ဇန်နဝါရီလ ၁၁ ရက်ထိပ်တန်းသတင်းများ- ဒီပဲယင်းမှာ နေအိမ်တွေ မီးရှို့ခံရချိန် အဖိုးအို ၂ ဦး မီးထဲပါပြီးသေဆုံး

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခုသီတင်းပတ်အတွင်းဖြစ်ပွားတဲ့နေအိမ်တွေ မီးရှို့ခံရမှုအတွင်း သက်ကြီးပိုင်းအဖိုးအို ၂ ဦး မီးထဲပါပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အဖိုးအို ၂ ဦးဟာ ဆပ်ပြာကျင်းကျေးရွာနဲ့ အင်ဒိုင်းကျေးရွာတို့က ဖြစ်တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

‘‘အဖိုးတစ်ဦးက ဇန်နဝါရီလ ၇ ရက်မှာ ဆပ်ပြာကျင်းရွာ မီးရှို့ခံရချိန် မီးထဲပါ သေဆုံးခဲ့တာပါ။ နောက်တစ်ဦး ကတော့ အင်ဒိုင်းလေးရွာ မီးရှို့ခံရချိန် မနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ မီးလောင်ထားတဲ့သေဆုံးအလောင်းကို တွေ့ခဲ့တာပါ’’ လို့ ဒီပဲယင်းညီနောင်များအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဟာ မနေ့တုန်းက အင်ဒိုင်းကျေးရွာကို ဝင်ရောက်ချိန် ကျေးရွာသား ၆ ဦးကို ဖမ်းဆီး ခေါ်သွားတယ်လို့ သိရပြီး အဲဒီဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေ သတင်း ပြတ်တောက်နေတယ်လို့ လည်း သိရပါတယ်။

‘‘အဖမ်းခံရသူတွေ သတင်းက အင်ဒိုင်းရွာကို စစ်တပ်ဝင်ချိန်မှာ ကျန်ခဲ့တဲ့အဖိုးတစ်ယောက်က ပြန်ပြောပြတာပါ။ ဖမ်းသွားသူတွေထဲမှာ သူ့ရဲ့သားလည်း ပါသွားတယ်လို့ ပြန်ပြောပြတယ်’’ လို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆပ်ပြာကျင်းရွာ၊ ဘုတ်ကျေးရွာနဲ့ အင်ဒိုင်းကျေးရွာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ နေအိမ် ၁၅၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေး မီးဘေး ကူညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကြောင်းကိုရှောင်ဖို့ ထွက်ပြေးကြချိန်မှာ သက်ကြီးရွယ်အိုတွေကိုပါ တပါတည်း ခေါ်သွားကြဖို့ ဒီပဲယင်းစစ်ရှောင်ကူညီရေးအဖွဲ့တွေက ဒေသခံတွေကို တိုက်တွန်းနေပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ အခု ဇန်နဝါရီလ အစောပိုင်းတုန်းက စလို့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက နေအိမ်ပေါင်း ၄၀၀ နီးပါးကို မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

စင်ကာပူကုမ္ပဏီ ချောက်ရေနံလုပ်ကွက်သစ်မှာ ရေနံစတင်တူးဖော်

စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီနဲ့ သူရဲ့ ဖက်စပ်လုပ်ငန်းဖြစ််တဲ့ Goldpetrol Joint Operating Company တို့က မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းရှိ ချောက်ရေနံမြေတွင် CHK 1238 ရေနံတူးဖော်ရေးလုပ်ငန်းတွေကိုစတင်နေပြီလို့ ဒီဇင်ဘာ ၂၇ရက်နေ့၊ Interra Resources ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

CHK 1238 က မြန်မာနိုင်ငံမှာ ၂၀၂၃ခုနှစ် ဘတ်ဂျက်နဲ့ တူးဖော်တဲ့ Goldpetrol ရဲ့ ဒုတိယမြောက် တိုးတက်မှုဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။

မူလပထမ ရေနံသိုက်စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ လုပ်ကွက်အမှတ် CHK 1277 ရဲ့ အရှေ့ဘက်လျောစောင်းမှာရှိတဲ့ နေရာတစ်ခုမှာ CHK 1238 အဖြစ်တူးဖော်ထုတ်လုပ်သွားမှာလို့ သိရပါတယ်။

တူးဖော်မှုနှင့် ပြီးစီးမှုရလဒ်တွေကို လာမယ့် ခြောက်ပတ်အတွင်း ထုတ်ပြန်ပြောပြနိုင်မယ်လို့ Interra က ခန့်မှန်း ထားပါတယ်။ ရလဒ်တွေကိုလည်း အမြန်ဆုံး ထုတ်ပြန်ကြေညာပေးမယ်လို့ ပြောပါတယ်။

