နိုဝင်ဘာ ၁ ရက် ထိပ်တန်းသတင်းများ - “၀” ဒေသထဲကို စစ်ရေးအရဝင်ရောက်တိုက်ခိုက်ရင်လက်တုံ့ပြန်မယ်လို့ “၀” ထုတ်ပြန်

“၀” တပ်ဖွဲ့ရဲ့စစ်ရေးပြအခမ်းအနားတစ်ခု

ဓာတ်ပုံ ရင်းမြစ်, AFP

ရေးသားခဲ့သည်။

“၀” ဒေသရဲ့ လေပိုင်နက်နဲ့မြေပိုင်နက်ထဲကိုစစ်ရေးအရဝင်ရောက်တိုက်ခိုက်ကျူးကျော်ဝင်ရောက်မှုမှန်သမျှကိုပြတ်ပြတ်သားသားလက်တုံ့ပြန်မယ်လို့ '' ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA က ဒီကနေ့နိုဝင်ဘာ ၁ရက်မှာထုတ်ပြန်ပါတယ်။

လက်ရှိကိုးကန့်မှာဖြစ်နေတဲ့အောက်တိုဘာ ၂၇ ရက်မှာစတင်တဲ့ တိုက်ပွဲတွေကိုအင်အားသုံး မဖြေရှင်းကြဘဲ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့နဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ UWSAဘက်ကတိုက်တွန်းထားပါတယ်။

“၀”ပြည်တပ်မတော်အနေနဲ့“၀”ဒေသ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့လုံခြုံရေးကိုအပြည့်အဝကာကွယ်သွားမှာဖြစ်တယ်လို့ပြောထားပြီး သူ့အနေနဲ့ လက်ရှိစစ်ဆင်ရေးတွေမှာဘယ်ဘက်ကမှပါဝင်မှာမဟုတ်ဘဲဘက်မလိုက်ရေးမူနဲ့ရပ်တည်မယ့်အကြောင်းပြောထားပါတယ်။

“၀”နယ်မြေထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ပြန်လည်နေရာချထားရေးနဲ့ အကူအညီတွေပေးမယ်လို့ ဆိုပါတယ်။

၁၀၂၇စစ်ဆင်ရေးအတွင်းမှာ UWSAနယ်မြေ နမ့်တစ်မြို့ထဲကို ဝင်ရောက်ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်ပေါင်း ၅ထောင်နီးပါးခန့်ရှိလာပြီလို့လည်း သိရပါတယ်။

ဒီနေ့တစ်ရက်တည်းမှာပဲအထူးဒေသ၄ မိုင်းလားကလည်း လက်နက်ကိုင်ပဋိပက္ခတွေမှာပါဝင်စွက်ဖက်မှာမဟုတ်ဘဲ နယ်စပ်ဒေသတည်ငြိမ်ရေးထိန်းသိမ်းစောင့်ရှောက်မယ်လို့ပြောထားပါတယ်။လက်ရှိမှာရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေသောင်းနဲ့ချီရှိလာပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ထောင်ဝင်စာဧည့်တွေ့ခွင့်ရဖို့ ‌ရှေ့နေအဖွဲ့တောင်းဆို

စင်ကာပူမှာ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေ ညီလာခံမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်ကာပူမှာ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပတဲ့ အာဆီယံခေါင်းဆောင်တွေ ညီလာခံမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

အယူခံပယ်ချခံရတဲ့အမှုတချို့အတွက်အထူးအယူခံထပ်တင်

ရှေ့နေအဖွဲ့နဲ့ ၁၀လခန့် အဆက်အသွယ်ပြတ်တောက်ပြီးတွေ့ဆုံခွင့်မရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာဧည့်တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီထံကို ၆ ကြိမ်မြောက်စာတင်တောင်ဆိုထားတယ်လို့ ရှေ့နေအဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါ်အောင်ဆန်းစုကြည်အပေါ်ထောင်ဒဏ်ချမှတ်ထားတဲ့အမှုကိစ္စတွေအတွက် အထူးအယူခံလျှောက်ထားမှုကိစ္စတွေနဲ့ ခြံနံပါတ် ၅၄ အမှုလိုကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်လိုအပ်နေတာကြောင့် သူ့ရှေ့နေအဖွဲ့ကတွေ့ခွင့်ရရေးထပ်မံတောင်းဆိုနေတာလို့နီးစပ်သူအချို့ကပြောပါတယ်။

