ဒီဇင်ဘာ ၂၀ ရက် ထိပ်တန်းသတင်းများ - မူဆယ်မြို့က စစ်ကောင်စီဝန်ထမ်းတွေ တရုတ်ဘက်ပြောင်းရွှေ့နေကြ

ရေးသားခဲ့သည်။

ရှမ်းမြောက် နမ့်ခမ်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွေကို တအာင်းတပ် TNLA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားချိန်မှာ ပဲ ဒီနယ်မြေ ၂ ခုကြားထဲက မူဆယ်မြို့မှာ နေထိုင်တဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ ဌာနတွင်းအသိပေးမှုတွေလုပ်နေတယ်လို့ ‌ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါအပြင် မူဆယ်‌ဒေသခံတွေကိုလည်း မူဆယ်မြို့ကနေ အမြန်ဆုံးထွက်ခွာပြီး တရုတ်-မြန်မာနယ်စပ်က ကြယ်ခေါင်ရွှေလီမြို့တွင်းမှာ နေထိုင်ဖို့ စီစဉ်ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်ရဲ့ အပြောအရ တအာင်းတပ် (TNLA) တပ်တွေက မနေ့ ဒီဇင်ဘာ ၁၉ ရက်ကစပြီး အင်အားအများအပြားနဲ့ မူဆယ်မြို့ပတ်လည်ကို တပ်စွဲလာတာကြောင့်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မူဆယ်မြို့မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းနဲ့မိသားစုဝင်တွေက မိမိနေရပ်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်နိုင်သလို မပြန်ချင်တဲ့သူတွေကိုတော့ တရုတ်ဘက်ခြမ်း ကြယ်ခေါင် ရွှေလီကို ပြောင်းရွှေ့ဖို့အတွက် တစ်နှစ်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေ ထုတ်ပေးနေတယ်လို့သိရပါတယ်။

မူဆယ်ဒေသခံတွေကိုတော့ မူဆယ်မြို့မှာ ပြုလုပ်ထားတဲ့ သန်းခေါင်စာရင်းရှိမှသာ ကြယ်ခေါင် - ရွှေလီ မှာ နေထိုင်ခွင့် တစ်နှစ်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးမှာဖြစ်ပြီး မူဆယ်မှာလုပ်ထားတဲ့ သန်းခေါင်စာရင်းမဟုတ်ဘူးဆိုရင်တော့ ၇ ရက်နေထိုင်ခွင့်ကတ်ကိုပဲ ထုတ်ပေးမယ်လို့ သိရပါတယ်။

လက်ရှိမှာ မူဆယ်က စစ်ကောင်စီဝန်ထမ်းတချို့ကတော့ နေရပ်ပြန်ချင်ပေမယ့် မူဆယ်မြို့အထွက် နှစ်ဘက်လုံးကိုဦးတည်ပြီး TNLA တပ်တွေက ဝိုင်းပြီးတပ်စွဲလာတာကြောင့် တရုတ်ဘက်ခြမ်း ရွှေလီကြယ်ခေါင်ဘက်ကိုပဲ ပြောင်းရွှေ့ဖို့ရွေးချယ်နေရတယ်လို့ သိရပါတယ်။

မူဆယ်မြို့အစပ် ၁၀၅ မိုင်ဘက်အထွက် ရပ်တော်မူဘုရားကုန်းနဲ့ ပြည်တော်သာကုန်းနှစ်ခုမှာတော့ စစ်တပ်က တပ်စွဲထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

ကချင်နဲ့ကယားမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၄၀ နီးပါးလုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံ လေသူရဲ ခိုင်သန့်မိုးဝန်ခံ

ကယား (ကရင်နီ)ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ K-8W တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးက ကချင်နဲ့ကယားမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၀ နီးပါးလုပ်ဆောင်ခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကထုတ်ပြန်တဲ့ သူ့ရဲ့ ကိုယ်တိုင်ဝန်ခံချက်ဗီဒီယိုဖိုင်မှာပြောပါတယ်။

