ဇွန် ၃ ရက်ထိပ်တန်းသတင်းများ- ရှမ်းနဲ့ ချင်းမှာ စစ်သား ၆ ဦး ထွက်ပြေးတာနဲ့ ဘက်ပြောင်းခိုလှုံ

ရေးသားခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်မဲ့ ထွက်ပြေးလာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

အဲဒီ တပ်သား ၃ ဦးဟာ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ အမှတ် ၅၃၀ ခြေမြန်တပ်ရင်းကဖြစ်ပြီး ဖယ်ခုံမြို့နယ်၊ ရွှေဆန်းကျေးရွာအနီးမှာ ဖမ်းမိတာလို့လည်းဆိုပါတယ်။

အခုတော့ သူတို့ကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၆ တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက်တဲ့ အမှတ် ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား တစ်ဦး ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PDF ဇိုလန်းအဖွဲ့ဆီ ကို ခိုလှုံလာတယ်လို့ သိရပါတယ်။

အဲဒီတပ်သားဟာ မေလ ၃၁ ရက်မှာ ပီဒီအက်ဖ် ဇိုလန်းအဖွဲ့ဆီ လက်နက်၊ ကျည်တွေနဲ့ ဘက်ပြောင်းခိုလှုံလာလို့ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး ဘေးကင်းရာပို့ခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတပ်သားမတိုင်ခင် မေလလလယ်တုန်းကလည်း တွန်းဇံမြို့မှာ တာဝန်ကျပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို PDF ဇိုလန်းက ဖမ်းဆီးပြီး လုံခြုံရာပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ချောက်မြို့မှာ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အဝယ်တော် တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပြီး ချောက်ပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီတပ်ကြပ်ကြီးဟာ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁) တပ်ကဖြစ်ပြီး ဆိပ်ဖြူမြို့နယ်ကနေ ချောက်မြို့နယ်ကို အလာ မနေ့ ဇွန်လ ၂ ရက် မနက်ပိုင်းမှာ ပစ်ခတ်ရှင်း လင်းခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီတပ်ကြပ်ကြီးနဲ့အတူ ငွေသား သိန်းလေးဆယ်ကျော်နဲ့ ဗိုလ်ကြီးရန်နိုင်ဆိုသူရဲ့ ဘဏ်စာအုပ်တွေ၊ ချက်လက်မှတ်နဲ့ အေတီအမ် ဘဏ်ငွေထုတ်ကဒ်တွေ၊ ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းမိခဲ့တယ်လို့ ချောက်ပြောက်ကျားတပ်ဖွဲ့ CGF က ပြောပါတယ်။

တပ်ကြပ်ကြီး အောင်သူတင့်ဆိုသူ လိုက်လာတဲ့ ကပစ ၂၁ ကားကို တိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမဲ့ ကားပေါ်မှာ အရပ်သားတွေပါလာတာကြောင့် စစ်ဆင်ရေးကိုဖျက်သိမ်းပြီး နောက်ပိုင်း လူရှင်းတဲ့နေရာမှာ အဲဒီတပ်ကြပ်ကြီးကို ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။

မြောက်ပိုင်းသုံးဖွဲ့နဲ့တွေ့ဆုံဆွေးနွေးရေး နှစ်ရက်နဲ့ပြီးဆုံး

စစ်ကောင်စီရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် အေအေ၊ ကိုးကန့်တပ် MNDAA နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲကို သုံးရက်သတ်မှတ်ထားပေမဲ့ နှစ်ရက်နဲ့ပြီးဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ မြောက်ပိုင်းသုံးဖွဲ့တို့ ဇွန် ၁ ကနေ ၃ ရက်အထိ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးကြဖို့ စီစဉ်ထားပေမဲ့ ဇွန် ၂ ရက်အထိသာ ဆွေးနွေးခဲ့တာပါ။