''သူ့မှာမိသားစုဝင်ဆိုလို့ သူ့သားငယ်ပဲရှိတာ၊ အခုသန်းခေါင်းစာရင်းပါတဲ့သူပဲတွေ့ရမယ်ဆိုတာတွေလည်းကြားတယ်။ ဒါပေမဲ့ သူဘယ်မှာသန်းခေါင်းစာရင်းဝင်ပါ‌စေပေါ့နော်။ အဲဒီလူတွေကတွေ့ပေးမလား။ ဘယ်လိုရှိကြလဲမသိရဘူး။ ရှေ့နေ့အဖွဲ့ကတော့ အမှုသည်နဲ့ ‌တွေ့ဖို့လိုအပ်နေလို့တောင်းဆိုကြတာလို့သိရတယ်'' လို့ ထောင်ဝင်စာဧည့်တွေ့ခွင့်ရရေးအခြေအနေသိရှိသူထားသူတစ်ဦးကပြောပြပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကိုစွပ်စွဲတရားစွဲပြီးထောင်ဒဏ်ချမှတ်ထားတဲ့အမှုတွေထဲက အမှုအများစုရဲ့ အထူးအယူခံကိုပယ်ချပြီးဖြစ်ပေမဲ့ အယူခံအဆင့်မှာပယ်ချခံရတဲ့အမှုတွေထဲက အမှုအချို့ကိုတော့ အထူးအယူခံထပ်တင်ဖို့ရှိနေတယ်လို့‌ ရှေ့နေအဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။

အယူခံအဆင့်နဲ့ပယ်ချခံရတဲ့အမှုတွေဖြစ်တဲ့ ရွေးကောက်ပွဲမလျော်သြဇာမှု၊သြစတေးလျနိုင်ငံသားမစ္စတာရှောင်တာနယ်နဲ့ ပူးတွဲစွပ်စွဲခံရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ နဲ့ ကိုဗစ်ကာလမှာ သဘာဝဘေးအန္တရာယ်အရေး အသုံးပြုမယ့် ရဟတ်ယာဥ် ငှားရမ်း/ဝယ်ယူ/ပြုပြင်တာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ ခု စုစုပေါင်းအမှု ၇ မှုအတွက် မနေ့က ‌အောက်တိုဘာ ၃၁ ရက်မှာ နေပြည်တော်တရားလွှတ်တော်ချုပ်မှာအထူးအယူခံတင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာ ၃၁ ရက်မှာရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်မိသားစုကိုယ်စားပုံမှန်အတိုင်းထောင်ဝင်စာပေးပို့ခဲ့ပြီး ထောင်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောကြောင်း သိရပါတယ်။

စစ်ခေါင်းဆောင် နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ရှမ်းမြောက်တိုက်ပွဲတွေအကြောင်းဆွေးနွေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ချောက်ဟုန်

ဓာတ်ပုံ ရင်းမြစ်, cincds

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ချောက်ဟုန် တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ရဲ့ နေပြည်တော် ခရီးစဉ်မတိုင်ခင် ရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့ပြီး ချင်းရွှေဟော်မြို့ နဲ့ စစ်ကောင်စီ တပ်စခန်းတွေ ကို မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်တပ် MNDAA ရဲ့ တိုက်ခိုက်မှုတွေအကြောင်းကို ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ အတွင်းရေး မှူးချုပ်ရုံး အဖွဲ့ဝင်လည်း ဖြစ်တဲ့ မစ္စတာ ဝမ် နဲ့တွေ့ဆုံစဉ် စစ်ခေါင်ဆောင်က ပြောပြခဲ့တာဖြစ်ပါတယ်။

ကိုးကန့်ဒေသအတွင်းမှာ “ဖုန်” နဲ့ “ရန်”အဖွဲ့တွေရဲ့ အရေးအခင်း ဖြစ်ပွားခဲ့မှုကြောင့် “ပယ်” အဖွဲ့ကို တာဝန်ပေးအပ်ခဲ့တယ် လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၀၉ ခုနှစ်က ကိုးကန့်တိုက်ပွဲအခြေအနေတွေအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေကတော့ “ဖုန်” နဲ့ “ရန်”မိသားစု အရေးအခင်း ထက် ကိုးကန့်တပ်ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းခိုင်းတဲ့ကိစ္စ ညှိနှိုင်းမရတာက ၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲဖြစ်ရတဲ့ အဓိကအကြောင်းလို့ ပြောကြပါတယ်။

အဲဒီကာလတုန်းက ကိုးကန့်အထူးဒေသ(၁)ကို စစ်တပ်က ဝင်တိုက်ခဲ့စဉ်က အကြောင်းပြချက်ထဲမှာ လောက်ကိုင်မှာ လက်နက်ထုတ်နေတယ် ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။