"မြစ်ကြီးနားနဲ့ ကယားပြည်နယ်တဝိုက်မှာအများဆုံးလေကြောင်းပစ်ခတ်မှုလုပ်ခဲ့ပါတယ်" လို့ ဖမ်းဆီးခံ ဗိုလ်မှူး ခိုင်သန့်မိုးက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်တုန်းက ဘုရားဖြူရွာအနီးကို လေကြောင်းတိုက်ခိုက်ပြီးပြန်လာတဲ့ K-8W တိုက်လေယာဉ်ကို တော်လှန်ရေးအင်အားစုတွေကပစ်ခတ်လိုက်နိုင်တာကြောင့် စက်ချို့ယွင်းပျက်ကျခဲ့ပြီး ရက်ပိုင်းအကြာမှာ ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းဆီးရမိခဲ့တာပါ။ ဒါပေမဲ့ တွဲဖက်လေယာဉ်မှူးကိုတော့ ဒီကနေ့ အချိန်အထိရှာဖွေမတွေ့ရသေးဘဲ ‌အဲဒီလေယာဉ်မှူးသေဆုံးသွားနိုင်ချေရှိတယ်လို့ ဗိုလ်မှူးခိုင်သန့်မိုးက သူ့ရဲ့ ဝန်ခံချက်ဗီဒီယိုမှာ ပြောထားပါတယ်။

"လေယာဉ်ပျက်ကျတဲ့နေရာကို ဗုံးတွေအဆက်မပြတ်ကြဲတယ်။ ဗုံးထပ်ကြဲတာတွေကြားခဲ့ရတယ်။ လေသူရဲတွေအနေနဲ့ ကျတဲ့နေရာနဲ့အဝေးဆုံးမှာနေသင့်တယ်" လို့ ဗိုလ်မှူးခိုင်သန့်မိုးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် အပြစ်ပေးအရေးယူသွားမယ့်အကြောင်း တရားဝင်ထုတ်ပြောထားသလို ဖမ်းဆီးခံလေသူရဲကလည်း အပြစ်တွေခံယူမဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံး‌နစ်နာခဲ့ရတဲ့ပြည်သူတွေကို တောင်းပန်ကြောင်း ပြောသွားပါတယ်။

စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ လေယာဉ်စက်ချို့ယွင်းတာလို့ အစောပိုင်းကတည်းက ထုတ်ပြောထားပြီး ‌လေယာဉ်မှူးနှစ်ဦးနဲ့အဆက်အသွယ်ရထားပြီလို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးခိုင်သန့်မိုး ဖမ်းဆီးခံရပြီးနောက်ပိုင်းတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာထုတ်ပြောတာမရှိပါဘူး။

တောင်ကိုရီးယားကို ရာသီချိန်လုပ်သားစေလွှတ်မယ်

တောင်ကိုရီးယားနိုင်ငံ က ရာသီချိန်စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်ဖို့ မြန်မာလုပ်သားတွေစေလွှတ်မယ်လို့ ကိုရီးယားအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းကသိရပါတယ်။

စစ်ကောင်စီကလည်း အဲဒီအတွက် မူအရ ခွင့်ပြုထားတယ်လို့ သူ့ရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ပြည်နယ်နဲ့ ခရိုင်အပါအဝင် မြို့နယ်အသီးသီးက အစိုးရအဖွဲ့အစည်းတွေက မြန်မာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးပြီး ဆောင်ရွက်လိုတယ်လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကနေ တင်ပြလာတာတွေရှိတာကြောင့် ဒီလိုခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ရာသီချိန်စိုက်ပျိုးရေးအလုပ်သမားတွေဟာ ၈ လ အလုပ်လုပ်ပြီး ၄ လနားစနစ်နဲ့ ကာလတိုလုပ်ကိုင်ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရာသီချိန်လုပ်သားစေလွှတ်တဲ့လုပ်ငန်းစဉ်အရ တောင်ကိုရီးယားနိုင်ငံက တရားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ဒေသန္တရအစိုးရချင်း နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးရမယ်လို့ဖော်ပြပါတယ်။ အဲဒီကနေ မြန်မာမှာ လုပ်သားစုဆောင်းရွေးချယ်တာတွေ ဆက်လုပ်ပြီး ကိုရီးယားကိုစေလွှတ်သွားမယ်လို့ သိရပါတယ်။

အလုပ်သမားစေလွှတ်တဲ့အခါမှာလည်း နိုင်ငံပုံရိပ်ထိခိုက်စေမယ့် လုပ်သားတွေထွက်ပြေးတာ၊ တရားမဝင်နေထိုင်တာနဲ့ မြန်မာဘက်ကို ပြန်ပို့တာတွေ မရှိစေဖို့အတွက် သက်ဆိုင်ရာအေဂျင်စီတွေကို ကြီးကြပ်ဆောင်ရွက်ဖို့ လမ်းညွှန်ထားတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ကိုရီးယားရာသီချိန်လုပ်သားတွေကိုဘယ်အချိန်ခေါ်မယ်ဆိုတာတိတိကျကျမသိရသလို ဒီအလုပ်ခေါ်ဆိုမူအရလည်း ဘာသာစကားနဲ့ စာမေးပွဲဖြေဆိုဖို့မလိုပေမဲ့ ရာသီချိန်လုပ်သားပို့ဆောင်ပေးမယ်ဆိုပြီး သင်တန်းကျောင်းတွေဖွင့်လှစ်ပြီး သိန်းချီငွေကြေးကောက်ခံမှုတွေလုပ်နေတယ်လို့လည်းပြောပါတယ်။

