ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင်လ ၁၄ ရက် ထိပ်တန်းရောက်သတင်းစုစည်းချက် - တစ်ပတ်အတွင်း အရပ်သားထိခိုက်သေဆုံးမှု အယောက် ၈၀ အထိရှိ
အင်တာနက်သုံးနေတဲ့နေရာ လက်နက်ကြီးကျလို့ အရပ်သား ၈ ဦးထိခိုက်၊ ၁ ဦးသေဆုံး
ဇူလိုင် ၅ ရက်ကနေ ၁၁ ရက်အထိ တစ်ပတ်အတွင်း အရပ်သားထိခိုက်သေဆုံးအရေအတွက် အယောက် ၈၀ အထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အယောက် ၅၀ နဲ့ အများဆုံးထိခိုက်သေဆုံးခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုသေဆုံးမှုတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ မြေမြှုပ်မိုင်း၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဇူလိုင် ၁၂ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ခေါ် ပန်းလှိုင်ရွာစာသင်ကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက အနီးနားကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တက်တူရွာက ၄ နှစ်အရွယ်ကလေးငယ်အပါအဝင် ၈ ယောက်ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"အင်တာနက်မိတဲ့နေရာလေးမှာ အုပ်စုဖွဲ့ပြီး အင်တာနက်သုံးနေကြတာဗျ။ အဲ့အချိန် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်လိုက်တာပါ။ ကလေးကတော့ ဝမ်းဗိုက်ကို ရှပ်ထိဒဏ်ရာရတာပါ။ အမျိုးသားတစ်ယောက်ကတော့ ဆီးခုံမှန်ပြီး သေဆုံးခဲ့တာပါ" လို့ ရွှေဘိုရွာခံ တစ်ယောက်က ပြောပါတယ်။
အလားတူ ကလေးမြို့နယ်မှာလည်း မနေ့ညက လက်နက်ကြီးကျတာကြောင့် ကျေးရွာ ၂ ရွာက ဒေသခံ ၂ ယောက်သေဆုံး၊ ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၂ ဦး သေဆုံးတယ်လို့ CDF ပြော
ချင်းက ကားလမ်းမကြီးအချို့ကို အသုံးမပြုဖို့ ထုတ်ပြန်
ချင်းပြည်နယ်၊ မင်းတပ်မြို့ ၊ မြို့အဝင်ဂိတ်က စစ်ကောင်စီတပ်စခန်းတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF က မနေ့တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ကပြောပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးအဖွဲ့တွေဘက်က သေဆုံးထိခိုက်မှုနည်းအောင် ဆောင်ရွက်တာတွေ ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။
"ကာကွယ်တယ်ဆိုတဲ့အနေအထားထက် ကျွန်တော်တို့ဘက်က တိုက်ပွဲဖြစ်ပြီးဘယ်အချိန် ဘယ်နေရာမှာ လေကြောင်းလာတယ် သတင်းအတိအကျရတေ့ာ ကျွန်တော်တို့ဘက်က တိုက်ပွဲအခြေအနေကို ချက်ချင်းပြောင်းလဲလိုက်တယ်။ ပိုပြီးစနစ်ကျအောင် ရွေ့လျားတာမျိုးပေါ့။ကျွန်တော်တို့ဘက်ကအတွေ့အကြုံတွေရှိလာတဲ့အတွက် ပိုပြီးစနစ်တကျနဲ့ ဒီအန္တရာယ်ကိုရှောင်ရှားနိုင်လာတယ်လို့" CDF မင်းတပ်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါအပြင် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ချင်းတော်လှန်ရေးအဖွဲ့တွေဘက်က မင်းတပ်- ကံကြီး- ဆော ကားလမ်းတစ်လျှောက်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသလို ကျောက်ထု - မင်းတပ် ကားလမ်းတစ်လျှောက်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ကြေညာထားပါတယ်။
တခါ တီးတိန်မြို့နယ်၊ စီးယင်းဒေသအတွင်းက သိုင်းငင်း စစ်ကောင်စီကင်းစခန်းကိုလည်း ချင်းကာကွယ်ရေးတပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က သိမ်းယူပြီးနောက် သိုင်းငင်းဘက်က လမ်းမကြီးတွေကိုလည်း စစ်ရေးအခြေအနေကြောင့် လတ်တလောအသုံးမပြုကြဖို့ ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သဘောထားဆိုပြီး ထိုင်းပြောဆိုချက်ကို သံသယရှိတယ်လို့ NLD ပြော