မစ္စတာ ဝမ် ရဲ့ နေပြည်တော်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေထဲမှာ လက်နက်ခဲယမ်းထုတ်လုပ်နေမှု နဲ့ စီးဆင်းဝင်ရောက်မှုတွေက ဒေသတွင်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်စီးစေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသက တရားမဝင် အွန်လိုင်း လောင်းကစား နဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေကို ထိထိရောက်ရောက် အမြစ်ဖြတ် နှိမ်နင်းမယ့်အကြောင်းကိုလည်း ပြည်သူ့လုံခြုံရေးဝန်ကြီး လည်းဖြစ်သူ မစ္စတာ ဝမ် နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ ပူးတွဲတရားဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ ဝမ် နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံမှုမှာ အမေရိကန်ရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေအပေါ်လည်း ဆွေးနွေးခဲ့ကြတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပြီး စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု လို့ပဲ သုံးနှုန်းထားပါတယ်။

MOGE ကို အမေရိကန် ပိတ်ဆို့မှုတွေ ပြုလုပ်

MOGE ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန်ကို တောင်းဆိုတဲ့ ဂျပန်နိုင်ငံက ဆန္ဒပြမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, MOGE ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန်ကို တောင်းဆိုတဲ့ ဂျပန်နိုင်ငံက ဆန္ဒပြမှု

စစ်ကောင်စီလက်အောက်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ စစ်ကောင်စီအရာရှိကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအပြင် ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

မြန်မာစစ်တပ်အပေါ် ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့ပြုလုပ်တဲ့ပိတ်ဆို့မှုတွေနဲ့အချိတ်အဆက်မိအောင် အခုပိတ်ဆို့မှုကို ပြုလုပ်တာလို့လည်း ဝန်ကြီးဌာရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ MOGE နဲ့ဆက်စပ်ပြီး တိုက်ရိုက်နည်းနဲ့ဖြစ်စေ၊ သွယ်ဝိုက်နည်းနဲ့ဖြစ်စေ ငွေကြေးနဲ့ လုပ်ငန်းချိတ်ဆက်ဆောင်ရွက်တာတွေကို ညွှန်ကြားချက်အမိန့်သုံး ဟန့်တားလိုက်တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင်လုပ်ငန်း MOGE ဟာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း တူးဖော် ထုတ်လုပ် ဖြန့်ချိမှုမှာ ပါဝင်နေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းရာချီနဲ့ မြန်မာစစ်တပ်အတွက် နိုင်ငံခြား ဝင်ငွေရလမ်းအများဆုံးလုပ်ငန်းအဖြစ် ဆက်ရှိနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုပိတ်ဆို့မှုဟာ MOGE မှာ ဦးဆောင်နေတဲ့သူတွေကို အရင်ကပိတ်ဆို့မှုအပေါ် ပိုပြီး သက်ရောက်မှုရှိစေမှာဖြစ်သလို ပြည်ပကနေ လက်နက်နဲ့ အခြားပစ္စည်းတွေ ဝယ်ယူရာနေတဲ့ မြန်မာစစ်တပ်အတွက် ဒေါ်လာငွေရလမ်းကို ပိုအကန့်အသတ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပိတ်ဆို့ဒဏ်ခတ်မှုတွေခံထားရတဲ့ ရုရှားနဲ့ တခြားနိုင်ငံတွေမှာ အခြေစိုက်တဲ့လုပ်ငန်းတွေဆီကနေ လက်နက်၊ အရပ်ဘက်ရော၊ စစ်ဘက်မှာပါသုံးနိုင်တဲ့ပစ္စည်းတွေ၊ အခြားပစ္စည်းတွေကို ဝယ်ယူပေးနေတဲ့ ကုမ္ပဏီ ၃ ခုကိုလည်း ပိတ်ဆို့စာရင်းထဲမှာ ထည့်ထားတာတွေ့ရပါတယ်။

အဲဒီကုမ္ပဏီတွေဟာ Sky Royal Hero၊ Suntac Technologies နဲ့ Suntac International Trading ကုမ္ပဏီတို့ဖြစ်ပါတယ်။

စစ်ကောင်စီဝန်ကြီးအချို့နဲ့ ထိပ်တန်းအရာရှိကြီးတွေလည်း အမေရိကန်ရဲ့ အခုပိတ်ဆို့စာရင်းမှာပါဝင်လာပါတယ်။

စစ်ကောင်စီ စက်မှုဝန်ကြီး ဦးချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးကံဇော်၊ ဥပဒေစိစစ်ရေးညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနဲ့ ကြည်းရေလေ ကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကြောင့် ဒီကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမေရိကန်ပြည်ထောင်စုထဲက ပိုင်ဆိုင်မှုတွေ၊ ဆက်စပ်ပိုင်ဆိုင်မှုတွေဟာ ပိတ်ဆို့ခံရမှာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအထိ ပတ်သတ်နေသူတွေလည်း ပိတ်ဆို့ခံရမှာဖြစ်ပါတယ်။