အခုတူးဖော်မှုက ရေတိမ်ပိုင်း ရေနံတူးဖော်ရရှိနိုင်မှုတွေကို စမ်းသပ်တူးဖော်တာအပြင် ရေနံထွက်ရှိမှု တူးဖော်ရေးလုပ်ငန်းစတဲ့ လုပ်ငန်းတွေလည်း ပါဝင်တာကို ကုမ္ပဏီရဲ့ဖော်ပြချက်တွေ အရသိရှိရပါတယ်။

Goldpetrol Joint Operating Company ကလည်း မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ စင်ကာပူ၊ တရုတ်နဲ့ နယ်သာလန်နိုင်ငံသား ဒါရိုက်တာတွေ ဦးဆောင်ပြီးဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Interra Resources ကုမ္ပဏီဟာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက်နဲ့ ရေနံချောင်းဒေသတို့မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နဲ့အတူ ကုန်းတွင်းရေနံထုတ်လုပ်ရေးလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းကို သဘောတူရင်းနှီးမြှပ်နှံခွင့်ရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကို ကုမ္ပဏီအချက်အလက်တွေအရသိရပါတယ်။

အဲဒီလိုရေနံထုတ်လုပ်ရေး သဘောတူညီချက်တွေကို ၁၉၉၆ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ကစတင်ကာ နောက်ထပ် နှစ်ပေါင်း ၂၀နဲ့ ၆လ အထိသက်တမ်းတိုးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်ထပ် ၁၁နှစ်သက်တမ်းကိုလည်း ထပ်မံတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် အဆိုပါလုပ်ငန်းတွေဟာ ၂၀၂၇ခုနှစ်အထိကို သဘောတူစာချုပ်ထားတာလည်းဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်းကတေ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ ချောက်၊ ရေနံချောင်းစတဲ့ ခွင့်ပြုတူးဖော်နေရာတွေကနေ ရေနံစည်ပေါင်း ငါးသိန်းရှစ်သောင်းကျော်ကို ထုတ်ယူထားပါတယ်။

အာရှလမ်းပေါက်ကွဲမှု ခရီးသည်ယာဥ်တစ်စီး ထိမှန်

ကရင်ပြည်နယ်ထဲက ကော့ကရိတ် -မြဝတီသွား အာရှလမ်းမှာ ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် မနက်ပိုင်းတုန်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကြောင့် ခရီးသည်တင်ယာဥ်တစ်စီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ တောနော်ရေတံခွန်နဲ့ ဆိပ်ဖူးတောင်ကြားက အာရှလမ်းမပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် ရွှေလရောင်ခရီးသည်ပို့ဆောင်ရေးက အဝေးပြေးယာဥ်တစ်စီးရဲ့ မှန်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မိုင်းခွဲသူတွေဟာ အဲဒီကားပေါ်မှာပါလာတဲ့ ခရီးသည်တွေဆီကနေ ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ စွပ်စွဲရေးသား ဖော်ပြနေပါတယ်။

ဖြစ်စဥ်သိရအောင် ဘီဘီစီက အဲဒီယာဥ်လိုင်းရဲ့ ကော့ကရိတ်ဂိတ်ဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဂိတ်မှူးမရှိလို့ ဖုန်းပြန်လည်ခေါ်ဆိုဖို့ပဲ တုံ့ပြန်ပြောဆိုပါတယ်။

မြဝတီ -မဲဆောက်ချစ်ကြည်ရေးတံတား အမှတ် ၁ ပြန်ဖွင့်ဖို့ရှိ

မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ဆက်သွယ် ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကို မနက်ဖြန် ဇန်နဝါရီလ ၁၂ ရက်မှာ ပြန်ဖွင့် ဖို့ရှိနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

ကိုဗစ်ကပ်ဘေးထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ၃ နှစ်ကြာပိတ်ထားခဲ့တဲ့ ဒီတံတားကို ပြန်ဖွင့်ဖို့ ထိုင်းဘက်က ထုတ်ပြောလာတာဖြစ်ပြီး မြန်မာဘက်ခြမ်းကတော့ တံတားပြန်ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာရှိနေတယ် လို့လည်း သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဂိတ်တွေထဲက ၄ ခုထက်မနည်းကို ထိုင်းဘက်က ပြန်ဖွင့်ဖို့ စီစဥ်နေ တယ်လို့ စစ်ကောင်စီလက်အောက် နယ်စပ်အာဏာပိုင်တွေဘက်က ပြောဆိုမှုတွေ ထွက်လာအပြီးမှာ အခုသတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီး လမ်းကြောင်းတခုဖြစ်တဲ့ အဲဒီတံတားကို ပြန်ဖွင့်ဖို့ ထိုင်းဘက်ခြမ်းက တံတားသန့်ရှင်းတွေပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်မှာ မြဝတီဘက် မုခ်ဦးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် တံတားမုခ်ဦး မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၂ ကိုပဲ ဖွင့်ထားတာဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာနဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေ၊ နောက် ထိုင်းဘက်မှာ ဖမ်းဆီးခံရပြီး မြန်မာဘက်ခြမ်းကို ပြန်ပို့ခံရသူတွေကို အဲဒီတံတားကနေ စေလွှတ် လွှဲပြောင်းနေတာဖြစ်ပါတယ်။