လက်ရှိမှာတော့ မြန်မာကနေ တောင်ကိုရီးယားနိုင်ငံကို နှစ်ရှည်အလုပ်အကိုင် သွားရောက်လုပ်ကိုင်ဖို့အတွက် EPS စာမေးပွဲဖြေဆိုပြီးသွားရောက်သူလည်း သောင်းနဲ့ချီရှိနေပါတယ်။

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲမှာ TNLA ဘက်က ဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ထုတ်ပြန်

ပလောင်ဒေသ မန်တုံမှာလည်း စစ်တပ်နဲ့ TNLA တိုက်ပွဲဆက်ပြင်းထန်

တအာင်းတပ် (TNLA) တွေ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ တိုက်ခိုက်ခဲ့တဲ့ နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲအတွင်းမှာ TNLA ဘက်က တပ်ဖွဲ့ဝင် ၄၉ ယောက်သေဆုံးခဲ့တယ်လို့ မနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ TNLA ဘက်က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ တစ်ခုတည်းကျန်နေတဲ့ စစ်တပ်စခန်းသစ်ကုန်းကို ရက်ပေါင်း ၃၀ ကျော်ကြာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေရရှိခဲ့ပြီး စစ်တပ်ဘက်က ၃ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ပေါ်ကို TNLAဘက်က နိုဝင်ဘာ ၇ ရက်တည်းက ထိန်းချုပ်ထားနိုင်ပြီလို့ TNLA က ကြေညာခဲ့ပေမယ့် စစ်တပ်စခန်းသစ်ကုန်းအပါအဝင် နမ့်ခမ်းတစ်မြို့လုံးကို သိမ်းနိုင်ဖို့အတွက် TNLA တပ်တွေက ရက်ပေါင်း ၅၀ ကျော် တိုက်ခဲ့ရတာဖြစ်ပါတယ်။

နမ့်ခမ်းတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားအများအပြားသေဆုံးပြီး ဒေသခံနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ တိုက်ပွဲကာလအတွင်း ဖော်ပြခဲ့တဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

တစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ဒေသ မန်တုံမြို့မှာ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲပြင်းထန်နေပြီး မန်တုံမြို့အနီးတဝိုက်ကို စစ်တပ်ရဲ့ (ခလရ-၁၃၀)ကနေ လက်နက်ကြီးနဲ့ အကြိမ် ၇၀ ထက်မနည်းပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မန်တုံမြို့အဝင်က စစ်တပ်ရဲ့ (ခလရ-၁၃၀) ကို TNLA တပ်တွေက ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန်တုံမြို့ပေါ်နဲ့ အနီးနားကျေးရွာတွေက ဒေသခံတွေက ‌ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မန်တုံမြို့ထဲကို TNLA တပ်တွေ ဝင်ရောက်တပ်စွဲလာတာကြောင့် ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းတည်းကစပြီး တိုက်ပွဲဖြစ်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းတည်းက တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မဏိပူရ၊ အင်ဖာထောင်မှာ အကျဉ်းကျ မြန်မာတွေအစာငတ်ခံဆန္ဒပြနေ

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို တရားမဝင်ဝင်ရောက်နေထိုင်တယ်ဆိုပြီး အင်ဖာထောင်မှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ မြန်မာအမျိုးသားတွေအစာငတ်ခံဆန္ဒပြနေကြသလို ဆန္ဒပြတောင်းဆိုတဲ့ အမျိုးသမီးတွေလည်း ရိုက်နှက်ခံရတယ်လို့ India For Myanmar က ပြောပါတယ်။

တရားမဝင်ဝင်ရောက်နေထိုင်တာကြောင့်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ထားတဲ့အပြစ်ဒဏ်ကာလပြီးဆုံးပြီ‌ဖြစ်ပေမဲ့ တစ်နှစ်နီးပါး ထပ်မံချုပ်နှောင်ထားတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းက အမျိုးသမီးအကျဉ်းထောင်မှာချုပ်နှောင်ခံထားရတဲ့ မြန်မာအမျိုးသမီးတွေနဲ့အသက်အရွယ်မပြည့်သေးသူ အယောက် ၃၀ ဝန်းကျင်က စတင်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။ အဲဒီထဲကမြန်မာအမျိုးသမီးတွေမှာ ကလေးငယ်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။