အကျိုးစီးပွားအပေါ် အခြေခံတဲ့ အမည်ခံကူညီမှုတွေကိုလက်မခံဘူးလို့ သပိတ်အင်အားစုတွေဘက်က တုံ့ပြန်
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကိုနဲ့တွေ့ဆုံချိန်မှာ ပြောဆိုတဲ့ သူ့ရဲ့ သဘောထားတွေလို့ဆိုပြီး ထွက်ပေါ်လာတဲ့ စကားရပ်တွေကို စစ်မှန်တယ်လို့ ယူဆဖို့ သံသယရှိတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လွတ်လပ်လပ်ပူးတွဲပြောကြားနိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက် သံသယရှိတာလို့ ပြောပါတယ်။ အခုထွက်ပေါ်လာတဲ့ ပြောဆိုချက်တွေဟာ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေချိန်အစောပိုင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ သဘောထားတွေနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ လွတ်လွတ်လပ်လပ်စုံညီအစည်းအဝေးမကျင်းပဘဲ သူ့ရဲ့ သဘောထားချမှတ်မှာမဟုတ်သလို ပြည်သူလူထုရဲ့ ဆန္ဒကိုဆန့်ကျင်မှာမဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေနဲ့ ကွဲလွဲနေတာလို့ ဖော်ပြထားတာပါ။
တော်လှန်အင်အားစုတွေဘက်ကလည်း အခုလိုတွေ့ဆုံခွင့်ပေးတာဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့လုပ်ရပ်လို့ထောက်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးပါဝင်မှုဟာ ပြေလည်စေဖို့ထက် အကျိုးစီးပွားအပေါ် အခြေခံတဲ့ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တုံ့ပြန်ပြောလာပါတယ်။
အပြုသဘောမဆောင်တဲ့ အကျိုးစီးပွားအပေါ် အခြေခံတဲ့ အမည်ခံကူညီမှု၊ ကြားဝင်စေ့စပ်မှုတွေကို လုံးဝလက်မခံဘူးလို့လည်း ပြောပါတယ်။ အခုလို ထိုင်းရဲ့ ဆောင်ရွက်ချက်ဟာ အာဆီယံရဲ့ တည်ရှိမှု၊ တောင်းဆိုနေမှုတွေကို မထီမဲ့မြင်ပြုတာဖြစ်ပြီး အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်မှုတွေဟာ မထိရောက်၊ အလုပ်မဖြစ်နေတာကိုသက်သေပြနေတယ်လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ဇူလိုင် ၇ ရက်နေ့က ပူးပေါင်းထုတ်ပြန်ချက်အရလည်း အာဆီယံဘုံသဘောတူညီချက် ၅ ချက် ချမှတ်တာဟာ နှစ်နှစ်ကျော်လာပေမဲ့ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်မတားဆီးနိုင်တာကြောင့် ဒီသဘောတူညီချက်တွေကို ဆက်ထားရှိနေတာဟာ ဒုက္ခပိုဆိုးရွားစေတယ်လို့ ဖော်ပြပါတယ်။
လက်နက်ကြီးကျလို့ ကလေးမှာ တစ်ရက်တည်း ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေဘက်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် မနေ့တစ်ရက်တည်းမှာတင် လင်မယား ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
ဒီသီတင်းပတ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့အဲဒီဒေသမှာ ဇူလိုင် ၁၃ ရက် ည ၉ နာရီကနေ ၁၀ နာရီကြား လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုလို ထိခိုက်သေဆုံးရတာလို့ ပြောပါတယ်။
"စီးစံရွာမှာက တမိသားစုလုံး လက်နက်ကြီးထိတာမှာ အဖေနဲ့ အမေက သေသွားတယ်၊ ၃ နှစ်ကလေးလေးပဲ ကျန်ခဲ့တာ။ စက္ကန့်ရွာမှာတော့ ပြည်သူ ၂ ယောက်ထိတယ်လို့သိရတယ်။ အမျိုးသားလား၊ အမျိုးသမီးလား အသေးစိတ်မသိရသေးဘူး" လို့ ကလေးဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလဆန်းပိုင်းကစပြီး ကလေးမြို့ထဲမှာ လက်နက်ကြီးပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ အပြောအရ အခု လဝက်ထဲမှာတင် လက်နက်ကြီးထိမှန်ဒဏ်ရာရသူ ၂၆ ယောက်ရှိပြီး သေဆုံးသူ ၁၀ ယောက်ဝန်းကျင်ရှိလာပါပြီ။
