအကြောင်းအရာကို ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဖွဲ့စည်းစုံပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံရဲ့ အခြေခံမူတွေထဲမှာ အဲဒီအချိန်ကတည်းက မထည့်သွင်းနိုင်ခဲ့ပါဘူး။
အဲဒီပြည်နယ်နဲ့ တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဆိုတဲ့အချက်ကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက အာဏာသိမ်းပြီး ၂နှစ်အကြာမှာ အခုလို ထပ်မံထုတ်ပြောလာပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဆိုသည်မှာ ပြည်သူက မိမိတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေတဲ့ စနစ်ဖြစ်တယ်လို့ ပြောပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာက မတူကွဲပြားနေတဲ့ တိုင်းနဲ့ပြည်နယ်များရှိ လူမျိုးများ လူမျိုးစုများ စုစည်းလုပ်ကိုင်ရာက လုပ်ကိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်းခြင်း၊ မျှဝေခံစားခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ဟုဆိုရာမှာ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်မှာ ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များရရှိစေမယ်လို့လည်း ပြောပါတယ်။
ဒါမှသာ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံစီမိုကရေစီစနစ် ဖြစ်ပေါ်လာမှာဖြစ်ပြီး အဲဒီအတွက်ကိုလည်း စစ်ကောင်စီအနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်စေဖို့ ဦးတည်ချက်နဲ့ လုပ်ငန်းစဥ်တွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်နေတယ်လို့ ၂၀၂၃ခုနှစ် ကချင်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းပြီးကတည်းက လက်နက်ကိုင်အများစုကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို မလုပ်ကြဘဲ နှစ်ဘက်အကြား စစ်ရေးပြင်ဆင်မှု၊ တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာပါ။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အဖွဲ့အချို့လည်းရှိပေမယ့် ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ သဘောတူညီချက်တွေကို ပြည်သူတွေစီကို တိတိကျကျထုတ်ပြန် ပြောဆိုကြတာမျိုးတော့ မရှိသေးပါဘူး။