ဂျူးတွေရဲ့လေယာဥ်ကို လူအုပ်ကြီးက ဝိုင်းပိတ်ရှာမှု ဆိုရှယ်မီဒီယာကနေ ဘယ်လိုစခဲ့လဲ

ရေးသားခဲ့သည်။

အိုလ်ဂါ ရော်ဘင်စင်၊ မရီရာ ကိုးရန်ညွတ် နဲ့ ဂရီဂေါ အေတန်နီးရှန်း

ဘီဘီစီ အချက်အလက် စစ်ဆေးရေးနဲ့ ဘီဘီစီ ကမ္ဘာလုံးဆိုင်ရာ သတင်းမှားတိုက်ဖျက်ရေး အဖွဲ့

ဒါဂက်စတန်ရဲ့ အဓိက လေယာဥ်ကွင်းကို ဝင်စီးနင်းတဲ့ လူအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, RAMAZAN RASHIDOV/TASS

ဓာတ်ပုံ ပုံစာ, ဒါဂက်စတန်ရဲ့ အဓိက လေယာဥ်ကွင်းကို ဝင်စီးနင်းတဲ့ လူအုပ်ကြီး

ရုရှား တောင်ပိုင်း လူမျိုး၊ဘာသာပေါင်းစုံရှိရာ ဒါဂက်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူသိများတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုမှာ အစ္စရေးနိုင်ငံ တယ်လ်အဗီးမြို့က ဆိုက်ရောက်လာမယ့် လေယာဥ်တစ်စင်းရဲ့ အသေးစိတ်အချက်အလက်တွေ တက်လာပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အဲဒီသတင်းတက်လာတာဖြစ်ပြီး လေယာဥ်က အဲဒီနေ့ ညနေပိုင်းမှာ ရောက်လာမယ့် လေယာဥ်ဖြစ်ပါတယ်။

အဲဒီ ချန်နယ်က မင်္ဂလာနံနက်ခင်းပါ ဒါဂက်စတန်လို့ အမည်ရပါတယ်။

အဲဒီချန်နယ်မှာ မာခါချက်ကာလာမြို့က ဒါဂက်စတန် လေဆိပ်မှာ "မမျှော်လင့်ထားတဲ့ ဧည့်သည်တွေကို သွားတွေ့ရအောင်" လို့ သူ့ ဖော်လိုဝါတွေကို တိုက်တွန်းထားပါတယ်။

လေယာဥ်က ဒေသစံတော်ချိန် ညနေ ၇ နာရီမှာ ဆိုက်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီအချိန်ရောက်တဲ့အခါ လူငယ်တွေ ရာပေါင်းများစွာ လေယာဥ်ကွင်းကို ရောက်လာကြလို့ လေဆိပ် လုံခြုံရေးတွေ မနိုင်မနင်း ဖြစ်ကုန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့က လေယာဥ် ပြေးလမ်းဆီကို သွားကြပါတယ်။ တချို့က အမိုးတွေပေါ်ကိုတောင် တက်သွားကြပါတယ်။ အဲဒီ လူအုပ်ကြီးက ဂျူးလူမျိုး ခရီးသည်တွေကို လိုက်ရှာကြတာပါ။

ဗီဒီယိုထဲမှာ ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းနေတာတွေ့ရပြီး ဂျူးဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း ကြားရပါတယ်။

အဲဒီအဓိကရုဏ်းက လူတွေ လူစုကွဲသွားအောင် ရဲတွေ နာရီအတော်ကြာကြာ လုပ်ခဲ့ရပါတယ်။

လူ ၆၀ လောက်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရုရှား သတင်းအေဂျင်စီတွေရဲ့ သတင်းတွေအရ သိရပါတယ်။

ဒီဆန္ဒပြမှုကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အံ့သြသွားကြပါတယ်။ ဒီလူတွေ ဒီလိုဖြစ်လာအောင် ဘယ်လို စုရုံးလာကြပြီး ဘယ်လို အချိန်ကိုက် လုပ်ကြပါသလဲ။

ဒါကို သိရအောင် မင်္ဂလာမနက်ခင်းပါ ဒါဂက်စတန် ချန်နယ်မှာ တင်ထားတဲ့ မက်ဆေ့ချ်တွေကို ဘီဘီစီက ခြေရာခံကြည့်ခဲ့ပါတယ်။

အဲဒီဒေသမှာ ဒီလို အလားတူ ပြောဆိုမှုနဲ့ အကြမ်းဖက်မှု တိုက်တွန်းတာတွေကိုလည်း တယ်လီဂရမ်မှာ ရှာတွေ့ခဲ့ပါတယ်။

