ရုရှားကိုလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဥ် ဘာအတွက်လဲ
တက်စာ ဝေါင်
အာရှ ဒစ်ဂျစ်တယ် သတင်းထောက်၊ ဘီဘီစီ သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းစစ်ပွဲကို ဆက်ပြီးထောက်ခံမှုတွေ ရှာဖွေနေတဲ့ ရုရှားနိုင်ငံကို တရုတ် ထိပ်တန်း သံတမန် မစ္စတာ ဝမ်ယီ ရောက်လာပါတယ်။
အဲဒီနောက် စစ်ပွဲအဆုံးသတ်စေမယ့် ဘယ်ကြိုးပမ်းမှုကမဆို ရုရှားအတွက် ထည့်စဥ်းစားရမယ်လို့ မစ္စတာ ဝမ်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗရော့တို့က အစည်းအဝေး အပြီးမှာ ပြောပါတယ်။
ရုရှား အစိုးရရဲ့ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံဟာ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိပြီး တရုတ်ကတော့ ဒါတွေကို ငြင်းပါတယ်။
မစ္စတာ ဝမ်ရဲ့ အခု ခရီးစဥ်ဟာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် တရုတ်ကို မကြာမီ သွားမယ့် ခရီးစဥ်အတွက် အကြိုခရီးစဥ် ဖြစ်တယ်လို့ ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။
ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ လက်နက် သဘောတူညီမှု ဖြစ်လာမှာကို အမေရိကန်က စိုးရိမ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှားကို ရောက်လာခဲ့အပြီးနောက် ရုရှား-တရုတ် ခရီးစဥ်တွေ ဖြစ်လာတာပါ။
ရိုက်တာသတင်းဌာနက ပေးပို့တဲ့ နောက်ဆုံးရ သတင်းမှာ မစ္စတာ ပူတင်ဟာ တရုတ်ကို အောက်တိုဘာလမှာ သွားပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ ရုရှားဘက်က ပြောတယ်လို့ ဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါဟာ မစ္စတာ ပူတင်ကို စစ်ပွဲအတွက် နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ဖမ်းဝရမ်း ထုတ်ပြီးနောက် သတင်းထွက်ပေါ်လာတဲ့ ပထမဆုံး ခရီးစဥ် ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ရုရှားရော တရုတ်ကိုပါ လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားမှုတွေက နှစ်နိုင်ငံ ပူးပေါင်းမှုကို ပိုနက်ရှိုင်းလာစေတယ်လို့ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပက်ထရူရှက်ဗ်က ပြောပါတယ်။
"မဟာဗျူဟာမြောက် လုံခြုံရေး ဆွေးနွေးမှုတွေ" လုပ်ဖို့အတွက် မစ္စတာ ဝမ်ဟာ ရုရှားကို လေးရက်ကြာ ခရီးစဥ်သွားရောက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မစ္စတာ ဝမ်နဲ့ နဲ့ မစ္စတာ လာဗရော့တို့ ယူကရိန်း စစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြကြောင်းနဲ့ "ရုရှားအတွက် ထည့်မတွက်ပဲ၊ အထူးသဖြင့် ရုရှား မပါမဝင်တဲ့ စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေဟာ အလကားပဲ"လို့ တနင်္လာနေ့ ဆွေးနွေးမှုတွေ အပြီးမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီနှစ်ထဲမှာပဲ ရုရှားကို ရောက်လာပြီး မစ္စတာပူတင်နဲ့ မစ္စတာ ဝမ်တို့ နောက်ဆုံးတွေ့ဆုံခဲ့စဥ်တုန်းက တရုတ်ရဲ့ ယူကရိန်း ငြိမ်းချမ်းရေး အဆိုပြုချက်ကို ချပြခဲ့ပြီးပါပြီ။
ဥရောပ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းချင်တဲ့ အတွက် ယူကရိန်း စစ်ပွဲ အဆုံးသတ်ဖို့ တရုတ်က လိုလားနေပါတယ်။
