ကရင်နီမှာ လက်နက်ကြီး လူနေအိမ်တည့်တည့်ကျလို့ မိသားစုတွေထိခိုက်

နိုဝင်ဘာ ၆ရက်၊ ထိပ်တန်းရောက် သတင်းများစုစည်းတင်ဆက်မှု

KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ပစ်ခတ်ခံရ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့ကို ဒီကနေ့ နိုဝင်ဘာ ၆ရက် နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးအသံ သုံးကြိမ်လောက်ကြားရပြီး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကို အတိအကျမသိကြပေမဲ့ လွယ်ဂျယ်မြို့ ဘက်ကနေပစ်တာလို့ ဒေသခံတချို့ကခန့်မှန်းနေပါတယ်။

''ပစ်တာအသံကြားတာနဲ့ ကျွန်မတို့အကုန်အိမ်ထဲကမထွက်ရဲကြဘူး။ အခုသူတို့ပစ်တာ လယ်ကွင်းထဲကျတယ်ပြောတယ်။ လူတွေမထိလို့တော်သေးတာပေါ့။ အခုက လက်နက်သံကြားတော့ အရမ်းကိုစိုးရိမ်နေကြတာလေ။ တိုက်ပွဲတွေဘာတွေဖြစ်လာရင်တော့လည်း နယ်စပ်ပဲပြေးမှာပေါ့ '' လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၃၀ရက်ကလည်း ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာကို စစ်ကောင်စီဘက်က လက်နက်ကြီး ငါးကြိမ်ထက်မနည်းပစ်ခတ်ခဲ့တဲ့အကြောင်းဒေသခံတွေက ဘီဘီစီကိုဖြေကြားထားပါတယ်။

မိုင်ဂျာယန်မြို့ဟာ တရုတ် - မြန်မာနယ်စပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး ကချင်အမျိုးသားကောလိပ်၊ ပညာရေးကောလိပ် နဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီအပါအဝင် အခြားကျောင်းတွေ ရှိနေပြီး ‌ကေအိုင်အေရဲ့ ပညာရေးမြို့တော်လို့ ခေါ်ကြတာလို့ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ကချင်ပြည်နယ်အတွင်း အနန့်ပါဒေသ လေကြောင်းကနေတိုက်ခိုက်ခံရပြီးနောက်မှာ နယ်မြေအများစုမှာ နှစ်ဖက်စစ်ရေးပိုတင်းမာလာတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

ပုသိမ် စသုံးလုံးရုံးတိုက်ခိုက်မှုစွပ်စွဲချက်နဲ့ အနီးဝန်းကျင်က ဒေသခံ ၅ဦး ဖမ်းဆီးခံရတယ်လို့ ဆို
ရေးသားခဲ့သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်ထဲက အထူး စုံစမ်း စစ်ဆေးရေးဌာန (စစစ) ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပြီးနောက် ဒေသခံအချို့ဖမ်းဆီးခံထားရတယ်လို့ ပုသိမ်မြို့ခံအချို့ထံကသိရပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့၊ မနေ့က မွန်းလွဲပိုင်းမှာ ပုသိမ်မြို့၊ ရုံးပေါင်းစုံလမ်း၊ မြို့နယ်တရားရုံးဘေးနဲ့ ရဲစခန်းရှေ့တို့မှာရှိတဲ့ စသုံးလုံး ရုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဖောက်ခွဲမှုကို ကြည့်ရှုမိတဲ့အမျိုးသမီးတစ်ဦးအပြင် ပေါက်ကွဲပြီးနောက် ဖြတ်သွားဖြစ်လာ လုပ်ခဲ့ကြတဲ့ ဒေသခံ စုစုပေါင်း ၅ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ‌အခြေအနေသိရှိသူတွေက ပြောပြကြပါတယ်။

အဲဒီလိုဖမ်းဆီးမှုအပြင် ပေါက်ကွဲမှုအပြီး ၃နာရီကြာတဲ့အထိ ဖြစ်စဥ်အနီးဝန်းကျင်ရပ်ကွက်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ပုသိမ်ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF) နဲ့ ကန်ကြီးထောင့် ပကဖ တို့မှ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ရုံးထဲကထိခိုက်မှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ PSTF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆေးရေးရဲ့ ပုသိမ်မြို့အတွင်း တတိယအကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က သိရပါတယ်။

