စက်တင်ဘာ ၁၀ ရက် ထိပ်တန်းသတင်းများ - ပန်ဝါဒေသက သတ္တုတူးဖော်မှုရပ်ဆိုင်းတာကြောင့် တရုတ်မှာမြေရှားသတ္တုစျေးနှုန်း မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ပန်ဝါဒေသက သတ္တုတွင်းတွေကို စစ်ဆေးဖို့ရှိတာကြောင့် ယာယီပိတ်လိုက်တဲ့ ရက်ပိုင်းအတွင်းမှာတင် တရုတ်နိုင်ငံမှာ မြေရှားသတ္တုစျေးနှုန်းမြင့်တက်လာပြီး လပေါင်း နှစ်ဆယ်အတွင်း အမြင့်ဆုံးစျေးနှုန်းကိုရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်တာ သတ္တုတွင်းတွေကို ပိတ်လိုက်ချိန် အခုလို စျေးနှုန်းတွေတက်လာခဲ့တာလို့ သိရပြီး ဒါဟာ ရောင်းဝယ်မှုအဖြစ်ဆုံးရာသီမတိုင်ခင်မှာတင် ကြိုတင်ဝယ်ယူမှုများတာကြောင့် စျေးနှုန်းတွေတက်လာတာလို့ လေ့လာသူတွေက ပြောပါတယ်။
"ပြည်တွင်းက သတ္တုတူးဖော်သမားတစ်ဦးပြောပြချက်အရတော့ သူတို့က စစ်ဆေးရေးအဖွဲ့ရဲ့ သတိပေးချက်ကိုစောင့်နေပြီးမှ နောက်တဆင့်လုပ်လို့ရမှာမလို့ ထုတ်လုပ်မှုပြန်မစကြသေးဘူး" လို့ ရှန်ဟိုင်းသတ္တုစျေးကွက် (SMM)က သုတေသီ Yang Jiawen က ရိုက်တာကို ပြောပါတယ်။
စျေးနှုန်းတွေကိုကြည့်မယ်ဆိုရင် ဒစ်ပရိုဆီယမ်အောက်ဆိုဒ် (Dysprosium Oxide) စျေးနှုန်းဟာ တစ်ကီလိုဂရမ်ကို တရုတ်ယွမ် ၂၆၁၀(အမေရိကန်ဒေါ်လာ ၃၅၆)အထိ စျေးနှုန်းခုန်တက်သွားခဲ့ပါတယ်။
ဒီစျေးနှုန်းဟာ ရှန်ဟိုင်းသတ္တုစျေးကွက် (SMM) မှာ ၂၀၂၂ခုနှစ်၊ မေလနောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။
တာဘီယမ်အောက်ဆိုဒ် (Terbium oxide) စျေးနှုန်းကတော့ တစ်ကီလိုဂရမ်ကို တရုတ်ယွမ် ၈၆၀၀ အထိ စျေးမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လအတွင်း တရုတ်နိုင်ငံမြေရှားသတ္တုတင်သွင်းမှုရဲ့ ၃၈ရာခိုင်နှုန်းကို မြန်မာနိုင်ငံကရရှိတာလို့ တရုတ်ရဲ့အချက်အလက်တွေအရသိရကြောင်း၊ မြန်မာဟာ အရှေ့တောင်အာရှရဲ့ စတုတ္ထမြောက် မြေရှားသတ္တုအတူးဖော်ဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်းကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
တရုတ်ကုန်သည်တွေကတော့ မြန်မာဘက်က တင်ပို့မှု တစ်ပတ်ကနေ သုံးပတ်အထိ ကြာနိုင်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ အခုနှစ်မြေရှားသတ္တုဝယ်လိုအားအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ မျှော်မှန်းထားကြပါတယ်။
ဒါပေမဲ့ ကုန်သည်တွေက မြေရှားသတ္တုတွေကို စျေးကြီးပေးပြီး သိုလှောင်ထားတာကြောင့် ရေတိုအားဖြင့် စျေးကွက်မတည်ငြိမ်မှုဖြစ်နိုင်တယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
အခုနှစ် ဧပြီလထဲမှာလည်း ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဒိန်ဆိန်းပါနဲ့ ဆက်စပ်ဒေသတွေကမြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ မြေရှားသတ္ုတူးဖော်မှုတွေကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ကချင် အထူးဒေသ(၁) အုပ်ချုပ်တဲ့ နေရာတွေဖြစ်တဲ့ ပန်ဝါနဲ့ချီဖွေမြို့နယ်တွေဘက်မှာ တူးဖော်နေတာ ဒီကနေ့ အချိန်ထိဖြစ်ပါတယ်။ အဲဒီဒေသတွေက မြေရှားတွေကိုတော့ တရုတ်ဘက်ကို တင်ပို့တာဖြစ်ပါတယ်။
မိုင်းလားဒေသက အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်ရင် အရေးယူမယ်လို့ NDAA ပြော

ဓာတ်ပုံ ရင်းမြစ်, Mongla News
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ လို့သိကြတဲ့ မိုင်းလား၊ ဆီလူးနဲ့ နမ့်ပန်းဒေသတွေမှာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆောင်ရွက်နေပြီး တပ်နဲ့ ဒေသန္တရဝန်ထမ်းတွေသာမက ပြည်သူတွေအနေနဲ့ ဒီလုပ်ငန်းတွေမှာမပါဝင်ဖို့ တားမြစ်ကြောင်း NDAA က ထုတ်ပြန်ပါတယ်။
တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ မိုင်းလားဒေသမှာ တရားမဝင် ရာဇဝတ်မှုတွေထဲ ပါဝင်တာကို တွေ့ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ဘက်က တရားဝင် ထုတ်ပြောလာပါတယ်။
မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လာအို စတဲ့ လေးနိုင်ငံပူးပေါင်းပြီး သက်ဆိုင်ရာနယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှု ၊ ရာဇဝတ်မှုခင်းတွေကို ပစ်မှတ်ထား နှိမ်နင်းဖို့ ဘုံသဘောတူညီချက်ရထားပြီဖြစ်ပြီး အထူးဒေသ ၄ ကလည်း ပူးပေါင်းပါဝင် လုပ်ဆောင်နေတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အ
NDAA က ပြောတဲ့ လေးနိုင်ငံ ပူးပေါင်းနှိမ်နင်းရေးဆိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာစစ်ကောင်စီအပါအဝင် သက်ဆိုင်ရာနိုင်ငံတွေက ရဲတပ်ဖွဲ့အကြီးအကဲတွေ တွေ့ဆုံအပြီး စတင်တဲ့ အစီအစဥ်ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဟာ ခက်ခဲပြီး ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ဘက်ပေါင်းစုံနဲ့ ပူးပေါင်းပြီး တရားမဝင်ရာဇဝတ်မှုတွေကို တိုက်ဖျက်နေပြီး လက်ရှိမှာ ရလာဒ်ကောင်းတွေ ရနေတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသတလျှောက် တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်ဖို့ တည်ဆောက်သွားမယ်လို့လည်း NDAA က ထည့်ပြောထားပါသေးတယ်။
ဒါဟာ မြန်မာနယ်စပ်တကြောမှာ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ ရာဇဝတ်မှုတွေ ထူပြောလာကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကထောက်ပြလာသလို ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကလည်း ဒီပြဿနာကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန်မှာ အခုလို ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာလို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။
နယ်စပ်ကလောင်းကစားဂိုဏ်းတွေ၊ အွန်လိုင်းကတဆင့် ငွေလိမ်လည်တဲ့ ပြဿနာတွေကို ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းဖို့ဟာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းမှာအရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စရပ်ဖြစ်လာခဲ့ပြီးနောက် တရုတ် - မြန်မာနယ်စပ်က ဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ လုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။
ဒီလိုရာဇဝတ်မှုတိုက်ဖျက်မှုတွေဟာ ထိရောက်မှုနည်းနေတဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ တရုတ်ဘက်က စစ်ကောင်စီကို ဝေဖန်ခဲ့ပြီးနောက်ပိုင်း သြဂုတ်လထဲမှာ စစ်ကောင်စီက အွန်လိုင်းလိမ်လည်သူ ၂၄ ယောက်ကို တရုတ်ဆီလွှဲပြောင်းပေးခဲ့ပါတယ်။
ဒါအပြင် ‘’ဝ’’ ဒေသမှာလည်း ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂၀၀ ကျော်ကို အခုရက်ပိုင်းထဲမှာပဲ ‘’ဝ’’ ဘက်ကနေ တရုတ်ဘက်ပြန်ပို့ခဲ့ပါတယ်။
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုအများဆုံးစာရင်းမှာ မြန်မာပါဝင်

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၂ ခုနှစ်အတွင်း ပညာရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း ၃၀၀၀ ကျော်ဖြစ်ခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းပြီးရင် မြန်မာမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Coalition to Protect Education to Attack က မနေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်ထက် ၁၇ ရာခိုင်နှုန်းတိုးလာတာဖြစ်ပြီး ယူကရိန်း၊ မြန်မာနဲ့ ဘာကီနာဖာဆို စတဲ့ သုံးနိုင်ငံမှာ အဓိက ဖြစ်ခဲ့တယ်လို့ GCPEA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မနှစ်က တစ်နှစ်လုံးစာအတွင်း ကမ္ဘာတဝှမ်းက ကျောင်းသားနဲ့ ပညာရေးလုပ်သား ၆၇၀၀ ကျော်ဖမ်းဆီးသတ်ဖြတ်၊ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ကျောင်းသားနဲ့ ဆရာတွေတိုက်ခိုက်ခံရတဲ့ကိန်းဂဏန်း ၂၀ ရာခိုင်နှုန်းအထိတိုးလာတာလို့ GCPEA က ထောက်ပြထားပါတယ်။
ဒါအပြင် လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့တွေဟာ စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုတာတွေ ပိုများလာခဲ့ပြီး ဒီလိုဖြစ်စဉ် အကြိမ်ရေ ၅၁၀ ကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေမှာ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေအသုံးပြုတာကြောင့်လည်း ပျက်စီးဆုံးရှုံးမှု ပိုတိုးလာစေခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ရစ်နေသေးတဲ့ လက်နက်တွေကြောင့် လာမယ့်နှစ်တွေထဲ ထိရောက်သေဆုံးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ GCPEA က ခန့်မှန်းထားပါတယ်။
