ဒီဇင်ဘာ ၂၀ ရက် ထိပ်တန်းသတင်းများ- မြောင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆယ်ရွာမှာ ရပ်ရွာလုံခြုံရေးစောင့်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ရစ်ရဲစခန်းမှာ ခြေကုတ်ယူထားတဲ့စစ်ကောင်စီတပ်က ဆယ်ရွာအတွင်းကို စစ်ကြောင်းထိုးချိန်မှာ အဲဒီတပ်ဖွဲ့ဝင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

‘‘ပြည်သူတွေက မသိဘူး။ စစ်တပ်က စစ်ကြောင်းထိုးလာတော့ ဝရုန်းသုန်းကား ပုံစံမျိုးနဲ့ ထွက်ပြေးသွားရတာ။ အဲဒီမှာ အသတ်ခံရတာ။ လက်ပြန်ကြိုးတုတ် ဖမ်းမိထားတဲ့အခြေအနေမျိုးနဲ့ အလောင်းကို မီးရှို့ ဖျောက်ဖျက်ထားတဲ့ပုံစံနဲ့ ပြန်တွေ့ခဲ့တာ’’ လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့ စျာပနကို ရောက်နေသူတစ်ဦးက ပြောပါတယ်။

အသတ်ခံခဲ့ရသူဟာ ၂၅ အရွယ် မြတ်သူအောင်ဆိုသူဖြစ်ပြီး ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးဖြစ်တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကိုနွေဦး-မြောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။

အခုတော့ အင်အားဆယ်နဲ့ချီပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ရစ်ရဲစခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ဒေသခံတွေက ပြောထားပါတယ်။

မြန်မာနဲ့ မလေးရှား AFF ဖလားအုပ်စုအဖွင့်ပွဲ ကစားမယ်

အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 အုပ်စုအဖွင့်ပွဲစဉ်ကို ဒီဇင်ဘာ ၂၁ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့ မလေးရှားလက်ရွေးစင်အသင်းတို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

အခုပြိုင်ပွဲဟာ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာပထမဆုံးပြန်လည်ကျင်းပတဲ့ နိုင်ငံတကာပွဲစဥ်လည်းဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြချုပ်အနေနဲ့ အန်တွိုင်းဟေးက တာဝန်ယူထားပြီးမြန်မာ့လက်ရွေးစင် ၂၃ ဦးကိုရွေးချယ်ထားတာပါ။

အသင်းခေါင်းဆောင်အဖြစ် မောင်မောင်လွင် ကတာဝန်ယူမှာဖြစ်ပြီး ကျော်မင်းဦး၊ အောင်ကောင်းမာန်၊ နန္ဒကျော်၊ ဝင်းနိုင်ထွန်း၊ လွင်မိုးအောင် တို့အပါအဝင် ပြည်တွင်းလိဂ် ကလပ်တွေက ကစားသမားတွေနဲ့ ပြည်ပမှာသွားရောက် ကစားနေတဲ့ မြန်မာကစားသမားတွေပါဝင်ပါတယ်။

အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022အတွက် မြန်မာအသင်းဟာ အုပ်စု Bမှာ ကျရောက်ပြီး အိမ်ကွင်း ၂ ပွဲ အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၃၀ ရက်မှာ လာအိုအသင်းတို့နဲ့ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

အဝေးကွင်း ၂ ပွဲအနေနဲ့ ဒီဇင်ဘာလ ၂၄ ရက်မှာစင်ကာပူအသင်း၊ ဇန်နဝါရီလ ၃ ရက်မှာဗီယက်နမ်အသင်းတို့နဲ့ယှဥ်ပြိုင်ရဖို့ရှိပါတယ်။

မြန်မာ့အရေးကို ထိုင်းက ဦးဆောင်ပြီး အာဆီယံနိုင်ငံတွေနဲ့ အလွတ်သဘော ဆွေးနွေးဖို့ရှိ

မြန်မာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ထိုင်းက ဦးဆောင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းဘက်က လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

