ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မြန်မာစစ်ဗိုလ်ချုပ်တွေ ဘက်ပြောင်းခိုလှုံဖို့ NUG တိုက်တွန်း
မြန်မာစစ်တပ်ထဲက စစ်ဗိုလ်ချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ပြည်သူဘက်မျက်နှာမူပြီး ဘက်ပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ စစ်အာဏာသိမ်း ၄ နှစ်ပြည့် မိန့်ခွန်းကနေ ပြောလာတာပါ။
''ဘက်ပြောင်းခိုလှုံမယ့်သူတွေကိုလည်း အချိန်မရွေး၊ နေရာမရွေး ကြိုဆိုလက်ခံသွားမယ်'' လို့ သူက ထည့်ပြောပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ဘက်ပြောင်းခိုလှုံသူတွေထဲမှာ ဗိုလ်မှူးကြီးအဆင့်တောင် မပါသေးတာ တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးမှာ စစ်တပ်ကို ခုခံတော်လှန်စစ်နဲ့တင် မလုံလောက်ဘဲ နိုင်ငံရေးကဏ္ဍကလည်း အရေးပါတယ်လို့ သမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း NUG အစိုးရအနေနဲ့ လက်ရှိတော်လှန်ရေး ၄ နှစ်တာကာလအထိ အားနည်းချက်တွေလည်းရှိနေတယ်လို့ သူက ထပ်ပြောပါတယ်။
"လူထုရဲ့ အကြံပေးချက်၊ အမြင်သဘောထားတွေကို အလေးထားပြီး ထိရောက်တဲ့ပြောင်းလဲမှုတွေ လုပ်သွားမယ်"လို့ သမ္မတက ဖြည့်ပြောပါတယ်။
စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့က ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ပြောထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ယူကေနဲ့ အမေရိကန် အပါအဝင် ၉ နိုင်ငံ တိုက်တွန်း
စစ်ကောင်စီအနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ယူကေနဲ့ အမေရိကန်အပါအဝင် ၉ နိုင်ငံက စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဒီကနေ ဖေဖော်ဝါရီ ၁ ရက်မှာ တိုက်တွန်းစာ ပူးတွဲထုတ်ပြန်လာပါတယ်။
ယူကေ၊ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ နဲ့ ဆွစ်ဇာလန်နိုင်ငံ တို့က ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ နိုင်ငံရေးအကျဉ်းသား ၅,၈၆၄ ဦး လွှတ်ပေးခဲ့တယ်လို့ ကြေညာခဲ့ပြီး အဲဒီထဲမှာ ၅၀၅ ပုဒ်မနဲ့ နိုင်ကျဉ်း ၆၀၀ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ နိုင်ငံတဝန်းက အကျဉ်းထောင် ၄၀ ကျော်ကို စောင့်ကြည့်စစ်တမ်းကောက်ယူခဲ့တဲ့ ရလဒ်အရ နိုင်ကျဉ်း ၃၄၄ ဦးသာလွတ်မြောက်ခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာမှာ မူးယစ်ဆေးဝါးထုတ်လုပ်တာအပြင် တရားမဝင်ကုန်သွယ်တာ၊ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်း (ကျားဖြန့်)တွေနဲ့ လူကုန်ကူးမှုတွေ စတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေကြောင့် မြန်မာပြည်သူတွေ နစ်နာရသလို အိမ်နီးချင်းနိုင်ငံတွေအပေါ်ကိုလည်း သက်ရောက်မှုရှိပြီး ဒေသတွင်းမတည်မငြိမ်မှုတွေကိုလည်း ဖြစ်စေတယ်လို့ ၉ နိုင်ငံက ထုတ်ပြောထားပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းထဲက ပဋိပက္ခတွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၅ သန်းကျော်ရှိနေပြီး မနှစ်ကထက် အရေအတွက် ၁ သန်းနီးပါးတိုးလာတယ်လို့ ၉ နိုင်ငံပူးတွဲစာထဲမှာ ဖော်ပြထားပါတယ်။
အလားတူ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုက စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကထက် လက်ရှိမှာ ၂၅ ဆနီးပါးတိုးလာပြီး ၂၀၂၅ အတွင်း တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိတယ်လို့ ၉ နိုင်ငံက ထည့်ပြောပါတယ်။
ဒါ့အပြင် နိုင်ငံ့ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ၁၉ ဒသမ ၉ သန်းကျော်ဟာ လူသားချင်းစာနာတဲ့ အခြေခံအထောက်အပံ့တွေ လိုတယ်လို့ပြောပြီး နိုင်ငံတဝန်းကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ထောက်ပံ့နိုင်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။