CNF စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ၅ ဦးသေဆုံး

အိန္ဒိယ - မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စခန်းကို စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ လတ်တလော သိထားရပါတယ်။

CNF ဘက်ကတော့ မနေ့ကညနေပိုင်းက သူတို့ရဲ့ ဌာနချုပ်ကို စစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကို ဘီဘီစီကိုအတည်ပြုပြောထားပြီး ထိခိုက်သေဆုံးမှုအတိအကျတွေကို ထပ်မံစိစစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတိုက်လေယာဥ်တွေဟာ အိန္ဒိယလေပိုင်နက်ထဲကနေ ဝင်ရောက်ပြီးမှ အဲဒီစခန်းကို တိုက်ခိုက်ခဲ့တာလို့ ချင်းပြည်နယ်သတင်းဌာနတွေက သတင်းဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတိုက်လေယာဥ်ဟာ CNF ရဲ့ Camp Victoria ကို ဗုံး ၅ လုံးကြဲချခဲ့ပြီး ၁ လုံးဟာ အိန္ဒိယဘက်ခြမ်းက မီဇိုရမ် ပြည်နယ်ထဲကို ကျရောက်ခဲ့တာကိုလည်း ဗုံးကြဲချချိန်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပြသနေပါတယ်။

ကြားကာလ ချင်းအမျိုးသား ကောင်စီကတော့ စစ်ကောင်စီရဲ့ အခုတိုက်ခိုက်မှုဟာ နိုင်ငံရေးအရ အလွန် မှားယွင်းတဲ့လုပ်ရပ် ဖြစ်သလို လူမျိုးရေးအရ ဖြေဆည်ရခက်ခဲတဲ့စိတ်ဒဏ်ရာကို ပိုနက်ရှိုင်းစေတာကြောင့် စစ်ကောင်စီကို ခုခံတော်လှန်တဲ့ ချင်းလူမျိုးတွေရဲ့ သန္နိဌာန်ကို ပိုအားသစ်လောင်းပေးရာ ရောက်စေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ဆက်ပြီး တွန်းလှန်ခုခံဖို့ကိုလည်း ကောင်စီက တိုက်တွန်းပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချတဲ့အနေနဲ့ ပြည်နယ် မြို့တော် ဟားခါးမှာတော့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ အလုပ်မဆင်း၊ ရောင်းဝယ်ဖောက်ကားမှု မလုပ်တဲ့ တိတ်ဆိတ်ခြင်း သပိတ် ဆင်နွှဲဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

လူထုလမ်းညွှန်မှုနဲ့ သပိတ်အင်အားစုတွေရဲ့ သဘောထားတွေကို ‌နားထောင်နေတယ်လို့ NUG ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရက လူထုရဲ့ လမ်းညွှန်မှုကိုခံယူသလို၊ သက်ဆိုင်ရာ ‌စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားကြတဲ့ သပိတ်ကော်မတီတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးစားစွာ နားထောင်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဇန်နဝါရီလ ၁၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

NUG ယာယီသမ္မ နဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး မြေပြင်က သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နဲ့ မနေ့က တွေ့ဆုံချိန်ပြောခဲ့တာပါ။

"ကျွန်တော်တို့ဟာ ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်" လို့ လည်းသူကထည့်သွင်းပြောခဲ့ပါတယ်။

ဒါကြောင့် လူထုနဲ့ ‌စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားတဲ့ အင်အားစုတွေက NUG အစိုးရကို အားမနာတမ်း ဝေဖန် အကြံပြုကြဖို့လည်း တိုက်တွန်းပါတယ်။

နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်းတွေ ဓလေ့ဟောင်းတွေ အမူအကျင့်ဟောင်းတွေကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့တာအပြင် အမှားဟောင်းတွေထဲကနေ ဖောက်ထွက်နိုင်ပြီလို့လည်း NUG က ယုံကြည်ထားကြောင်း ပြောဆိုခဲ့ပါတယ်။