"၁၆၊ ၁၇ ရက်တွေအထိဆက်တိုက်ဆန္ဒပြတော့ အကျဉ်းထောင်ကရဲကိုခေါ်ပြီးရိုက်ခိုင်းတာမှာ အမျိုးသားရဲတွေကရိုက်တာဖြစ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်။ အမျိုးသမီး ၂၀ ဝန်းကျင်လောက်ဒဏ်ရာရထားတယ်လို့ အတွင်းသတင်းရထားတယ်" လို့ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုရ်ခါက ဘီဘီစီကို ပြောပါတယ်။

ဒီလိုရိုက်နှက်ခံရတာကြောင့် ထိန်းသိမ်းရေးစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာအမျိုးသား တစ်ဒါဇင်နီးပါးလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ကစလို့ အစာငတ်ခံဆန္ဒပြနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် Biren Singh ကတော့ မဏိပူရရောက် မြန်မာစစ်ရှောင် အရေအတွက် ၆၀၀၀ ဝန်းကျင် ရှိနေပြီး လက်ရှိမြန်မာပြည်တွင်းကပဋိပက္ခအခြေအနေတွေကြောင့် စစ်ရှောင်တွေထပ်ရောက်လာနိုင်ကြောင်းသာ ဒီဇင်ဘာ ၁၈ ရက်နေ့က အိန္ဒိယမီဒီယာတွေကိုဖြေခဲ့ပါတယ်။

ဒါပေမဲ့ အခုအင်ဖာအကျဉ်းထောင်က အခြေအနေနဲ့ပတ်သက်လို့တော့ မဏိပူရအစိုးရဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးသလို ဘီဘီစီအနေနဲ့လည်း အိန္ဒိယအာဏာပိုင်တွေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်တပ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ ကြား က သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ တရုတ်ပြော

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြားမှာ တွေ့ဆုံဆွေးနွေးနိုင်‌ရေးလုပ်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဘင်းဘင်း က ‌မနေ့ ဒီဇင်ဘာ ၁၉ ရက်ကလုပ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

'' ကျွန်တော်တို့တရုတ်အစိုးရရဲ့ ရပ်တည်ချက်က တသမတ်တည်းပဲရှိပါတယ်'' လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံတွင်းက အစုအဖွဲ့တွေကြား မြေပြင်တင်းမာမှုလျော့စေဖို့ နဲ့ တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ဆိုတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ကြဖို့ တရုတ်အနေနဲ့မျှော်လင့်တယ်လို့ ဝမ်ဘင်းဘင်းကဆက်ပြောပါတယ်။

တရုတ်ကမကထလုပ်ပြီး ကြားဝင်ခဲ့ပေမဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားမှာ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတဲ့ အပေါ်မှာ တရုတ်ရဲ့ သဘောထားနဲ့ပတ်သက်ပြီးမေးမြန်းချက်ကို သူကအဲဒီလိုတုံ့ပြန်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ တရုတ်ကမကထလုပ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ တို့ ‌တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲကအောင်မြင်တယ်လို့တရုတ်ကထုတ်ပြောခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီကလည်း ဒီဇင်ဘာလကုန်မှာဆွေးနွေးထပ်ရှိမယ်လို့ ဆိုထားတာပါ။

ဒါပေမဲ့ မြေပြင်မှာတော့ ကိုးကန့်တပ် MNDAA က လောက်ကိုင်မြို့ ကလွဲပြီး ကိုးကန့်ဒေသတခွင်ကို ထိန်းချုပ်ထားတဲ့အခြေအနေရှိနေသလို တအာင်းတပ် TNLA ကလည်း နမ့်ဆန်နဲ့နမ့်ခမ်းမြို့တွေကိုသိမ်းထားပြီး မူဆယ် ၁၀၅ မိုင်က စစ်တပ်ဗျူဟာကုန်းကိုလည်း ထိန်းချုပ်လိုက်ပြီလို့ပြောထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကလည်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ်ပလက်ဝဘက်ခြမ်းမှာစစ်တပ်ရဲ့စစ်စခန်းတွေကို ဆက်ပြီးသိမ်းယူဖို့ကြိုးစားနေလို့ တိုက်ပွဲတွေရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ စစ်ဆင်ရေးအပါအဝင် နိုင်ငံတဝန်းစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းသတင်းထုတ်ပြန်တာမရှိသေးပါဘူး။