အဲဒီ မင်္ဂလာမနက်ခင်းပါ ဒါဂက်စတန် ချန်နယ်က ရုရှား ဆန့်ကျင်ရေးနဲ့ အစ္စလာမ်အရေး ချန်နယ် တစ်ခုပါ။ အဲဒီချန်နယ်က ကော့ကေးဆပ်ဒေသမှာ "ရုရှား ဝင်ရောက် အုပ်ချုပ်မှု" အဆုံးသတ်ဖို့ လှုပ်ရှားတဲ့ ချန်နယ် ဖြစ်ပါတယ်။

အဲဒီမှာ ဒေသတွင်း သတင်းတွေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်မှု သတင်းတိုတွေကို တင်ပါတယ်။

အဲဒီမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသတင်းတွေကိုလည်း ဟားမတ်စ်ကို ထောက်ခံတဲ့ အကြောင်းအရာတွေနဲ့ တင်ပါတယ်။

ဟားမတ်စ်ကို ယူကေနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေမဲ့ ရုရှားကတော့ မသတ်မှတ်ပါဘူး။

လူအများ ကြည့်ရှုနိုင်တဲ့ အဲဒီချန်နယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ စောင့်ကြည့်သူ လူ ၅၀,၀၀၀ ရှိခဲ့ရာကနေ အခုလို ဖြစ်အပြီးမှာ လူ ၆၅,၀၀၀ အထိ ရှိလာပါတယ်။

တနင်္ဂနွေနေ့မှာ လေဆိပ်မှာ လာစုဝေးမယ့်သူတွေအတွက် အသေးစိတ် ညွှန်ကြားချက်တွေ သူ့ရဲ့ ပို့စ်တွေမှာ တင်ပေးပါတယ်။ ခရီးသည်တွေ ရောက်လာတဲ့အခါ ထွက်ပေါက်ကို ပိတ်ပြီး လူစုလူဝေး ဘယ်လို လုပ်မယ်ဆိုတာတွေအထိ အဲဒီမှာ ပါပါတယ်။

ပို့စ်တစ်ခုမှာ "သူတို့ကို တစ်ယောက်ချင်းစီ ထွက်ခွင့်ပေးလိုက်၊ အစ္စရေးနိုင်ငံကို ကျိန်ဆဲခိုင်းကြည့်၊ ပြီးတော့ သွားခိုင်းပေါ့" လို့ ရေးပါတယ်။

"သူတို့က ကျိန်ဆဲဖို့ ငြင်းတယ်ဆိုရင် လေဆိပ်ကို ငါတို့ ပိတ်ဆို့ထားမယ်။ သူတို့ကို ထွက်ခွင့်မပေးကြနဲ့။"

ပြီးတော့ ခရီးသည်တွေရဲ့ မျက်နှာတွေကို ဓာတ်ပုံရိုက်ထားကြပြီး ဒါဂက်စတန်မှာ သူတို့ဘယ်မှာနေတယ်ဆိုတာသိဖို့ သူတို့ ကားတွေကို နောက်ယောင်ခံလိုက်ကြဖို့လည်း သူ့ ဖော်လိုဝါတွေကို အဲဒီချန်နယ်က တိုက်တွန်းထားပါတယ်။

ပို့စ်
ဓာတ်ပုံ ပုံစာ, အဲဒီ မင်္ဂလာနံနက်ခင်းပါ ဒါဂက်စတန် ချန်နယ်က ပို့စ်တစ်ခုမှာ “ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ (အစ္စလာမ်ဘာသာဝင်တွေရဲ့ နှုတ်ဆက်စကား )။ အစ္စရေးက လေယာဥ်တစ်စင်း မနက်ဖြန် (မာခါချက်ကာလာ လေဆိပ်ကို ) ရောက်မယ်။ တို့တွေ စုဝေးကြပြီး လေဆိပ်ကို သွားကြရမယ်။ ဒါဂက်စတန် တစ်ခုလုံးနော်။ လေယာဥ်ပြေးလမ်းမှာ သွားစောင့်ပြီး သူတို့လူစုကွဲမသွားခင် ဖမ်းကြမယ်” လို့ ရေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီချန်နယ်ကပဲ မာခါချက်ကာလာနဲ့ တခြားမြို့ကြီးတွေက “ (ဂါဇာက) မွတ်ဆလင် နှစ်သန်းကို ထောက်ခံမှု” လူထုစုဝေးပွဲတွေမှာ လူတွေ ပါဝင်လာကြဖို့ ခေါ်နေပါတယ်။