ဇွန် ၂ ရက်နေ့က ဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဆက်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ပြန်တွေ့ဆုံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအပေါ်မှာ ရပ်တည်ပြီးဆွေးနွေးတယ်။ ဟိုဘက်ကတော့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးရေး အဓိကထားဆွေးနွေးတာတွေ့ရတယ်၊ ကျွန်တော်တို့ဘက်က ဆွေးနွေးတဲ့အဖွဲ့အစည်းတွေကနေ ပြန်လွှတ်ပေးတာ နှစ်ကြိမ်ရှိပြီ။ ဒါနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာရှိတယ်”လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဆွေးနွေးပွဲရပ်ဆိုင်းလိုက်ရတယ်ဆိုတာနဲ့ပတ်သက်လို့တော့ သူက ပြောကြားတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီဘက်က နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပေမဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေအားလုံး လွှတ်ပေးရေး၊ မတရားအသင်းအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ရေးနဲ့ ဆိုင်ကလုန်းမိုခါကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ Western News သတင်းဌာနကို အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖြေကြားထားပါတယ်။

ဒီဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံက မြောက်ပိုင်းသုံးဖွဲ့ကို ဆက်သွယ်လာတာဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က ပြောပါတယ်။

“တရုတ်အစိုးရဘက်ကဆက်သွယ်လာလို့ တက်ရောက်တာဖြစ်တယ်။ ဆွေးနွေးပွဲတွေရဲ့သဘာဝအရ သုံးဖွဲ့ကိုယ်စား တစ်ဖွဲ့က ဦးဆောင်သူတစ်ဦးကနေ ဆွေးနွေးရတာရှိတော့ အေအေက ပြောထားတဲ့အချက်တွေကလည်း ဒါသုံးဖွဲ့သဘောတူညီမှုနဲ့တောင်းဆိုချက်လို့ နားလည်နိုင်ပါတယ်။ အခုဆွေးနွေးပွဲကနေ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့တော့ အများကြီးမျှော်လင့်စရာတော့မရှိပါဘူး။ ဆွေးနွေးပွဲတွေလုပ်လည်း တိုက်ပွဲတွေကတော့ ဖြစ်နေတာပဲ။ ဒီပွဲမတိုင်ခင် မေ ၃၀ ၊ ၃၁ ကတောင်ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့သေးတယ်’’ လို့ ဘီဘီစီကို ကိုးကန့်တပ်ပြောခွင့်ရအဖွဲ့ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဆွေးနွေးပွဲ ရုတ်တရက်ရပ်ဆိုင်းပြီး ပျက်သွားတယ်ဆိုတာနဲ့ပတ်သက်လို့တော့ ကိုးကန့်တပ်ဘက်က တစုံတရာပြောကြားတာမရှိသေးပါဘူး။

ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးထိမှန်လို့ ကလေးနဲ့အမျိုးသမီး ၄ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ် အမှတ် ၆ ရပ်ကွက်မှာ မနေ့ ဇွန်လ ၂ ရက်ညတုန်းက လက်နက်ကြီးကျလို့ ကလေးနဲ့အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်(KNLA)/PDF ပူးပေါင်းတပ်ဖွဲ့တွေကြား မနေ့ဇွန်လ ၂ ရက်မနက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးတဲ့ နောက်မှာ ညပိုင်း လက်နက်ကြီးကျမှုဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

‘’ညတုန်းက လက်နက်ကြီးမှန်တာလည်း တစ်မိသားစုတည်းက အမျိုးသမီး ၄ ဦးပါ။ ကလေး ၂ ဦးနဲ့ အသက် ၅၀ အရွယ်တစ်ဦး၊ ၆၀ အရွယ်တစ်ဦးပါ။ ကလေး ၂ ဦးမှာ ၁ ဦးက လက်ထိတယ်၊ နောက်တစ်ဦးက ခြေထောက်ထိ တယ်၊ လူကြီး ၂ ဦးကတော့ ခေါင်းထိတယ်။ မစိုးရိမ်ရပေမဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့လိုက်ရတယ်’’လို့ မြို့ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့တိုက်ပွဲဖြစ်တုန်းကလည်း မြို့တွင်းက အမှတ် ၆ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်မှာ လက်နက်ကြီးကျရောက် လို့ ဒေသခံတွေအခေါ် အမှတ် ၃ ရပ်ကွက် ကမ်းနားကျောင်းက ဘုန်းတော်ကြီး တစ်ပါး ပျံလွန်ပြီး အရပ်သား အချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ KNLA တပ်မဟာ ၆ နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို လက်နက်ကြီးငယ်နဲ့လာရောက်ပစ်ခတ်ချိန် Drop Bomb ကြဲချခဲ့တာကြောင့် ဒီဘုန်းတော်ကြီးနဲ့ အရပ်သားတွေ သေဆုံးတာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မနေ့က တိုက်ပွဲ အရှိန်ကြောင့် ဒီနေ့ မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ လူသားလူလာနည်းပါးနေပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ စစ်ဆေးရေးနေရာတွေမှာ စစ်ဆေးတာတွေ တိုးလုပ်နေတယ်လို့လည်း မြို့ခံတွေ က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ လွတ်လပ်စွာအကူအညီပေးခွင့် UNDP တောင်းဆို