ကလေးမြို့ပေါ်ရော အနီးနားမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကနေပါ လက်နက်ကြီးတွေ အချိန်မရွေးပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောကြပြီး လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဒီကနေ့ ညနေပိုင်းအထိ အဆက်အသွယ်မရသေးပါဘူး။
ပို့ကုန်သမားတွေရဲ့ နိုင်ငံခြားငွေလဲလှယ်ရမယ့် ပမာဏ ဗဟိုဘဏ်ဖြေလျှော့
ပို့ကုန်ရငွေပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို နိုင်ငံခြားငွေကနေ ကျပ်ငွေကို ဗဟိုဘဏ်ပေါက်စျေးအတိုင်း မဖြစ်မနေလဲဖို့ ကန့်သတ်ခဲ့ရာကနေ ၅၀ ရာခိုင်နှုန်းပဲ လဲလှယ်ဖို့ ဗဟိုဘဏ်က မနေ့ကဖြေလျှော့ပေးခဲ့ပါတယ်။
ဒါကြောင့် ပို့ကုန်တင်သွင်းသူတစ်ဦးဟာ သူ့ရဲ့ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအတိုင်း လဲလှယ်ရမှာဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ပြင်ပပေါက်စျေးအတိုင်း လဲလှယ်ခွင့်ရှိမှာဖြစ်ပါတယ်။
"နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်စျေးက ၄၃၅ ပေါက်ပေမဲ့ ဗဟိုဘဏ်စျေးက ၃၂၀ ပဲရတာပါ။ အခုပြောင်းလဲတာကလည်း ၅၀ ရာခိုင်နှုန်းက မလဲမဖြစ်ဆိုတော့ အကောင်းကြီးတော့ မဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်းလုံး လွတ်လွတ်လပ်လပ်ငွေလဲခွင့်ရမှ အဆင်ပြေမှာပါ" လို့တရုတ် - မြန်မာနယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီလိုပို့ကုန်သမားတွေအတွက် ဖြေလျော့ပေးခဲ့ပေမဲ့ သွင်းကုန်သမားတွေအတွက်ကတော့ အခက်အခဲရှိလာနိုင်တယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေကပြောပါတယ်။
အခု ဇူလိုင် ၁ ရက်နေ့ကစပြီး နိုင်ငံခြားကို ကုန်ပို့ထားတဲ့ ရောင်းရငွေက ရတဲ့ပမာဏ ဒါမှမဟုတ် ပြည်တွင်းဘဏ်က ဝယ်ယူထားတဲ့ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်ဘဲ သွင်းကုန်လိုင်စင်ကို ထုတ်ပေးမယ်လို့ မူဝါဒပြောင်းလဲထားတာကြောင့်ဖြစ်ပါတယ်။
"export earning ၅၀ ရာခိုင်နှုန်းဘဲ သွင်းကုန်သွင်းခွင့်ရတော့မလားဆိုတာက စီးပွားကူးသန်းရဲ့ မူဝါဒပေါ်မူတည်ပါတယ်။ လောလောဆယ်က အစဆိုတော့ ဘယ်လောက်ခက်ခဲလဲမပြောနိုင်သေးဘူး။ သေချာတာက အခုလထဲ သွင်းကုန်လိုင်စင်ချပေးတာက တဝက်လောက်ကို လျော့သွားတယ်" လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် သွင်းကုန် ကုန်ပစ္စည်းတွေ လျော့နည်းလာပြီး ကုန်စျေးနှုန်းပိုတက်နိုင်တယ်လို့ စီးပွားရေးစောင့်ကြည့်သူအချို့က ထောက်ပြပါတယ်။
စစ်ခေါင်းဆောင်ကတော့ ကုန်စျေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ဖို့ ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးဖို့နဲ့ ပြည်ပသွင်းကုန်လျှော့ချရမယ်လို့ အခုလအတွင်းပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာအရေးပေါ်အစည်းအဝေးတွေမှာ ထည့်သွင်းပြောထားပါတယ်။
မြန်မာ့အရေးဆောင်ရွက်မှု အာဆီယံဥက္ကဋ္ဌနဲ့ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်
ပြည်တွင်းက အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ အာဆီယံပြော
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ နဲ့ ၁၂ ရက် နှစ်ရက်ကြာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာကျင်းပခဲ့တဲ့ ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအရေးထည့်သွင်းဆွေးနွေးခဲ့ကြကာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုတွေကို အကြမ်းဖျင်းသိရှိခဲ့ရပြီး အပြုသဘောဆောင်တဲ့ တိုးတက်ချက်အဖြစ် ရှုမြင်တယ်လို့ အာဆီယံကထုတ်ပြန်လာပါတယ်။