ဒါဟာ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကဏ္ဍကာကွယ်ရေးနေ့အတွက် ထုတ်ပြန်လာတဲ့အချက်အလက်တွေဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်ထော်ညူ ဂူတာရက်စ်ကလည်း စာသင်ကျောင်းတွေဟာ ကလေးသူငယ်တွေအတွက် လုံခြုံဘေးကင်းတဲ့ အသိုက်အမြုံဖြစ်ကြောင်း အာမခံပေးနိုင်ဖို့ အတူတကွဆောင်ရွက်ရမယ်လို့ စက်တင်ဘာ ၉ ရက်နေ့အတွက် မိန့်ခွန်းမှာပြောပါတယ်။
စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှု၊ ကျောင်းသားဆရာတွေသေဆုံးမှုအများဆုံး ထိပ်ဆုံး သုံးနိုင်ငံထဲပါဝင်တဲ့ မြန်မာမှာလည်း ပညာရေးဆိုင်ရာအခြေခံအဆောက်အအုံတွေတိုက်ခိုက်ခံရမှု ဆက်ရှိနေဆဲဖြစ်ပြီး မနှစ်တုန်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
NCA နှစ်ပတ်လည်နေ့ကျင်းပမယ်လို့စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, cincds
လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အဓိပ္ပါယ်လေးလေးနက်နက်နဲ့ ကျင်းပမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးစတဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် စစ်ကောင်စီက ကြိုးစားနေတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက်နေ့တုန်းက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးကို ရောက်ရှိနေတဲ့စစ်ခေါင်းဆောင်က ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန် အခုလိုပြောခဲ့ကြောင်း ဒီကနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပတဲ့ NCA နှစ်ပတ်လည်နေ့ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တက်ရောက်ခဲ့သလို အကျဉ်းချုံးကျင်းပခဲ့တာပါ။
မနှစ်တုန်းက ပြုလုပ်တဲ့နှစ်ပတ်လည့်နေ့ကိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့သာ ပွဲတက်ရောက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ မတက်ရောက်ခဲ့ကြပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကြောင်းကိုပါ စစ်ခေါင်းဆောင်က လားရှိုးကိုရောက်နေချိန်မှာပြောခဲ့ပြီး စစ်အစိုးရကရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဖယ်ဒရယ်လို့ တိုက်ရိုက်သုံးစွဲထားတာမရှိပေမဲ့ အာဏာခွဲဝေကျင့်သုံးတဲ့ ဖယ်ဒရယ်ရဲ့ လုပ်ထုံးလုပ်နည်းတွေပါတယ်လို့ ပြောပါသေးတယ်။
ဒါအပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်က အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာလည်း နောက်နှစ် ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ရှိပြီး ဒီစာရင်းတွေကောက်ပြီးချိန် မဲစာရင်းတွေထွက်ပေါ်လာပါက ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။
အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံတိုးတက်မှုထိုက်သင့်သလောက်ရှိတယ်လို့ ဆိုပြီး အရေးယူပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခဲ့ရတဲ့အပြင် ဘဏ်တွေပြိုလဲအောင် ထိုးနှက်တိုက်ခိုက်နေကြတယ်လို့ တပ်မိသားစုဝင်တွေကို ပြောခဲ့ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ဆန်၊ ဆီ၊ ရွှေနဲ့ ဒေါ်လာ စျေးကွက်အပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ကုန်ပစ္စည်းစျေးတွေ မြင့်တက်နေမှုကို ကော်မတီတွေဖွဲ့ပြီး အမိန့်တွေထုတ်ပြန်ကာ စျေးနှုန်းတွေကို ထိန်းဖို့ကြိုးစားနေပါတယ်။
ဒီအချိန်မှာပဲ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွား/ကူးသန်းဌာနက အရာရှိတွေအပါအဝင် စီးပွားရေးလောကက လူ ရာဂဏန်းဝန်းကျင် စစ်ဆေးခံနေရတယ် လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပြီး အခုရက်ပိုင်းအတွင်း ရွှေ၊ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်စျေးနှုန်းတွေ ကျလာတာကို တွေ့ရပါတယ်။