အမေရိကန်မှာ လူနာတင်လေယာဉ်တစ်စီး ရပ်ကွက်ထဲ ပျက်ကျ
အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီယာ လေဆိပ်ကနေ သောကြာနေ့ညနေက ပျံသန်းလာတဲ့ လူနာတင် လေယာဉ်ငယ်တစ်စီးဟာ စက္ကန့်ပိုင်းအကြာမှာပဲ လေဆိပ်အနီးက ဈေးဝယ်စင်တာတစ်ခုအနီးမှာ ပျက်ကျခဲ့တယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်မှူး ၂ ဦး၊ ဆရာဝန် ၂ ဦး လိုက်ပါခဲ့ပြီး နောက်ထပ် ကလေးလူနာ ၁ ဦးနဲ့ လူနာစောင့် ၁ ဦး စုစုပေါင်း ၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
"အသက်ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်" လို့ ဖီလာဒဲလ်ဖီယာမြို့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက လေယာဉ်ပျက်ကျတဲ့နေရာအနီးမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပြီး "ဆိုးရွားတဲ့လေကြောင်းဘေးအန္တရာယ်" လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ ဖီလာဒဲလ်ဖီယာမြို့က ရပ်ကွက်တစ်ခုထဲကို ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် ရပ်ကွက်ထဲက နေအိမ်အများစု မီးကူးစက်လောင်ကျွမ်းနေတာကိုလည်း ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။
လေယာဉ်ပျက်ကျတဲ့ မီးလောင်ပေါက်ကွဲမှုတွေကြောင့် မြေပြင်မှာရှိတဲ့ လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီလေယာဉ်ဟာ Northeast ဖီလာဒဲလ်ဖီယာ လေဆိပ်ကနေ စပရင်းဖီးမြို့၊ ဘရန်ဆန်လေဆိပ်ကို ဦးတည်ပျံသန်းမယ့်လေယာဉ်ဖြစ်ပြီး ဆေးရုံဆင်းလာတဲ့လူနာကို မက္ကဆီကိုမြို့ကိုပြန်ပို့ဖို့အတွက် လူနာတင်ဆောင်လာတာလို့ အမေရိကန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အမေရိကန်၊ ဝါရှင်တန်မြို့တော်အနီးမှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တိုက်မိပျက်ကျခဲ့တာကြောင့် ယာဉ် ၂ စီးပေါ် ပါလာတဲ့ ၆၇ ဦးစလုံး အသက်သေဆုံးခဲ့ပြီး ၂၈ လောင်းပဲ ရှာဖွေဆယ်ယူထားနိုင်ပါတယ်။
ကလေးမြို့ထဲက စစ်ဘေးရှောင်ရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး
၃၀ ဝန်းကျင် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေရှိနေတဲ့ ရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၉ ဦးသေဆုံးပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်အခြေအနေသိသူက ပြောပါတယ်။
သေဆုံးခဲ့တဲ့အထဲ " ၄ ဦးကတော့ ကလေးငယ်တွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အမျိုးသမီးတွေ" လို့ သူက ဆက်ပြောပါတယ်။
"စစ်ဘေးရှောင်စခန်းထဲကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့တာ" လို့ သူက ထပ်ပြောပါတယ်။ ဒဏ်ရာရတဲ့လူ ၃၀ ဝန်းကျင်ထဲက ၈ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေလို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာလည်း ဗုံးဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးနေတဲ့ ကလေးငယ်နဲ့ အမျိုးသမီးရုပ်အလောင်းတွေကို တွေ့ရပါတယ်။
ပေါက်ကွဲမှုပြင်းထန်ပြီး ရုပ်အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာဖို့ခက်ခဲတာကြောင့် သေဆုံးတဲ့ ကလေးငယ်အရေအတွက် ထပ်တိုးနိုင်တယ်လို့ သတင်းရင်းမြစ်က ပြောထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တင်သားကျေးရွာက ဆေးပေးခန်းတစ်ခုနဲ့ ကုက္ကိုလ်ရွာက စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ သူက ထပ်ပြောပါတယ်။