"ရုရှားကို စာနာမှုလည်း ရှိတဲ့ တရုတ်ဟာ စစ်ပွဲအတွက် ဘယ်သူ့မှာ အပြစ်ရှိတယ် ဆိုတာကို လက်ညှိုးမထိုးဘဲ စစ်ကို အဆုံးသတ်ချင်နေတယ်"လို့ အာရှ အဖွဲ့အစည်း မူဝါဒ ဌာနက အုပ်ချုပ်မှု ဒါရိုက်တာ ရော်ရီ ဒန်နီရယ်စ်က ပြောပါတယ်။
စစ်ပွဲစကတည်းက တရုတ်က ရုရှားကို စီးပွားရေးအရရော အရေးပါတဲ့ နည်းပညာ အကူအညီတွေပါ ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲနေတာပါ။
"အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပို့ကုန်တင်ပို့မှုထိန်းချုပ်ထားတာတွေ ရုရှားအပေါ် ရိုက်ခတ်မှု လျော့သွားအောင် တရုတ်က စီးပွားရေးအရ ပံ့ပို့းပေးဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်" လို့ ဇူလိုင်လတုန်းက အမေရိကန်က ထုတ်တဲ့ ထောက်လှမ်းရေးသတင်းက ဆိုပါတယ်။
တရုတ်က ရုရှားရဲ့ စွမ်းအင် ပို့ကုန်တွေကို တိုးပြီး ဝယ်ယူနေပြီး အရောင်းအဝယ်ကိုလည်း တရုတ်ငွေနဲ့ တိုးချဲ့ သုံးစွဲနေတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်း စစ်ပွဲမှာ စစ်ဘက်ရော အရပ်ဘက်ပါ သုံးနိုင်မယ့် ဒရုန်းလို နည်းပညာ ပစ္စည်းတွေကို တရုတ်က ရုရှားကို“တင်ပို့နေဖွယ်ရှိတယ်” လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ တရုတ်ကတော့ အဲဒီလို စွပ်စွဲမှုတွေကို တောက်လျှောက် ငြင်းဆိုထားပြီး စစ်ပွဲမှာ ဘက်မလိုက်တဲ့ မူဝါဒကို ထိန်းသိမ်းရပ်တည်နေတယ်လို့ ခိုင်ခိုင်မာမာ ပြောပါတယ်။
ဒီလအစောပိုင်းတုန်းက မစ္စတာ ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူနဲ့ တွေ့မယ်လို့ ပြောထားပေမဲ့ ဘယ်အချိန်ဆိုတာကိုတော့ မပြောထားသေးပါဘူး။
စောင့်ကြည့်လေ့လာသူတွေကတော့ နောက်လမှာ လုပ်မယ့် တရုတ် ခါးပတ်လမ်း စီမံကိန်း ဆွေးနွေးပွဲကို မစ္စတာ ပူတင် တက်ရောက်ဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။
မစ္စတာပူတင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက မတ်လမှာ ဖမ်းဝရမ်း ထုတ်လိုက်ကတည်းက ပြည်ပခရီးတွေ မသွားရောက်တော့တာ ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး ပြည်ပခရီးက ၂၀၂၂ ဒီဇင်ဘာမှာ ဘယ်လာရုစ်နဲ့ ကာဇက်စတန် နိုင်ငံတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
"ပူတင်ကို တရုတ်နိုင်ငံကို ဖိတ်တာက တရုတ်က ရုရှားကို ထောက်ခံတယ်ဆိုတာကို ပြသတဲ့ နည်းလမ်းဖြစ်တယ်။ အဲဒါကလည်း ရုရှားကို ဆွေးနွေးပွဲ စားပွဲကို တရားဝင် ခေါ်လို့ကောင်းတဲ့ ခေါင်းစဥ်လည်း တပ်နိုင်ရမယ်။ ဒါမှ တရုတ်နဲ့ ဥရောပ နိုင်ငံတွေကြား အခြေအနေတွေ ပိုဆိုးမသွားမှာ" လို့ အာရှ အဖွဲ့အစည်း မူဝါဒ ဌာနက အုပ်ချုပ်မှု ဒါရိုက်တာ ရော်ရီ ဒန်နီရယ်စ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မစ္စတာ ဝမ်ရဲ့ ခရီးစဥ်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ရုရှား ခရီးစဥ် အဆုံးသတ်ချိန်မှာ ဖြစ်လာတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ခရီးစဥ်ဟာ မြောက်ကိုရီးယားလက်နက်တွေကို ရုရှားကို ရောင်းဖို့ လာဆွေးနွေးတာလို့ အမေရိကန်က စွပ်စွဲပါတယ်။ ယူကရိန်း စစ်ပွဲအတွက် ရုရှားမှာ လက်နက်နဲ့ ခဲယမ်းတွေ ပြတ်လပ်နေတယ်လို့ ယူဆ နေကြပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့က "စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး"နဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု အစီအစဥ်ကို အကူအညီပေးရေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မစ္စတာကင်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ခရီးစဥ်နဲ့ ပတ်သက်ပြီး တရုတ်ကို မေးမြန်းတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားပေးဖို့ ငြင်းဆန်ပြီး “ဒါဟာ အဲဒီနှစ်နိုင်ငံကြားက အရေးကိစ္စ” လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ ရုရှားရော မြောက်ကိုရီးယားနဲ့ရော နီးစပ်တဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား-ရုရှား ကြားက ဘယ်လို အပြန်အလှန် အကူအညီပေးရေးမှာမဆို သူတို့ သိထားပြီးတာဖြစ်ဖြစ် တစ်နည်းနည်းနဲ့ မီးစိမ်းပြထားတာဖြစ်ဖြစ် ဖြစ်ရမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ယူဆထားပါတယ်။
ဒီဆက်ဆံရေးတွေဟာ သူတို့ရဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေ၊ အမေရိကန်နဲ့ အနောက်ကို မယုံကြည်တာချင်း တူကြတာကြောင့်ဆိုတာထက် ပိုပါတယ်။
တရုတ်က မြောက်ကိုရီးယားကို ကုန်သွယ်ရေးနည်းလမ်းနဲ့ စီးပွားရေး အသက်ဆက်နိုင်ဖို့ တောက်လျှောက် လုပ်ပေးနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကစပြီးလည်း ရုရှားရဲ့ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုဝယ်ယူပေးပြီး ရုရှားကို အသက်ဆက်ပေးခဲ့ပါတယ်။
"ရုရှားနဲ့ မြောက်ကိုရီးယားကြား ဘာပဲလုပ်လုပ် တရုတ် မသိဘဲနဲ့ မဖြစ်နိုင်ပါဘူး။ တရုတ်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မယ် မထင်ဘူး" လို့ သြစတြေးလျ၊ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က တရုတ်-ရုရှား ဆက်ဆံရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကိုရော့လက်ဗ်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားကို တစ်ဖက်လှည်နဲ့ကူညီနိုင်ဖို့ အသုံးချနိုင်တဲ့ နိုင်ငံအဖြစ်တောင် မြောက်ကိုရီးယားကို တရုတ်က မြင်ထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
"မြောက်ကိုရီးယားနဲ့ ရုရှား စစ်ရေး ပူးပေါင်းဆောင်ရွက်တာကို မီးစိမ်းပြထားတာကိုက နာမည်ပျက်စရာမရှိသလောက်နဲ့ ရုရှားကို ကူညီပေးနေတဲ့ နည်းတစ်နည်းပဲ။ မြောက်ကိုရီးယားလုပ်တာက သူတို့နဲ့ မဆိုင်ဘူးလို့ ရှောင်ထွက်နိုင်ပါတယ်။ အဲဒီလိုသာဆိုရင် ပါးနပ်တဲ့ အကွက်ပဲ" လို့ သူက ဆိုပါတယ်။
မစ္စတာ ၀မ်ရဲ့ ရုရှား ခရီးစဥ်ဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ် ဆူလီဗန်နဲ့ သူ မော်လ်တာနိုင်ငံမှာ တွေ့ဆုံပြီး တစ်ရက်အကြာမှာ စတင်ခဲ့တာပါ။
ဒီတွေ့ဆုံမှုမှာ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးအပြင် ဒေသတွင်း လုံခြုရေးနဲ့ ယူကရိန်းစစ်ပွဲအကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေမှ မလုပ်ဖို့ ဖိအားပေးပေးဖို့ တရုတ်ကို အမေရိကန်က ပြောတာမျိုး ရှိနိုင်ပေမဲ့ တရုတ်က ပြောပေးမှာ မဟုတ်ဘူးလို့ ဒေါက်တာ ကိုရော့လက်ဗ်က ပြောပါတယ်။
"အမေရိကန် သဘောအတိုင်းသာ တရုတ်က လုပ်ပေးမယ်ဆိုရင် စစ်ပွဲရပ်အောင် လုပ်နိုင်တဲ့ အချိန် တစ်နှစ်ကျော် ရှိခဲ့ပြီးပြီပဲ" ဒါပေမဲ့ သူတို့အဲဒီလိုမှ မလုပ်တာလို့ သူက ပြောပါတယ်။
BBC Monitoring မှ ရက်ဂေးနီ ပူဒေါ့ဗ်ကင် ပူးတွဲရေးသားပါသည်။








