ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ALP/ALA စစ်ဦးစီးချုပ် လုပ်ကြံခံရမှုအပေါ် AA က ဘာပြောလဲ
ရခိုင်ပြည်လွတ်မြောက်ရေးတပ် (Arakan Liberation Army) စစ်ဦးစီးချုပ်နဲ့ တပ်မှူးတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စမှာ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ရက္ခိုင့် တပ်တော် (Arakan Army) က ပြောပါတယ်။
“(ALP/ALA ရဲ့ ပြောဆိုချက်က) အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို စွပ်စွဲတယ်ဆိုတာက သူတို့ ALP/ALA ကို နာမည်ကြီးအောင် လုပ်တာလည်း ဖြစ်နိုင်တာပေါ့။ နောက်ဖြစ်နိုင်ခြေတခုက ပြဿနာတွေ ပိုပြီးတော့ ရှုပ်ထွေးသွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြား အင်အားစု တခုက အခုလိုမျိုး လုပ်ကြံ သတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်” လို့ AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက စစ်တွေ မြို့ထဲမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံလိုက်ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party)ရဲ့ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ALAရဲ့ စစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ် ခိုင်စိုးမြ၊ ALA အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ALA ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့သူတွေဟာ AA က ဖြစ်ကြောင်း စွပ်စွဲ ထားတဲ့ ALP ပါတီရဲ့ ထုတ်ပြန်ကြေညာချက်တခု ဇန်နဝါရီ ၅ ရက် (ကြာသ ပတေးနေ့)က အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။
အစောပိုင်းတုန်းကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဘက်က ဘယ်သူ့လက်ချက်လဲ ဆိုတဲ့အပေါ် သတ်သတ်မှတ်မှတ် ဘယ်သူ ဘယ်ဝါဆိုတာ ရည်ညွှန်း ပြောသွားတာမျိုး မရှိပေမယ့် ဒီအရေးက အရှင်းကြီးပါဆိုတဲ့ သဘော ပြောခဲ့ပါတယ်။
“ဘယ်သူတွေ ကျူးလွန်ခဲ့တာလဲ ဆိုတာ ပြည်သူသိပြီးသားပါ၊ ... ရခိုင်ပြည်ဟာ လုံခြုံရေး မရှိတော့ဘူး၊...အရင်ကလည်း ဖြစ်ခဲ့တာ၊ အခု တခါတည်း မဟုတ်ဘူး” လို့ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
ALP/ALA တပ်ဖွဲ့ဝင်တွေကို သူတို့ထက် အင်အားပိုကြီးတဲ့ ရက္ခိုင့်တပ်တော် AA ဘက်ကနေ ဖမ်းဆီး ထိန်းသိမ်းခဲ့တာတွေ ရှိထားဖူးပြီး အခုအချိန်မှာ အနည်းဆုံး ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
လွတ်လပ်ရေး အခမ်းအနားကအပြန် လုပ်ကြံခံရတာဖြစ်
ရခိုင်ပြည်လွတ်မြောက်ရေးတပ် (ALA) က တပ်မှူး ၂ ယောက်နဲ့အတူ ဗိုလ်ချုပ် ခိုင်စိုးမြဟာ စစ်တွေမြို့မှာ စစ်ကောင်စီက ကြီးမှူး ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက တက်ရောက်ခဲ့ပြီး အဲဒီပွဲလုပ်ရာ ဝေသာလီကွင်းကနေ သူတို့ ရုံးရှိတဲ့နေရာကို ကားနဲ့ပြန်လာစဉ်မှာ လုပ်ကြံခံခဲ့ရတာပါ။
အခင်းဖြစ်ပွားချိန်က အဲဒီနေ့ မနက် ၈ နာရီ ပတ်ဝန်းကျင် အချိန်လောက်ဖြစ်ပြီး ဖြစ်တဲ့နေရာဟာ စစ်တွေမြို့၊ အာဂျိတ်တော်ကုန်း အဝေးပြေးကားကွင်းနဲ့ စစ်ကောင်စီရဲ့ အမှတ် (၃၄) ရဲတပ်ရင်းတို့အကြား စိတ္တသုခကျောင်းတိုက်အနီးမှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မကြာခင်အချိန်လေးအတွင်းမှာပဲ ALP တပ်မှူး တယောက် အဲ့ဒီလမ်းကဖြတ်အသွားမှာ လမ်းဘေးထိုးရပ်နေတဲ့ကားက သူတို့ အဖွဲ့က ကားနဲ့တူတယ်လို့ မသင်္ကာလို့ သွားကြည့်ရာကနေ ကားပေါ်ပါ စစ်ဦးစီးချုပ် နဲ့ တပ်မှူးတွေ ပစ်ခတ်သတ်ဖြတ်ခံခဲ့ ရတာကို သိလိုက်ကြရတာပါ။
ဒီအရေးက ဘယ်လို ရိုက်ခတ်သက်ရောက်လေမလဲ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီနဲ့ လက်ရှိမှာ ယာယီအပစ်ရပ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ALA စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ယောက်ကို ကို AA က လုပ်ကြံခဲ့တာဟာ “ရခိုင် တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေရုံသာမက ရခိုင် ပြည်သူ တွေကို တုန်လှုပ်ချောက်ချားစေတယ်” ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အပြင်းအထန် ရှုတ်ချထားပါတယ်။ အဲဒီနောက်မှာတော့ အေအေဘက်က ပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီး ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
သူတို့ စစ်ဦးစီးချုပ်ဟာ နှစ်ပေါင်း ၄၀ နီးပါး တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင် တယောက်လို့ လည်း ALP က ပြောပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်အတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ များစွာရှိနေပြီး အခုလို စင်ပြိုင်တပ်ဖွဲ့တွေကြား စွပ်စွဲကြ၊ ငြင်းဆိုကြတဲ့ အမှုမျိုးမှာ တကယ် လုပ်ကြံ တဲ့သူဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက ဆိုတာမျိုးက ထုတ်ဖော်ရ ခက်ခဲတတ် စမြဲပါ။
“ဆိုင်ကယ်စီးလာသူတွေက ပစ်ခတ်သတ်ဖြတ်သွားတာဆိုတဲ့ သတင်းလည်း ထွက်လာတယ်။ အသေအချာ ဘယ်သူတွေလဲ ဆိုတာ မသိကြရသရွေ့ ဘယ်သူ့ လက်ချက်လဲ ဆိုတာ သတ္ထုချလို့ ရမှာမဟုတ်ဘူး” လို့ ရခိုင့်နိုင်ငံရေးနဲ့ နီးစပ်သူ တယောက်က သုံးသပ်ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဟာ နိုင်ငံရေးပါတီအဖြစ် သမိုင်းကြောင်း အတော်ရှည်ကြာ ရှိနေပြီဖြစ်ပေမယ့် လက်ရှိမှာ ပြည်သူကို စည်းရုံးနိုင်စွမ်းအားနဲ့ စစ်ကောင်စီအပေါ် သဘောထားတို့အပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေတယ် လို့လည်း နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။
မည်သို့ဆိုစေ လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဒီ စစ်တွေမြို့က သတင်းဟာ ရခိုင်ပြည်နယ်တွင်း သာမက၊ မြန်မာပြည်အနှံ့မှာပါ စိတ်မချမ်းမြေ့စရာ အဖြစ်တခု အဖြစ် တွင်ကျန်ရစ်ခဲ့မှာပါ။