တရုတ်လွှတ်တော်ထဲက စစ်ဗိုလ်ချုပ်တွေဖယ်ရှားခံရ - ဒီဇင်ဘာ ၃၀ ရက် ထိပ်တန်း နိုင်ငံတကာသတင်း

မစ်ဆိုင်းဒုံးတပ်ဖွဲ့ အတွင်း အကျင့်ပျက်မှုတွေ ရှိနေကြောင်း စုံစမ်းနေတာနဲ့ ဆက်စပ်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ်ဆိုင်းဒုံးတပ်ဖွဲ့ အတွင်း အကျင့်ပျက်မှုတွေ ရှိနေကြောင်း စုံစမ်းနေတာနဲ့ ဆက်စပ်နိုင်
ရေးသားခဲ့သည်။

တရုတ်နိုင်ငံဟာ အမျိုးသား ပြည်သူ့ ကွန်ဂရက်စ် လို့ ခေါ်တဲ့ သူတို့ရဲ့ လွှတ်တော်ထဲကနေ ထိပ်တန်း စစ်ဘက်အရာရှိ ၉ ဦးကို ထုတ်ပယ် လိုက်ပါတယ်။

အဲဒီအထဲ တရုတ်စစ်တပ်ရဲ့ ဗျူဟာမြောက် မစ်ဆိုင်း ဒုံးကျည်တပ်ကို ဦးစီးရတဲ့ ဗိုလ်ချုပ်ကြီး ၄ ဦး ပါဝင်ပါတယ်။ ဘာလို့ ထုတ်ပယ်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး အပြီး ဒီ ဆုံးဖြတ်ချက် ထွက်ပေါ် လာတာပါ။ တရုတ် နိုင်ငံမှာ ကာကွယ်ရေး ဝန်ကြီး အသစ် အဖြစ် ဝါရင့် ရေတပ်ဗိုလ်ချုပ်ကြီး တုန့်ကျွင်း Dong Jun ကို မနေ့ သောကြာနေ့ကပဲ လောလောလတ်လတ် ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေမှာ တောက်လျှောက် ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေ အရတော့ တရုတ်ရဲ့ မစ်ဆိုင်းဒုံးကျည်တပ်နဲ့ ဆက်စပ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေကို တရုတ်အာဏာပိုင်တွေ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

လွှတ်တော်ထဲမှာ ရှိနေရင် တရားစွဲ ခံရတာကနေ ကင်းလွတ်ခွင့် ရှိတယ် ဆိုတဲ့ ဥပဒေ အကာအကွယ်မျိုး ရှိတာကြောင့်၊ တရားစွဲ အရေးယူနိုင်ဖို့ရာ အခုလို လွှတ်တော်ထဲကနေ အရင် ထုတ်ပယ်တာမျိုး ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဂါဇာတနံတလျား အစ္စရေးပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ

ခန်းယူနစ်မှာ တင့်ကားအမြောက်နဲ့ ပစ်တာတွေ လေကြောင်းတိုက်တာတွေ ဆက်လက် ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခန်းယူနစ်မှာ တင့်ကားအမြောက်နဲ့ ပစ်တာတွေ လေကြောင်းတိုက်တာတွေ ဆက်လက် ပြုလုပ်

ဂါဇာတနံတလျားက ပစ်မှတ်တွေကို ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း တိုက်ခိုက် နေခဲ့တယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေ အတွင်း ဂါဇာမြို့ထဲက သူတို့ အခေါ် အကြမ်းဖက် လှုပ်ရှားသူတွေကို ရှင်းလင်း နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ပိုင်း ခန်းယူနစ်မြို့မှာလည်း အစ္စရေး စစ်တပ်ဟာ သံချပ်ကာ တင့်ကားတွေကနေ အမြောက်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်နေခဲ့သလို၊ လေကြောင်း တိုက်ခိုက်မှုတွေ လည်း ပြုလုပ်နေပါတယ်။

ခန်းယူနစ်ဟာ ဟားမတ်စ်အဖွဲ့ အဓိက ခြေကုပ်ယူရာ နေရာ တစ်ခု အဖြစ် အစ္စရေးဘက်က သတ်မှတ်ထားပါတယ်။

ရာဖာထဲ မလုံခြုံလည်း ဒုက္ခသည် လူစီးကြောင်း ဆက်လက်ဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာဖာထဲ မလုံခြုံလည်း ဒုက္ခသည် လူစီးကြောင်း ဆက်လက်ဝင်ရောက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ပိုင်း နယ်စပ်မြို့ ရာဖာမှာ စစ်ဘေးဒုက္ခသည် လူစီးကြောင်းကြီးတွေ ဆက်လက် ဝင်လာနေကြပါတယ်။

ဂါဇာထဲကို မပြောပလောက်တဲ့၊ ထိရောက်မှု မရှိတဲ့ ပမာဏမျိုးနဲ့သာ စာနာမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ ပေးပို့နိုင်တယ် ဆိုပြီး ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ပါလက်စတိုင်းအတွက် ထောက်ပံ့ရေး ကုလ အေဂျင်စီ အဖွဲ့ဖြစ်တဲ့ UNRWA အဖွဲ့ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ ဂျူးလီယက် တူမာ ပြောတာက ….

