ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထီးချိုင့်မှာ အရပ်သား ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ၆ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဇန်နဝါရီ ၇ ရက် တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီး ထိမှန်လို့ အရပ်သား ၁ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအပြီး မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ထန်းကုန်း ကျေးရွာနဲ့ ကံပေါက်ကျေးရွာက ဒေသခံ ၇ ဦး လက်နက်ထိမှန်ခဲ့တာဖြစ်ပါတယ်။
‘‘တိုက်ပွဲကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထီးချိုင့်နဲ့ ၂ မိုင်လောက်အကွာမှာ ဂိတ်ကြေး ကောက်နေတဲ့သတင်းရလို့ စစ်တပ်က လာတိုက်ရင်းဖြစ်ကြတယ်လို့ သိရတယ်။ သူတို့(စစ်တပ်)က ကွင်းထဲကနေပတ်၊ အဲဒီနောက် မှ ဂိတ်ကြေးကောက်တဲ့နေရာကို လာတာ။ ဆားတွင်းတောင်ရိုးပေါ်မှာ တိုက်ပွဲဖြစ်တာ။ တောင်ရိုးဆိုပေမဲ့ အမြင့်ကြီးတော့မဟုတ်ပါဘူး။ လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရတဲ့သူတွေထဲက နောက်တစ်ဦးလည်း အတော်လေး စိုးရိမ်ရတယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က ဆားတွင်းကျေးရွာထဲကနေအိမ်အချို့ကို မီးရှို့ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာတစ်လလုံးနီးပါး စစ်ကြောင်းထိုးခံရတဲ့ ထီးချိုင့်မြောက်ပြင် မဲဇာနယ်မြေထဲ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက နေအိမ်ပေါင်း ၈၀၀ ဝန်းကျင်နီးပါး မီးရှို့ခံထားရတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ဘီဘီစီကို ပြောထားပါတယ်။