မြန်မာ့အရေးဘယ်လို လှုပ်ရှားမှုတွေဖြစ်ဖြစ် ထောက်ပံ့ကူညီပေးသင့်ပေမဲ့ ဒါတွေဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်းဖြစ်သင့်ပြီး အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှလုပ်ဖို့ ထပ်လောင်းအတည်ပြုတယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်သုံးသပ်ဖို့ရှိနေကာ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အကြံပြုချက်တွေ တင်ပြသွားဖို့ရှိနေပါတယ်။
တခါ ပြည်တွင်းက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အများပြည်သူပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေအပါအဝင် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ကြောင်း ပြောပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ခိုင်မာတဲ့လုပ်ဆောင်ချက်လုပ်ဖို့ အမြန်ဆုံးလိုအပ်နေပြီလို့ သူတို့ရဲ့ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်တဲ့ ပတ်ဝန်းကျင်တခုပြုလုပ်ဖို့လိုနေသလို အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အာဆီယံရဲ့ကူညီမှုဖြစ်တဲ့ AHA Centre ကနေ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ရှောင်အိမ်ထောင်စု အယောက် ၄၀၀ အတွက် အခုလဇူလိုင် ၇ ရက်မှာပဲ ကူညီပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာကနေ ထပ်ပြီးအကူအညီပေးဖို့ကိုလည်း တိုက်တွန်းတယ်လို့ ပြောပါတယ်။
အခုကျင်းပတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမစခင်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းကနေ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးပါ ပါဝင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အခုရက်ပိုင်းမှာပဲ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အကြောင်း ဒီအစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။
လုံခြုံရေးနဲ့ တည်ငြိမ်ရေး လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ စစ်ခေါင်းဆောင်ပြော
၇ လ အတွင်း သေဆုံးသူ ခုနှစ်ရာကျော် ရှိတယ် လို့ ဆို
ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ငါးရာ နီးပါးအတွင်း သေဆုံးသူ ၇၈၂ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ထုတ်ပြောလိုက်ပါတယ်။
ဒီနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး သူ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။
အကြမ်းဖက်ဖြစ်စဉ်တွေ လျော့သွားပေမယ့် ဆက်လက်ဖြစ်ပွားနေလို့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ အဆိုးဆုံးဖြစ်နေလို့ လုံခြုံရေးပိုမိုဆောင်ရွက်ကြဖို့ လိုတယ် လို့ သူကပြောပြီး လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့လည်း ထည့်ပြောပါတယ်။
စစ်ကောင်စီရဲ့ အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးထားမှုဟာ လိုအပ်လို့တိုးတာလို့ သူက ပြန်ရှင်းပြခဲ့ပြီး ဒီလကုန်မှာ သက်တမ်းကုန်မှာလည်း ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ စစ်ခေါင်းဆောင်ရဲ့ ထုတ်ပြောမှုကြောင့် အရေးပေါ်ကာလကို သက်တမ်းထပ်တိုးဖို့ အလားအလာများနေတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်နေကြပါတယ်။