မိုခါ မုန်တိုင်းဝင်ရောက်တိုက်ခတ်တာ သီတင်း ၂ ပတ်ကျော်ထဲ ဝင်လာပြီဖြစ်ပေမဲ့ မုန်တိုင်းဒဏ်သင့်နေရာတွေဆီကို အကူအညီတွေ လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်ရေး အကန့်အသတ်ရှိနေဆဲလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဥ် (UNDP) ရဲ့ ဌာနေ ကိုယ်စားလှယ်က ပြောလာပါတယ်။

''ဒေသတွင်း အလှူရှင်တွေက စစ်တပ်ထောက်ပို့အစီအစဥ်ကနေတဆင့် အကူအညီတချို့ ပေးထားနိုင်တာရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကတော့ လော‌လောဆယ်မှာ ဝင်ရောက်နိုင်ခွင့် အကန့်အသတ်ရှိနေပါသေးတယ်''လို့ UNDP ဌာနေ ကိုယ်စားလှယ် Titon Mitra က ကုလသတင်းဌာနကိုပြောလိုက်တာပါ။

အကူအညီဖြန့်ဝေရေးအစီအစဥ်ကို စစ်ကောင်စီထံ တင်ပြထားပြီးဖြစ်လို့ ဒီအစီအစဥ်ကို မြန်မြန်အတည်ပြုပေးဖို့ အရေးကြီးတဲ့အကြောင်းကိုလည်း ကုလအရာရှိက ထပ်လောင်းပြောကြားပါတယ်။

လက်ရှိမှာ ကုလသဂ္ဂဟာ မိုခါ မုန်တိုင်းဒဏ်သင့်သူတွေကို ကူညီနိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းလိုအပ်တယ်လို့ ပြောထားပြီး လက်ရှိမှာ ရန်ပုံငွေ အလှူငွေရရှိမှုဟာ လုံလောက်တဲ့အဆင့်ကို မရောက်သေးဘူးလို့လည်း UNDP ကိုယ်စားလှယ် က ပြောပါတယ်။

ဒေသခံတွေဟာ မုန်တိုင်းဒဏ်လျော့ပါးသက်သာရေးအကူအညီ ရိက္ခာတစ်ခုတည်းနဲ့ မလုံလောက်သေးတာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်းမှာ သီးနှံတွေ မစိုက်ပျိုးနိုင်သေးဘူးဆိုရင် လာမယ့်လတွေအတွင်း အစားအသောက်အကြပ်အတည်းပေါ်လာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ မကွေး၊ စကိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လူပေါင်း ၁ သန်းခွဲကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသဂ္ဂဘက်က ပြောထားပါတယ်။

စစ်ကိုင်းဖိုရမ်ကို NUG ဘာပြောလဲ

ပြီးခဲ့တဲ့မေလ ၃၀ ရက်နဲ့ ၃၁ ရက်မှာ စစ်ကိုင်းဖိုရမ်လို့ခေါ်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်းထဲ အခြေစိုက်တဲ့တော်လှန်ရေးအဖွဲ့တွေ၊ သပိတ်ကော်မတီတွေနဲ့ လေ့လာသူတွေနဲ့ ၂ ရက်ကြာပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးမှာပါဝင်နေတဲ့ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြား အားလုံးပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးဆုံးဖြတ်ချက်ချနိုင်တဲ့ အတိုင်ပင်ခံ ကောင်စီ ဒါမှမဟုတ် အစုအဖွဲ့တစ်ခု တည်ဆောက်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖိုရမ်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတို့ကို ရည်မှန်းတယ်လို့ဆိုပါတယ်။

အဲဒီဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သဝဏ်လွှာပို့ခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ်ကို NUG ဘယ်လိုသဘောထားပါသလဲ။ ဖက်ဒရယ်ယူနစ်ပေါ်ပေါက်ဖို့နဲ့ အတိုင်ပင်ခံကောင်စီ တစ်ခု တည်ဆောက်ဖို့ဆိုတဲ့အပေါ်မှာရော NUG စဥ်းစားချက် ဘယ်လိုရှိနေပါလဲ။ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော ပြောကြားချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