ဒါ့အပြင် အဲဒီချန်နယ်မှာ ဂျူးမုန်းတီးရေး မက်ဆေ့ချ်တွေလည်း ရှဲပြီး ဒေသခံတွေအနေနဲ့ ဂျူးလူမျိုးတွေကို အိမ်ခန်းတွေ မငှားပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဘီဘီစီရဲ့ ရှာဖွေတွေ့ရှိမှုတွေထဲမှာ ပရိသတ် သောင်းချီရှိတဲ့ တခြား တယ်လီဂရမ် ချန်နယ်တွေကနေ အကြမ်းဖက်ဖို့ တိုက်တွန်းထားတာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီထဲမှာ အရင်က နိုင်ငံရေး စိတ်ဝင်စားပုံမရတဲ့ ချန်နယ်တွေကပါ ဒီလို လုပ်လာကြတာတွေကို တွေ့ရပါတယ်။

Avito ဆိုတာ အွန်လိုင်း အရောင်းအဝယ် လုပ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ အဲဒီချန်နယ်မှာ အစ္စရေးအတွက် တိုက်ခိုက်ပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ ဒါဂက်စတန်က ဂျူးလူမျိုး မိသားစုတစ်စုကို ပစ်မှတ်ထား ပြောဆိုတဲ့ မက်ဆေ့ချ်တွေကို တွေ့ရပါတယ်။

နောက်ထပ် ချန်နယ်တစ်ခုဖြစ်တဲ့ လူ ၁၇,၀၀၀ လောက်ရှိတဲ့ Gorets ချန်နယ်မှာတော့ ဒေသခံ ဂျူးလူမျိုးတွေနဲ့ ဒါဂက်စတန်ကို ရောက်လာတဲ့ ဂျူးလူမျိုးတွေကို ဖိနှိပ်ကြဖို့ တိုက်တွန်းထားတဲ့ ပို့စ်တွေကို တွေ့ရပါတယ်။

တနင်္လာနေ့ညနေမှာတော့ တယ်လီဂရမ် ပိုင်ရှင် ပတ်ဗယ် ဒူးရက်ဗ်က အကြမ်းဖက်မှု လှုံ့ဆော်တဲ့ ချန်နယ်တွေကို ပိတ်ပါမယ်လို့ မင်္ဂလာနံနက်ခင်းပါ ဒါဂက်စတန်ရဲ့ ပို့စ်ကို စခရင်ရှော့ တွဲပြီး ကြေညာပါတယ်။ မကြာခင်မှာပဲ အဲဒီချန်နယ် ပျောက်သွားပါတော့တယ်။

မြေပုံ

မင်္ဂလာနံနက်ခင်းပါ ဒါဂက်စတန် ချန်နယ်ကို ဘယ်သူ ထိန်းချုပ်တာလဲ

မင်္ဂလာနံနက်ခင်းပါ ဒါဂက်စတန် ချန်နယ်က ရုရှား အမတ်ဟောင်း တစ်ဦးနဲ့ ဆက်စပ်နေပါတယ်။ အီယာ ပိုနိုမာရက်ဗ်ဆိုတဲ့ အမတ်ဟောင်းဟာ ယူကရိန်းဘက်ကို ၂၀၁၆ မှာ ထွက်ပြေးလာပြီး ယူကရိန်း နိုင်ငံသားပြုခွင့်ရထားပါတယ်။

သူက ရုရှားမှာ ဆန္ဒပြမှုတွေ လုပ်ဖို့နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် အစိုးရကို ဖြုတ်ချဖို့ လှုံ့ဆော်တဲ့ ဆိုရှယ်မီဒီယာချန်နယ်တွေကို ဦးစီးပါတယ်။

"ဒါဂက်စတန်က အစ္စလာမ်အရေးလှုပ်ရှားသူ အုပ်စုတစ်စု"က သူ့ကို "တစ်ချိန်တုန်းက" ဆက်သွယ်ခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မှုကို ဆန့်ကျင်ရေး စီစဥ်ဖို့နဲ့ ငွေကြေးထောက်ပံ့ ဆန္ဒပြဖို့ သူက အဲဒီအဖွဲ့ကို ကူညီခဲ့တယ်လို့ တနင်္လာနေ့မှာ ပိုနိုမာရက်ဗ်က ပြောပါတယ်။

အဲဒီချန်နယ်ကို ထောက်ပံ့ပေးတာ ၂၀၂၂ မှာ ရပ်လိုက်ပြီလို့ ပိုနိုမာရက်ဗ်က ပြောပေမဲ့ သူကိုယ်တိုင် ပြောထားတာတွေနဲ့ လွဲနေတာကို တွေ့ရပါတယ်။ သူက အဲဒီချန်နယ်ကို "ကျွန်တော်တို့ ချန်နယ်"လို့ ၂၀၂၃ သြဂုတ်လမှာ ပြောထားပြီး သူ့ရဲ့ ဆောင်ရွက်မှုတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ စက်တင်ဘာလထဲမှာ ရည်ညွှန်းပြောထားပါတယ်။