အာဆီယံအစည်းအဝေးပွဲမဟုတ်ဘဲ ''မြန်မာအရေးကိုစိုးရိမ်ပြီး တစ်ဖက်မှာလည်း မြန်မာ့အရေးကြောင့် သက်ရောက်မှု ခံစားနေရတဲ့ အာဆီယံနိုင်ငံတွေကြားမှာ နောက်ဆုံးအခြေအနေ သိရှိအောင် အမြင်ချင်းဖလှယ်မျှဝေကြဖို့ ထိုင်းက ရှေ့ဆောင်တဲ့ အလွတ်သဘော တွေ့ဆုံမှာပါ'' လို့ ဆွေးနွေးပွဲကိစ္စကို သိရှိသူတစ်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို တက်ဖို့ ထိုင်းအိမ်နီးချင်းနိုင်ငံအချို့ကလည်း အကြောင်းပြန်ထားပြီး အချို့နိုင်ငံတွေကတော့ နှစ်ကုန်ပိုင်း လုပ်ငန်းဆောင်တာတွေကြောင့် တက်ရောက်မှာမဟုတ်ဘူးလို့ သိထားရတယ်လို့လည်း အဲဒီသတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်း PBS သတင်းဌာနက သတင်းဖော်ပြပါတယ်။

ထိုင်းက ကမကထလုပ်ပြီး ကျင်းပမယ့် အဲဒီအစည်းအဝေးကိုလည်း စစ်ကောင်စီဘက်က တက်ရောက်ဖို့ ထိုင်းနိုင်ငံဘက်က ဖိတ်ကြားထားတယ်လို့ နိုင်ငံခြားရေးဆိုင်ရာအရေးတွေကို ‌သိရှိထားသူတွေထံက ဘီဘီစီက သိရှိထားပါတယ်။

မြန်မာ့အရေးကြောင့် သက်ရောက်မှုရှိနေတဲ့နိုင်ငံထဲမှာ ထိုင်းလည်း ပါဝင်နေတာကြောင့် ထိုင်းဘက်က အခုလို ခြေလှမ်းတာဟာ အသစ်အဆန်းမဟုတ်ဘူးလို့လည်း သူက ပြောတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးသက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား အရာရှိအဆင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို မကြာသေးခင်တုန်းက ဖနွမ်းပင်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံဒေသတွင်း ဆွေးနွေးပွဲမှာ ထိုင်းဘက်က အဆိုပြုခဲ့ဖူးပါတယ်။

ထိုင်းဟာ မြန့်မာ့အရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာ မရှိသလို အိမ်နီးချင်း နိုင်ငံ အရေးနဲ့ပတ်သက်ပြီး သံခင်းတမန်ခင်းကိစ္စရပ်တွေကို တိုးတိုးတိတ်တိတ်ပဲ လုပ်ဆောင်တဲ့သဘာဝရှိကြောင်း ထိုင်းဝန်ကြီးချုပ်က အစောပိုင်းကတည်းက ပြောထားပါတယ်။

မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ တိုးလာနေတာလို လူသားချင်းစာနာမှု အကျပ်အတည်းဟာ မြန်မာ့အရေးအတွက် အဖြေရှာဖို့ ထိုင်းဘက်က ဦးဆောင်မှုကို ဦးတည်စေတာဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မန္တလေးက ရွှေဆိုင် ဓားပြတိုက်ခံမှု ရွှေ  ၂ ပိဿာပါသွား

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မောသစ်ရွှေဆိုင်မှာ ဒီဇင်ဘာ ၂၀ ရက် (ယနေ့) နံနက် ၇ နာရီဝန်းကျင်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေဆိုင်ဘက်က ဘီဘီစီကိုအတည်ပြုပြောပြပါတယ်။

 အခုတကြိမ်က သုံးကြိမ်မြောက် ဓားပြတိုက်ခံရတာဖြစ်ပြီး အခုအကြိမ်မှာ ရွှေ ၂ ပိဿာကို ဓားပြတိုက်သူတွေက ရယူသွားတယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်စဖွင့်မယ့်အချိန် မနက် ၇နာရီလောက်မှာ အသက် ၄၀ ဝန်းကျင်ရှိတဲ့၊ နှာခေါင်းစည်းတပ်ဆင်ထားသူ အမျိုးသားသုံးဦးက သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အခုလို ရွှေထည်တွေကို ဓားပြတိုက်ရယူသွားတာလို့ ‌ရွှေဆိုင်ပိုင်ရှင်အမျိုးသားက ဘီဘီစီကိုပြောပြပါတယ်

