စစ်ကောင်စီဝန်ကြီးရဲ့ ပါတီနဲ့အတူ တိုင်းရင်းသားပါတီတချို့ မှတ်ပုံတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံရေးပါတီတွေ နောက်ဆုံးမှတ်ပုံလာတင်ရမယ့်ရက်ကို မတ်လ ၂၈ ရက်လို့ စစ်ကောင်စီက သတ်မှတ်ထားပြီး သတ်မှတ်ရက်ပြည့်ဖို့ နှစ်ပတ်ကျော်ပဲ လိုတော့ချိန်မှာ ဒီကနေ့အထိ ၂၆ ပါတီထက်မနည်း မှတ်ပုံလာတင်ထားပါတယ်။
မနေ့က မှတ်ပုံတင်တဲ့ ပါတီ ၃ ခုမှာ စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီလည်း ပါဝင်လာပါတယ်။
ဒေါက်တာသက်သက်ခိုင်ကတော့ ပါတီဥက္ကဋ္ဌအဖြစ်ဆက်ရှိနေပေမဲ့ ဝန်ကြီးတာဝန်ယူထားတဲ့အတွက် ရွေးကောက်ပွဲနီးမှ ပါတီကိုပြန်လာလိမ့်မယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက ဘီဘီစီကို ပြောပါတယ်။
ပြည်ထောင်စုတဝန်းလုံးကိုစည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို ပါတီအလိုက် လာရောက်ပူးပေါင်းတာမရှိပေမယ့် တခြားပါတီဝင်ဟောင်းတွေတော့ ဝင်ရောက်လာတာရှိတယ်လို့ ဦးစောဟန်အေးက ပြောပါတယ်။
ဖျက်သိမ်းထားတဲ့ ညီညွတ်သောဒီမိုကရစ်ပါတီ- နှင်းဆီပါတီက ကိုယ်စားလှယ်လောင်းတချို့ နဲ့ တခြားပါတီတချို့ထွက်လာသူတွေ လာရောက်ပူးပေါင်းတာ ရှိတယ်လို့ သူက ပြောပါတယ်။
မွန်ပါတီတွေပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီလည်း မနေ့က မှတ်ပုံပြန်တင်ပါတယ်။
ဒါပေမဲ့ ပြည်ထောင်စုတဝန်းလုံးကိုစည်းရုံးမယ့်ပါတီအဖြစ်ကနေ မွန်ပြည်နယ်အခြေစိုက်စည်းရုံးမယ့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ပါတယ်။
အရင်က ပါတီရဲ့ မဲဆန္ဒနယ်မြေတချို့ရှိတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ စည်းရုံးဖို့ နောက်ထပ်ပါတီခွဲတစ်ခုထောင်ဖို့ စဥ်းစားထားတယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး နိုင်စံတင်က ပြောပါတယ်။
တိုင်းရင်းသားပါတီတွေ အဲဒီလို ပုံစံမျိုး ပြောင်းလဲသွားနိုင်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mon Unity Party
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တည်ဆဲပါတီတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီလည်း မနေ့က မှတ်ပုံပြန်တင်ခဲ့ပေမဲ့ ရခိုင်အမျိုးသားပါတီကတော့ မတ်လ ၁၆ ရက်အထိ မှတ်ပုံလာမတင်သေးပါဘူး။
ဒါ့အပြင် နိုင်ငံရေးနည်းနဲ့ ရလဒ်ထွက်အောင်လုပ်မယ်လို့ ပြောထားတဲ့ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ နဲ့ ရှမ်းပြည်နယ်က အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကိုလည်း မှတ်ပုံတင်တဲ့ စာရင်းထဲမှာ မတွေ့ရသေးပါဘူး။
တည်ဆဲနိုင်ငံရေးပါတီ ၉၁ ခုရှိနေပြီး ပါတီ ၂၆ ခုပဲ မှတ်ပုံလာတင်လို့ သုံးပုံတစ်ပုံနီးပါးအထိ လာရောက်မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။
ပါတီဝင်အင်အားတစ်သိန်း၊ ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်နဲ့ ရုံးခန်းရာဂဏန်းဖွင့်ရမယ့် စည်းမျဉ်းတွေကြောင့် ပြည်ထောင်စုတဝန်းလုံးမှာ မဲဆွယ်စည်းရုံးမယ့်ပါတီက ၆ ပါတီပဲ ရှိနေပါသေးတယ်။
မြန်မာပြည်ရဲ့အထွေထွေရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မှတ်ပုံပြန်တင်ဖို့အလားအလာ မရှိသလောက်နည်းသွားပြီလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆို၊ ပြင်ဆင်နေတာတွေရှိနေပြီး ပါတီမှတ်ပုံတင်ဥပဒေသစ်အရ လာမယ့် ၂၈ ရက် နောက်ဆုံးထားပြီး မှတ်ပုံပြန်မတင်ရင် ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။