ချိပ်ပိတ်ခံရတဲ့မြန်မာ့ပဲနဲ့ပို့ကုန်တွေကို ဇွန် ၆ ရက်မှာ တရုတ်က လေလံတင်မယ်

ဆုံးရှုံးမှု ပမာဏကြီးလို့ မြန်မာ-တရုတ် နိုင်ငံအဆင့်ဖြေရှင်းပေးဖို့ မြန်မာကုန်သည်တွေတောင်းဆိုနေ

တရုတ်ဘက်မှာချိပ်ပိတ်ခံထားရတဲ့ မြန်မာပဲမျိုးစုံအပါပို့ကုန်တွေကို လေလံတင်ရောင်းချမယ်ဆိုတဲ့ တရုတ်ဘက်ကကြေညာချက်နဲ့ ပြင်ဆင်နေမှုကို ပြန်လည်ညှိနှိုင်းပေးဖို့ မြန်မာကုန်သည်တွေက နိုင်ငံတော်အဆင့်အထိတောင်းဆိုနေကြပါတယ်။

ယူနန်ပြည်နယ်အစိုးရဘက်ကတော့ မြန်မာဘက်ကချိပ်ပိတ်သိမ်းထားတဲ့ပဲမျိုးစုံအပါအဝင် ပို့ကုန်တွေကို လာမယ့်ဇွန်လ ၆ရက်မှာ လေလံတင်ရောင်းချဖို့ပြင်ထားပါတယ်။

မြန်မာ-တရုတ်နယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က ဂိုဒေါင်တွေမှာ ပြီးခဲ့တဲ့ ဧပြီလက ချိပ်ပိတ်ခံထားရတဲ့ ပဲမျိုးစုံအပါအဝင် ကျပ်သိန်းပေါင်း ၃ သိန်းခန့်၊ တန်ချိန်သောင်းကျော်ရှိတဲ့ မြန်မာပို့ကုန်တွေကို တရုတ်ဘက်က ချိပ်ပိတ်ထားခဲ့ပြီး မြန်မာကုန်သည်နှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သေးတာပါ။

အခု မြန်မာ ၂ ဦးကိုပြန်လွှတ်ပေးလိုက်ပေမဲ့ တရုတ်နိုင်ငံသားကုန်သည် အယောက် ၅၀ကျော်က တရုတ်ဘက်မှာထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

''အဓိက သိမ်းတဲ့အကြောင်းပြချက်က ယူနန်ကိုပဲပို့ရမယ်လို့ သတ်မှတ်ချက်နဲ့အခွန်ဆောင်ထားတဲ့ ပဲတွေကို ကွမ်းကျိုး၊ကွမ်းတုံးနဲ့ ချန်ဒူးတို့ကိုပို့တယ်ဆိုပြီး ပြောတာပေါ့။ နယ်ကျော်ပို့တယ်။ ဒါ သူတို့ အကောက်ခွန်စည်းကမ်းကိုဖောက်ဖျက်လို့ သိမ်းတယ်ဆိုပြီးတရုတ်ဘက်ကပြောတယ်။ တကယ်က ဒီလိုပို့နေတာ ကြာခဲ့ပြီ။ ဒါကို သူတို့ဘက်က အခုမှလုပ်တဲ့သ‌ဘောဖြစ်နေတယ်။ မြန်မာကုန်သည်တွေ ဆုံးရှုံးမှုကအရမ်းကြီးတယ်'' လို့ တရုတ်မြန်မာနယ်စပ်က ကုန်သည်တဦးကပြောပါတယ်။

ဒီပြဿနာကိုဖြေရှင်ဖို့ ပြီးခဲ့တဲ့ရက်က စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဝန်ကြီးအဆင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေမဲ့ ယူနန်ပြည်နယ်အစိုးရကလက်မခံဘူးလို့ ကုန်သည်အချို့ကပြောပါတယ်။

၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တရုတ်နယ်စပ်မှာ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တရုတ် ဘဏ်အကောင့် ရာချီ ပိတ်သိမ်းခံခဲ့ရဖူးပါတယ်။

စစ်ကိုင်းတိုင်းထဲက PDF စခန်းတချို့ ဆက်တိုက် စီးနင်းခံရပြီး PDF နဲ့ ပကဖအဖွဲ့ဝင်တချို့ သေဆုံး

