ဘော်လခဲ ရွာသစ်မြို့နဲ့ အနီးတစ်ဝိုက် လူ ၁၅၀၀ ကျော် ပိတ်မိ၊ ထွက်ပြေးသူ အချို့ ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကယားပြည်နယ်၊ ဘောလခဲခရိုင် ရွာသစ်မြို့ နဲ့ အနီးနားက ရွာအချို့ ဇွန်လ နောက်ဆုံးအပတ်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၆ ရက် ဒီကနေ့အထိ စစ်တပ်က အဝင်အထွက်တွေ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမှာ လူဦးရေ အနည်းဆုံး ၁၅၀၀ လောက် ရွာထဲကနေ ရွာပြင်ကိုပေးမထွက်ဘဲ ပိတ်ဆို့ထားခံရပြီး ရွာ အပြင် ထွက်ဖို့ ကြိုးစားသူ ၆ ဦးကိုလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့ လို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဇွန်လ နောက်ဆုံးအပတ်အတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီက ရွာသစ်မြို့နဲ့ အနီးအနား က ကျေးရွာတွေ ကို ဇွန်လ ၂၇ ရက်နေ့ ကထဲက ဝင်ရောက်တပ်စွဲထားတာ ဒီကနေ့အထိ ဖြစ်ပါတယ်။
“လူ ၆ ဦး ထွက်ပြေးလို့ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး သတင်းရထားပါတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ကိုဗညားက ပြောပါတယ်။
ထွက်ပြေးသူတွေ ပစ်သတ်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက် ကလည်း ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က မနက်အစောပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာသူတွေ ထောင်နဲ့ချီရှိခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေကြားမှာဖြစ်ပွားတဲ့ ဇွန်လကုန်ပိုင်း တိုက်ပွဲကြောင့် ထိုင်းဘက်ကို ဒေသခံတွေ ထွက်ပြေးလာကြခဲ့ပြီး အခုဆို စစ်ရှောင်ဦးရေ ၈၀၀၀ ကျော်အထိမြင့်တက်လာနေတယ်လို့ မဲဟောင်ဆောင်ဒေသခံတွေက ပြောပါတယ်။
ဘောလခဲ အနီးကရွာထဲမှာ ပိတ်မိနေတဲ့သူတွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်နေသလို ကျေးရွာတွေကနေ ထွက်ပြေး လွတ်မြောက်လာကြသူအချို့နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပြကြပါတယ်။
စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း ပြီးခဲ့တဲ့မေလ ၁ ရက်နေ့ အထိ ကယားပြည်နယ်မှာ အရပ်သားပြည်သူ ၃၁၈ ဦး သေဆုံးပြီး စစ်ဘေးရှောင်နေစဥ် သေဆုံးသူ ၁၃၄ ဦးအထိရှိတယ်လို့ PKPF( Progressive Karenni Pepple Force) တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစုက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ကယားပြည်နယ်က အရပ်သားတွေနေထိုင်ရာဒေသတွေကို ပြီးခဲ့တဲ့ မေလအထိ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အရေအကြိမ် ၃၆၃ ကြိမ်ရှိပြီး လူနေအိမ်နဲ့ ဘာသာရေး အဆောက်အဦ စုစုပေါင်း ၁၅၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကယားပြည်နယ်က လူဦးရေ ထက်ဝက်ကျော်ဟာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အများစု တိမ်းရှောင်နေရပြီး လတ်တလောကာလ စစ်ဘေးရှောင်စခန်းအချို့ မှာ စားရေးသောက်ရေး အပါအဝင် နေရေး ထိုင်ရေး အခက်အခဲ တွေကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်တွေဟာ ဘော်လခဲ ရွာသစ်မြို့ထဲမှာရှိတဲ့ ဒေသခံတွေရဲ့နေအိမ်တွေက ပျဉ်တွေခွာ၊ အုတ်တွေယူပြီးတော့လည်း ကျေးရွာ လမ်းဆုံ၊ လမ်း ဘေး စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ ကင်းစခန်းအဖြစ်ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ပိတ်မိနေတဲ့ ဒေသခံတွေကိုတော့ စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့နေရာတချို့နဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ နေရာချပေးထားတယ်လို့ သိရပါတယ်။ သက်မှတ်နေရာကနေ ကိုယ့် အိမ်ကိုယ် ပြန်ဝင်ချင်ရင်တောင် ခွင့်ပြုချက် တောင်းခံရတယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံခဲ့ရသူတွေဟာ အဲဒီနေရာတွေက နေထွက်ပြေးကြစဥ်မှာ ပစ်သတ်ခံရတာလို့ သိရပြီး ၊ စစ်ကောင်စီတပ်တွေ မမိဘဲ လွတ်မြောက်ပြီး လွိုင်ကော်မြို့ပေါ် ဘက် အထိ တိမ်းရှောင်နေရသူတွေလည်း ရှိပါတယ်။
လက်ရှိမှာတော့ တစ်လနီးပါးအကြာ ပိတ်မိနေဆဲ ရွာသားဒေသခံတွေဟာ ရှိတဲ့ ရိက္ခာနဲ့ပဲ ချွေတာစားသောက်နေကြရပြီး အပြင်ထွက်ခွင့်မရှိဘဲ ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ ရွာနဲ့ အဆက်အသွယ်ရသူတွေထံက သိရပါတယ်။
ဒါ့အပြင် ရွာရဲ့ အပြင်ဘက်က ရိက္ခာပို့လိုသူတွေကလည်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ပို့လို့ မရတဲ့အခြေအနေမှာ ရှိတဲ့အတွက် အခုထက် ပိုပြီး ကာလကြာရှည် ဆက် ပိတ်ထားမယ်ဆိုရင် စားနပ်ရိက္ခာအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်တယ်လို့လည်း ကူညီ ကယ်ဆယ်ရေး ပြုလုပ်နေသူတွေက ဆိုကြပါတယ်။