စစ်ကောင်စီကတော့ ကလေးမြို့တောင်ပိုင်းက ရွာတွေ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျင်းပ
တော်လှန်ရေးအစုအဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့ ၃ မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲလှုပ်ရှားမှု မြင်ကွင်းတွေဖြစ်ပါတယ်။
ကလေးမြို့၊ တမူး-အိန္ဒိယနယ်စပ်နဲ့ ဆားလင်းကြီးမြို့တို့မှာ အာဏာသိမ်းမှုကို အန်တုကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒပြနေတာကိုတွေ့ရပါတယ်။
ဆန္ဒပြတဲ့အထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)တချို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ) တချို့လည်း ပါဝင်ဆင်နွှဲနေတာကို ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။
ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြမယ်
စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဒီနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကျင်းပသွားမယ်လို့ Milk Tea Alliance Thailand က ထုတ်ပြန်လာပါတယ်။
ဆန္ဒပြပွဲကို ညနေ ၄ နာရီမှာ ကျင်းပသွားမယ်လို့ အဖွဲ့ကနေ သိရပါတယ်။
Milk Tea Alliance Thailand ဟာ မြန်မာကစစ်အာဏာသိမ်းမှုနဲ့ လူထုအကျပ်အတည်းတွေအကြောင်း ထိုင်းနိုင်ငံသားတွေသိလာဖို့ ထိုင်းတက္ကသိုလ်က ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီး အာရှဒေသတွင်း ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အဖွဲ့ရဲ့ဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အမုန်းပွားဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ သတင်းအတုတွေနဲ့ ထိုင်းလူမျိုးတွေအပေါ် လှုံ့ဆော်နေတာကိုလည်း ရပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ ထိုင်းမျိုးချစ်မဟာမိတ်အဖွဲ့တချို့က ထိုင်းလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ဆိုပြီး မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ပေါင်းတိုက်တာ ခံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော
ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (အေအေ) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ပေါင်းပြီး တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးမှာ ပြောလိုက်တာပါ။
တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသတွေမှာ KIA နဲ့ PDF ပူးပေါင်းတိုက်နေသလို ကရင်ပြည်နယ်၊ ကတိုင်တိန်းမော်ဒေသ၊ အင်းတော်ဒေသ၊ မဲပလီဒေသ၊ အနန်းကွင်း နဲ့ကော့ကရိတ်ဒေသတို့မှာလည်း KNU နဲ့ PDF တွေပေါင်းတိုက်နေတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အလားတူ ရခိုင်နဲ့အစပ် မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း AA နဲ့ PDF တွေပေါင်းတိုက်နေပြီး ချင်းပြည်နယ်ထဲက မင်းတပ်၊ ကန်ပက်လက်မြို့နဲ့ ဖလမ်းမြို့တို့မှာလည်း CNF နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောထားပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၃၈၃ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထဲက ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့နဲ့ ဖြစ်စဉ်တွေကိုတော့ ထည့်သွင်းပြောကြားသွားတာမတွေ့ရပါဘူး။
စစ်အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီတပ်အနေနဲ့ ရှမ်းမြောက်က လားရှိုးမြို့အခြေစိုက် အရှေ့့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နဲ့ ရခိုင်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ၂ ခုတို့ကို သမိုင်းမှာ ပထဦးဆုံးအကြိမ်အဖြစ် လက်လွှတ်ထားရတာဖြစ်ပါတယ်။