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်း၊ မုံရွာနဲ့ ကန့်ဘလူမြို့နယ်တွေထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကစလို့ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေတာဖြစ်ပြီး အဲဒီကျေးရွာတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဝင်ထွက်သွားလာတဲ့ နေရာဒေသတွေဖြစ်လို့ ခုလိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ နယ်ထဲက ကုန်းတန်းကျေးရွာ အနီးမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်မှာ ထိပ်တိုက်တိုးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။

"ဟိုတစ်နေ့က ကုန်းတန်းမှာ ဖြစ်သွားတာ။ စစ်ကိုင်းမြို့အနောက်ဘက်ကုန်းတန်းလေးရွာပါ။ စစ်ကောင်စီက ကားငါးစီးလောက်နဲ့ ရွာတွေကို ဝင်မွှေတော့ ကျွန်တော်တို့ ဘက်က ပကဖ နှစ်ယောက် ထိတွေ့မှုဖြစ်ပြီးကျသွားတာ။ ကျေးရွာ ကာကွယ်ရေးပါ။ pdf မဟုတ်ပါဘူး။ ပကဖ အဖွဲ့တစ်ယောက်ကဖမ်းခံရတယ်။ သူတို့တစ်ကိုယ်စာအသုံးအဆောင်ပစ္စည်းတွေပဲ ပါသွားတာပါ"လို့ ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

တခါ ဇွန်လ ၂ ရက်နေ့ မနက်က စစ်ကိုင်းတိုင်း ထီချိုင့်မြို့နယ် က မင်းဝံတောင်ရိုး မော်ကွန်းလမ်းမှာ ဇွန်လ ၁ရက်နေ့ ည ၁၀ နာရီကနေစပြီး ဇွန်လ ၂ရက်နေ့ မနက် ၇ နာရီအထိ ထိတွေ့တိုက်ပွဲဖြစ်တာဟာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

"pdf နဲ့ တပ်ပေါင်းစုက ၅ယောက်ကျတယ်။ စစ်ကောင်စီဘက်က တော့ အစိတ် သုံးဆယ် လောက်ကျတယ်လို့တော့ပြောတယ်ခင်ဗျ။ စစ်ကြောင်းထိုးလာတာ ကောလင်းဘက်ကနေ ည ၁၀ နာရီ ထိုးကနေ မနက် ၇ နာရီအထိ အဲဒီလောက်ထိကို ဖြစ်တာဗျ။ စစ်ကိုင်းတိုင်း ထီချိုင့်မြိုနယ် တောမရွာရဲ့ အနောက်တောင်ရိုး မင်းဝံတောင်​ အဲဒီမှာ မော်ကွန်းလမ်းဆုံရှိတယ်။ ကောလင်း နဲ့ထီးချိုင့်သွားတဲ့လမ်း အဲဒီမှာဖြစ်တာဗျ။ စစ်ရှောင်တွေကတော့ ကောလင်းနယ်ဘက်က သုံးလေးရာလောက် တိမ်းရှောင်နေရတယ်ဗျ ကညွတ်အင်းရွာသားတွေပေါ့လေ တိမ်ရှောင်နေရတာ" လို့ မြေပြင်အခြေအနေသိသူပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးစာရင်းနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇွန်လ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့ နယ်၊ ဆူးတပ်ရွာအနီးက ဖုတ်ကုန်းရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် သေဆုံးရုပ်အလောင်း၃လောင်းတွေ့ရှိခဲ့ထားရပြီး အဲဒီအလောင်းတွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့တယ်လီဂရန်ချန်နယ်တွေက PDFတွေလို့ ဖော်ပြနေပါတယ်။

စစ်ကြောင်းတွေကြောင့် စစ်ကိုင်းမြို့ နယ်၊ ပဒူရွာက ဒေသခံ ခြောက်ထောင်ကျော် ၇ထောင်လောက်ဟာလည်း စစ်တိမ်ရှောင်နေရသလို ကောလင်းနယ်ဘက်က ကညွှတ်အင်းရွာ ဒေသခံတွေလည်း အခု အရက်ပိုင်း တိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ မနေ့ဇွန်လ ၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီးမှာ ရောက်ရှိနေတဲ့ PDF၇ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတယ်လို့ ဖော်ပြနေပါတယ်။