“ထောက်ပံ့ ကူညီရေး ပစ္စည်းတွေ ပေးတဲ့ နေရာမှာ တကြိမ်နဲ့တကြိမ်ကြား အင်မတန် အချိန်ကွာဟနေတာမျိုး၊ လုံးဝ မပေးတာမျိုးတွေ ဖြစ်နေတယ် ဆိုပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ် အသီးသီးက ကျွန်မတို့ အပေါ် ပြစ်တင် စွပ်စွဲမှုတွေ ပြုလုပ်နေပါတယ်။ ဂါဇာမှာ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေဒ ဆိုတာ အခုအချိန်မှာ ဘယ်လောက်တောင်မှ ခက်ခဲနေသလဲ၊ ရှုပ်ထွေးနေလဲ ဆိုတာကို ကျွန်မတို့ဘက်ကလည်း ရှင်းပြဖို့ လိုနေပါတယ်”

“တစ်ဘက်မှာလည်း ကျွန်မတို့ လုပ်ဆောင်နိုင်ခွင့်၊ ဂါဇာထဲ သွင်းနိုင်ခွင့် ရှိတာဟာ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေပြီး၊ တကယ့် မြေပြင်မှာ လိုအပ်နေတဲ့ အတိုင်းအတာ ပမာဏကတော့ နေ့စဉ်နဲ့ အမျှ အဆမတန် တိုးပွား ကြီးမားလာနေတာ ဖြစ်ပါတယ်” ဆိုပြီး ပြောသွားတာပါ။

အစ္စရေးကတော့ ဂါဇာထဲ ဝင်ခွင့်ပြုတဲ့ ပမာဏ အပေါ် ဘာ ကန့်သတ်ချက်မှ မထားဘူး၊ ပြဿနာက ဖြန့်ဖြူးရေးကို ထိထိရောက်ရောက် မလုပ်နိုင်ကြတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးကို ဂျီနိုဆိုက်စွဲချက်နဲ့ ICJ မှာ တောင်အာဖရိက အမှုဖွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးကို ဂျီနိုဆိုက်စွဲချက်နဲ့ ICJ မှာ တောင်အာဖရိက အမှုဖွင့်

တခါ၊ ဂါဇာထဲ အစ္စရေးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်မြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရုံးတော်ထံကို တောင်အာဖရိကနိုင်ငံက အမှု တင်သွင်း လျှောက်ထားလိုက်တဲ့ အပေါ် အစ္စရေးက ဒေါသတကြီး တုံ့ပြန်ပါတယ်။

အစ္စရေးနိုင်ငံ အပေါ် ပြင်းထန်တဲ့ အမုန်းတရား အခြေခံပြီး လုပ်ဆောင်တာ ဖြစ်သလို ICJ ရုံးတော်ကိုလည်း အလွဲသုံးစား လုပ်တာ ဖြစ်တယ်လို့ အစ္စရေးက ဆိုပါတယ်။ အစ္စရေး နိုင်ငံ တည်ရှိမှုကို ဖျက်စီးဖို့ ရည်မှန်းချက်ထားတဲ့ ဟားမတ်စ် အဖွဲ့နဲ့ တောင်အာဖရိကဟာ ပူးပေါင်း ကြံစည်နေတယ်လို့လည်း အစ္စရေးက တန်ပြန် စွပ်စွဲပါတယ်။

လာမယ့် သီတင်းပတ်ထဲ ကြားနာပွဲ ပြုလုပ်ပေးဖို့ ICJ ထံ တောင်အာဖရိက နိုင်ငံက လျှောက်ထားပြီး၊ ရုံးတော်အနေနဲ့ အပစ်ရပ်ရေး ဖြစ်မြောက်လာအောင် ဆောင်ရွက်ပေးဖို့လည်း တပါတည်း တောင်းဆိုထားပါတယ်။

ရုရှားတို့ရဲ့ မစ်ဆိုင်းဒုံးအစုလိုက် တိုက်ခိုက်မှု အပြီး ယူကရိန်းဘက်က တန်ပြန် တိုက်ခိုက်တာမျိုး ပြုလုပ်

ကိယက်ဗ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ရုရှားဒုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိယက်ဗ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ရုရှားဒုံး