 "သက်ဆိုင်ရာကိုအသိပေးပြီးပါပြီ။ လူထိခိုက်မှုတော့မရှိဘူး။ တစ်ဦးကတော့ မက်စ်တပ်ထားတယ်၊ ဆိုင်ကယ်ဦးထုပ်နဲ့၊ အင်္ကျီအမဲရောင်၊ ‌ဘောင်းဘီအဖြူရောင်နဲ့ ၊ သုံးယောက်၊ သေနတ်ဖောက်ပြီးယူသွားတာ၊ သေနတ်အတိုအရှည်တွေပါတယ်" လို့ ပိုင်ရှင်အမျိုးသားက ပြောပါတယ်။

မောသစ်ရွှေဆိုင်ဟာ ဒီနှစ် ဇူလိုင် ၂၄ရက်မှာ ပထမအကြိမ်နဲ့ အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ဓားပြတိုက်ခဲ့ရဖူးပါတယ်။

အဲဒီနှစ်ကြိမ်မှာ ရွှေချိန်စုစုပေါင်း ၃ပိဿာကျော်ကို ဓားပြတိုက်သူတွေက ယူဆောင်ခဲ့ပါတယ်။

အဲဒီထဲက ပထမဆုံးဓါးပြတိုက်သူတွေကို ဖမ်းဆီးရမိခဲ့ပြီးအဲဒီတုန်းကရယူသွားကြတဲ့ ရွှေချိန် ၂ပိဿာကို ပြန်လည်ရရှိခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိ သုံးကြိမ်ဓားပြတိုက်ခံရပြီး ‌ရွှေချိန် ၃ပိဿာကျော် ဆုံးရှုံးထားတယ်လို့ မောသစ်ရွှေဆိုင်က သိရပါတယ်။ 

မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ရှိ

မြန်မာပြည်တွင်းက အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးတောင်းဆိုတာနဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ စစ်တပ်ကို တောင်းဆိုတာတွေပါတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ဒီဇင်ဘာလ ၂၁ ရက်မှာ မဲပေးဆုံးဖြတ်နိုင်ချေရှိနေပါတယ်။

မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်မှု ပြင်းပြင်းထန်ထန်လုပ်ဆောင်နိုင်ချေရှိတဲ့အချက်တွေပါ ပါနိုင်တဲ့ ဒီမူကြမ်းကို အတည်ပြုရေးမှာ ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကြား သဘောထား ကွဲလွဲနေပြီး မြန်မာစစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ ကန့်ကွက်နိုင်ချေရှိတယ်လို့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာန သတင်းဖော်ပြပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲနေ တာဖြစ်ပြီး ကနဦးမူကြမ်းစာသားမှာ မြန်မာကို လက်နက်လွှဲပြောင်း ရောင်းချတာ ချက်ချင်းရပ်ဖို့နဲ့ ကုလသမဂ္ဂက အရေးယူပိတ်ဆို့တာတွေလုပ်ဖို့ အချက်တွေပါဝင်ပေမဲ့ နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