ပထမအကြိမ်မှာ မိုင်တဲတာဝါတိုင်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့သလို၊ ဒုတိအကြိမ်မှာတော့ ပုသိမ်မြို့နယ်စည်ပင် ဥက္ကဌ အိမ်ကိုဖောက်ခွဲခဲ့တာလို့ ပုသိမ်ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ပြောထားပါတယ်။

မန္တလေးမှာ ရဟန်းသံဃာတွေဖမ်းဆီးခံနေရမှု သံဃသမဂ္ဂ(မန္တလေး)ကန့်ကွက်ရှုတ်ချ

မန္တလေးမှာ ရဟန်းသံဃာတွေဆက်တိုက်ဖမ်းဆီးခံနေရမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ဒီကနေ့ နိုဝင်ဘာ၆ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂ရက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်ခဲ့ဖူးတဲ့ သံဃသမဂ္ဂဦးဆောင်ရဟန်းတစ်ပါးကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဖမ်းဆီးလိုတဲ့သံဃာကိုမတွေ့တာ‌‌ကြောင့် အခြားသံဃာ ၂ပါးကိုဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

သံဃသမဂ္ဂ(မန္တလေး)နဲ့ လုံးဝပတ်သက်ဆက်နွှယ်မှုမရှိတဲ့ ဖမ်းဆီးခံရတဲ့အဲဒီသံဃာ ၂ပါးဖြစ်တဲ့ ဦးအဇ္ဇုန နဲ့ ရှင်ကုသလတို့ ကို စာအံကျောင်းတက်နေချိန် မှာ ကျောင်းထိုင်ဆရာတော်ကြီးကို ​လျှောက်ထားကာစစ်တပ်ကခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့အဲဒီသံဃာ ၂ပါးဟာ ဒီကနေ့ နိုဝင်ဘာ ၆ရက်အထိ လွတ်မြောက်တာမရှိသေးသလို ဒီလိုပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ဦးအဇ္ဇုန နှင့် ရှင်ကုသလ တို့ ရဲ့ ကျန်းမာရေး နဲ့ အသက်အန္တရာယ်တစ်စုံတရာဖြစ်ခဲ့ရင်လည်း ဖမ်းဆီးသူတွေ တာဝန်ခံရမယ်လို့ ‌ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာလ ၃၀ ရက်ကလည်း သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါး ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေးသပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်တဲ့ ကိုပိုင်နွေဦး၊ ကိုဥက်(ခ)ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ဟာ တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မုံရွာ ထန်းလေးပင်ကျေးရွာက နေအိမ်တွေမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာ ကို ဒီကနေ့ နိုဝင်ဘာ၆ရက် မှာ စစ်ကောင်တပ်စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သိရပါတယ်။

ရွာအတွင်းကို စစ်ကောင်တပ်သား ၁၅၀ခန့်က ဝင်ရောက်ခဲ့တာဖြစ်ပြီး မနက်အစောပိုင်း ၇ နာရီခွဲအချိန်က တကြိမ် နဲ့ မနက် ၉နာရီခန့်မှာတကြိမ် နဲ့စုစုပေါင်း နှစ်ကြိမ် မီးလောင်ကျွမ်းနေတာတွေ့ရတယ်လို့ ‌ဆိုပါတယ်။

လက်ရှိအချိန်အထိ ရွာထဲမှာ စစ်ကြောင်းရှိနေသေးလို့ ဒေသခံတွေထွက်ပြေးခဲ့ကြရပြီး ရွာထဲပြန်မဝင်ရဲသေးလို့ ပျက်စီးမှု အခြေအနေကိုလည်းမသိရသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ နိုဝင်ဘာလ၅ရက်ကလည်း မုံရွာမြို့နယ်၊ ရန်နိုင်ကျွန်းကျေးရွာက နေအိမ် တွေနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မုံရွာတဝိုက်စစ်ရေးတင်းမာနေပြီး မုံရွာ-အမြင့်လမ်းကိုလည်း ပိတ်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကကြေညာထားသလို ယာဥ်တစ်စီးမှမဖြတ်သန်းကြဖို့ ဒီကနေ့မှာထပ်ပြီးအသိပေးထားတာတွေ့ရပါတယ်။