ရုရှား ယူကရိန်း အရေးကို ကြည့်ရင်တော့ ရုရှား အနောက်ပိုင်း နယ်မြေတွေက ဒေသခံ အာဏာပိုင်တွေရဲ့ အဆိုအရ သူတို့ဟာ ယူကရိန်းတို့ရဲ့ ဝေဟင် တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နယ်စပ်မြို့ ဘဲလ်ဂိုရော့ဒ်မြို့မှာ လူတစ်ယောက် သေဆုံးပြီး ရေပေးဝေရေး စနစ် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သတင်းတွေ ရထားပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေက မစ်ဆိုင်းဒုံး ၁၃ စင်းနဲ့ ဒရုန်း ၃၂ စင်းတို့ကို ဟန့်တား ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ရုရှားဟာ ယူကရိန်း မြို့ကြီးတွေကို ပစ်မှတ်ထားလို့ မစ်ဆိုင်းဒုံး အစင်း ၁၅၀ ကျော် ပစ်လွှတ်ခဲ့သလို၊ ဒရုန်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲံဒီလုပ်ရပ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ရုရှားက အခုလောက်အတိုင်းအတာ ပမာဏမျိုးနဲ့ တိုက်ခိုက်လာတဲ့ အပေါ် ယူကရိန်း အရပ်ဘက် လူမှု အဖွဲ့အစည်း တက်ကြွ လှုပ်ရှားသူ ဖြစ်တဲ့ ဒါရီယာ ကာလာနီယာ့ခ် ပြောတာက ….

“သူတို့ အခုလို တိုက်ခိုက်လာတာ အခု ဒီဇင်ဘာလထဲမှာတင် ၄-၅ ကြိမ် ရှိပါတယ်။ ယူကရိန်းထဲက နေရာတချို့ ထိမှန် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ယူကရိန်းရဲ့ လေကြောင်းရန်ကာ စနစ် အပေါ် ရုရှားက စူးစမ်းနေတာ ဖြစ်ပါတယ်။ ဘယ်နေရာတွေမှာ နေရာချထားလဲ၊ ဘယ်လို အားနည်းချက်မျိုးတွေ ရှိနေလဲ စသဖြင့် တွက်ဆနေတာ ဖြစ်ပါတယ်။ ပိုကြီးမားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ သူတို့မှာ မစ်ဆိုင်းဒုံးတွေ အများကြီး ရှိနေပါတယ်”

“ရုရှားဟာ အမြဲပဲ ရုရှား ဖြစ်နေမှာပါ။ ကျွန်မတို့ကို ခရစ္စမတ်စ် လက်ဆောင်ပေးတာပါ။ နယူးရီးယား နှစ်သစ်ကူး လက်ဆောင်လည်း ပေးလာဦးမယ် ထင်ပါတယ်” ဆိုပြီး မစ္စ ကာလာနီယာ့ခ် ပြောသွားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လန်ဒန်ကနေ ဥရောပသွားအမြန်ရထားကို ဆိုင်းငံ့ထားရ

သိမ်းမြစ်အောက်က လှိုဏ်ခေါင်းထဲ ရေလျှံနေတယ်လို့ ယူရိုစတားပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သိမ်းမြစ်အောက်က လှိုဏ်ခေါင်းထဲ ရေလျှံနေတယ်လို့ ယူရိုစတားပြော

ဗြိတိန်မှာ မိုးကြီးပြီး ရေလွှမ်းတာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဥရောပနဲ့ လန်ဒန်မြို့တော် ဆက်သွယ်ထားတဲ့ ယူရိုစတားလို့ ခေါ်တဲ့ မြန်နှုန်းမြင့် ရထားလမ်းကြောင်း သွားလာလို့မရ၊ ပြတ်တောက် သွားပါတယ်။ သိမ်းမြစ်အောက်မှာ ရှိတဲ့ လှိုဏ်ခေါင်းထဲ ရေလျှံနေတယ် ဆိုပြီး ယူရိုစတား တာဝန်ရှိသူတွေက ပြောပါတယ်။ဗြိတိန်ရဲ့ အရှေ့တောင်ပိုင်း အရပ်တွေမှာ ရှိတဲ့ တခြား ရထားလမ်း၊ ကားလမ်း အမျိုးမျိုးမှာလည်း နှောင့်နှေး ကြန့်ကြာတာတွေ၊ ရပ်ထားရတာတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် နေပါတယ်။ တခါ စကော့တလန် မြောက်ပိုင်းမှာ ဆိုလည်း လေပြင်းထန်နေတဲ့ အတွက် ယာဉ်ရထားတွေ မောင်းနှင်နိုင်တဲ့ အမြန်နှုန်း အပေါ် ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်ထားရပါတယ်။ ဗြိတိန်ပေါ်မှာ ကျော်ဖြတ်နေတဲ့ ဂဲရက်(ထ) မုန်တိုင်းရဲ့ သက်ရောက်မှုတွေ တွေ့ကြုံ နေရတာ ဖြစ်ပါတယ်။