လက်ရှိဆုံးဖြတ်ချက်မူကြမ်းမှာတော့ စစ်တပ်က အာဏာရယူပြီးတဲ့နောက် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ကြေညာထားတာ ဆက်ရှိနေတဲ့အခြေအနေကို နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြောင်း ပြောထားသလို ဒီ့နောက်ဆက်တွဲကြောင့် မြန်မာလူထုအပေါ် ရိုက်ခတ်မှု နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ် လာတယ်လို့ ပြောဆိုမှုတွေရှိတာကို သိရှိထားရတယ်လို့လည်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားသဘောတူထားတဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးကို တိကျမြန်ဆန်စွာလုပ်ဆောင်ဖို့ စစ်တပ်ကို တိုက်တွန်းထားသလို လူထုအကျိုးစီးပွားကို ရှေးရှုပြီး အပြုသဘောဆောင်ဆွေးနွေးမှု၊ ရင်ကြားစေ့မှုတွေကို ဒီမိုကရေစီနည်းလမ်းနဲ့အညီ ကိုင်စွဲ ကျင့်သုံးဖို့ကိုလည်း တောင်းဆိုထားတာတွေ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဖာပွန်ခရိုင်ထဲက စစ်တပ်စခန်းတွေတိုက်ခိုက်ခံရ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတွေခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပြီး တပ်မဟာ -၅ ဘက်က မနေ့ကသတင်းထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်မှာ တပ်မဟာ -၅ (မူတြော်ခရိုင်)ထဲက လူကဘဲခီး၊ လယ်တိုးစခန်း၊ ထော့မူပလယ် နဲ့ ဖလခို စခန်းတွေကို KNLA တပ်ဖွဲ့ဝင်တွေက တစ်ရက်တည်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးထက်မနည်း ကျဆုံးတယ်လို့လည်း ဆိုပါတယ်။

စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူနေအိမ် ၁၉ လုံး ပျက်စီးတယ်လို့ဆို

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မဲဝိုင်ဒေသအတွင်းကို တိုက်လေယာဥ်နဲ့ ဗုံးသီး ၆ လုံး ကြဲချပြီး ရဟတ်ယာဥ် ၂ စီးကလည်း ကျည်ဆံ ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် မဲဝိုင်မှာရှိတဲ့ လက်အောက်ခံတပ်တွေကို ရိက္ခာထုပ်တွေ ချပေးခဲ့တယ်လို့ဆိုပါတယ်။

တပ်မဟာ ၅ ဘက်ကထုတ်ပြန်ချက်မှာတော့ အဲဒီလိုပစ်ခတ်ချိန် ထိခိုက်ပျက်စီးမှု အခြေအနေကို မပြောပေမဲ့ ပစ်ခတ်ခံရတာကြောင့် နေအိမ် ၁၉ လုံးနဲ့ စပါးကျီ တစ်ခု ပျက်စီးခဲ့တယ်လို့ ကရင် အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာပဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပနွယ်ဖိုးကလားနှင့် ဘော့ခီးကြားမှာ KNLA တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ ၅ ဘက်က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ စခန်းတွေ တိုက်ခိုက်ခံရချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အရပ်သား နေရာအချို့ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရခိုင်က မြို့နယ်အချို့မှာ စစ်ကောင်စီခန့် ရပ်/‌ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တစ်မြို့နယ်လုံးနီးပါးက ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဟာ ဆက်လက်တာဝန်မထမ်းဆောင်နိုင်တော့ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့ကစာတင်နုတ်ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ဟာ စစ်ကောင်စီကခန့်အပ်တာဝန်ပေးထားသူတွေဖြစ်ပြီး ဒေသအခြေအနေတွေ အရ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား အကျပ်အတည်းတွေရှိလာနေတဲ့အတွက် အခုလိုနုတ်ထွက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၀ ကျော်တို့ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘူးဆိုပြီးနုတ်ထွက်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်နေကြပေမဲ့ ကျေးရွာရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA/AA)ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုင်တွယ်ထားတာကြောင့် ဒေသအခြေအနေကတော့ တည်ငြိမ်မှုတွေရှိနေတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ခဲ့ကြတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာရေးကအစ ထောက်ခံစာလုပ်တာနဲ့ ရုံးလုပ်ငန်းစဥ်တွေမှာ အခက်အခဲတွေရှိလာကြတယ်လို့ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဘက် အပစ်ခတ်ရပ်စဲထားကြပြီး ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနုတ်ထွက် တာတွေ များပြားလာနေတာနဲ့ပတ်သက်လို့ စိစစ်မှုတွေလုပ်နေတယ်လို့ ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် မြောက်ဦး၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အများအပြားနုတ်ထွက်ခဲ့ကြတာတွေလည်း ရှိခဲ့ဖူးပါတယ်။