ပိုနိုမာရက်ဗ်က အဲဒီချန်နယ်နဲ့ ဆက်နွှယ်နေတာကြောင့် မာခါချက်ကာလာ လေဆိပ်ဆူပူမှု ဖြစ်အောင် ယူကရိန်းက ကြိုးကိုင်ခဲ့တယ်လို့ ဒါဂက်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး ဆာဂေး မီလိုင်ကော့ဗ်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာတို့က စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ချန်နယ်ကိုယ်တိုင်ကတော့ ပိုနိုမာရက်ဗ်နဲ့ရော ယူကရိန်းနဲ့ရော အဆက်အစပ်မရှိဘူးလို့ ကြေညာခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လန်းကီးကလည်း အဲဒီ တိုက်ခိုက်မှုကို ရှုတ်ချပါတယ်။

မစ္စတာ ဇယ်လန်းစကီးက ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု အပြီးမှာ အစ္စရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

တစ်ဖက်မှာတော့ မစ္စတာ ပူတင်က "ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းက အမေရိကန်ရဲ့ မူဝါဒ ကျရှုံးမှုတစ်ခု" လို့ ဝေဖန်ခဲ့ပါတယ်။

ဟားမတ်စ်တွေရဲ့ လုပ်ရပ်တွေကို ရုရှားက ပြစ်တင်တာမရှိဘဲ တိုက်ခိုက်မှုတွေ နှစ်ဖက်လုံးက လျှော့ချကြဖို့ နဲ့ အပစ်ရပ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ဟားမတ်စ် ကိုယ်စားလှယ်တစ်ဖွဲ့ ရုရှားနိုင်ငံ မော်စကိုမြို့ကို ဆွေးနွေးဖို့ လာရောက်ခဲ့ပြီး အစ္စရေးမှာ ဒါကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဂျူးမုန်းတီးရေး အကြမ်းဖက်မှု

ရုရှားက ဒေသတွေထဲမှာ ဒါဂက်စတန်ဟာ လူမျိုး၊ဘာသာစကား အစုံလင်ဆုံး ဒေသပါ။ ဒေသခံ တိုင်းရင်း လူမျိုး ဒါဇင်ချီရှိရာမှာ မွတ်ဆလင်ဦးရေက များပြားပေမဲ့ ရှေးဦး ဂျူးလူမျိုးစု အသိုင်းအဝိုင်းတွေပါ ရာစုနှစ်တွေ ချီပြီး အတူနေထိုင်လာကြတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို ဂျူးမုန်းတီးမှု အကြမ်းဖက်မှု ပေါက်ကွဲထွက်လာတာဟာ ဒါဂက်စတန် လူငယ်တွေကြားမှာ ပါလက်စတိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံကြပြီး ဂျူးမုန်းတီးတဲ့ သဘောထားတွေ ရှိနေပေမဲ့ ပါလက်စတိုင်း ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ လုပ်ခွင့်မပြုတဲ့ ဒေသအာဏာပိုင်တွေကြောင့် ဖြစ်ရတာလို့ ဒါဂက်စတန် လူမှုဗေဒပညာရှင် ရာဆော် အဘက်ဒူခါလီကော့ဗ်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ရုရှားက လေဆိပ်တစ်ခုကို အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ဝင်စီးနင်းလို့ လေဆိပ်ပိတ်ထားတဲ့အထိ ဖြစ်ခဲ့

"တခြား တစ်နည်းနည်းနဲ့ ဖော်ပြလို့ရအောင် မလုပ်ခဲ့လို့ ဒီအထိ ဖြစ်လာရတဲ့အပေါ် အုပ်ချုပ်ရေးမှူး ဆာဂေး မီလိုင်ကော့ဗ်ကို အပြစ်တင်ရမှာပဲ" လို့ သူက ပြောပါတယ်။

တယ်လီဂရမ် ချန်နယ်တွေ၊ ဝတ်စ်အပ်နဲ့ အင်စတာဂရမ် စာမျက်နှာတွေမှာ အမုန်းစကားတွေနဲ့ သတင်းမှားဖြန့်ဝေမှုတွေကနေ သဘောထား တင်းမာမှုတွေ ဖြစ်လာစေတယ်လို့ သူက ယုံကြည်နေပါတယ်။

"ကိုယ်သိချင်တဲ့ သတင်းကို ရှာတယ်။ အဲဒီမှာ ကိုယ်ယူဆတာတွေကို အတည်ပြုပေးထားတာတွေ တွေ့တော့ အဲဒါတွေကို ဆက်ဖြန့်ကြတော့တာပေါ့။"