ကချင်ဘက်မှာ ဒေသခံ ၄၀ လောက်အဖမ်းခံရပြီး၊ တိုက်ပွဲထဲခေါ်သွားတယ်လို့ ပြော

ကချင်ပြည်နယ် ဖားကန့်နဲ့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအကြားမှာ စပါးလာသယ်သူတွေ၊ လယ်လာရိတ်သူတွေအပါအဝင် ‌ဒေသခံလယ်သမား၊ လမ်းသွားလမ်းလာစတဲ့ အမျိုးသမီး၊ အမျိုးသားစုစုပေါင်း ၄၀‌ လောက်ဟာ နိုဝင်ဘာ ၃ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဖမ်းခံရသူတွေရဲ့ သတင်းတွေကို သိရှိထားသူတွေက ဘီဘီစီကို ပြောပါတယ်။

ကုန်ထုတ်လမ်းအဖြစ် အများပြည်သူအသုံးပြုတဲ့ ကာမိုင်းနဲ့ ချောင်းဝ ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းကဖြတ်သန်းသူတွေကို ဖမ်းဆီးခဲ့တာလို့ ‌ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ကြိုးတွေနဲ့ တုပ်ပြီး ကေအိုင်အေ အဖွဲ့ကို သွားရောက်တိုက်ခိုက်တဲ့အချိန်မှာ ခေါ်ဆောင်သွားတယ်လို့ ‌မြေပြင်သိရှိသူတွေက ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အဆက်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၉ ကို စစ်ကောင်စီရဲ့ တပ်ရင်း တို့က နိုဝင်ဘာ ၅ရက်နေ့ စနေနေ့ နေ့လည် ၂နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ မြေပြင်သိရှိသူတွေက ပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ချောင်းဝရွာ၊ နန့်မော်ကန်ရွာ စတဲ့နေရာတွေအပြင် ဖားကန့်နဲ့ အင်းတော်ကြီးအဆက်ဘက်က ဒေသခံတွေပါဝင်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ဖမ်းခံရသူတွေကို ခေါ်ဆောင်သွားတာကြောင့် ဖမ်းခံရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြတာပါ။ အဲဒါအပြင် ထပ်မံဖမ်းဆီးမှုတွေရှိလာမှာကိုလည်း အဲဒီဘက်က ဒေသခံတွေကလည်း စိုးရိမ်တာမျိုးလည်းရှိနေပါတယ်။

စစ်တပ်ဘက်က ဖမ်းဆီးသွားတယ်ဆိုတဲ့ အပေါ် မိသားစုဝင်တွေနဲ့ မေးမြန်းနိုင်ဖို့ ဘီဘီစီက ကြိုပမ်းဆက်သွယ်နေပါတယ်။ အလားတူ ဖမ်းဆီးခံရသူတွေအရေးနဲ့ တိုက်ပွဲ တွေအတွင်း ဖမ်းဆီးခံရမှုရှိ၊မရှိကိုလည်း စစ်ကောင်စီပြန်ကြားရေးဘက်ကို မေးမြန်း နိုင်ဖို့ ကြိုးစားနေနေတယ်။

စစ်ကောင်စီဘက်ကတော့ အခုဖြစ်စဥ်အပေါ် သတင်းတစုံတရာထုတ်ပြန်တာတော့မရှိသေးပါဘူး။

ဖားကန့်ဒေသမှာ စက်သုံးဆီပြတ်လပ်နေ

ဖားကန့်ဒေသမှာ လူသုံးများတဲ့ အောက်တိန်းအပါအဝင် စက်သုံးဆီအမျိုးအစားအားလုံးနီးပါးပြတ်လပ်နေတယ်လို့ ဖားကန့်ဒေသခံတွေထံကသိရပါတယ်။

အောက်တိုဘာ တတိယအပတ်ကစလို့ ဖားကန့်ကို ပို့ဆောင်မယ့် စက်သုံးဆီယာဥ်တွေကို နန့်ယား - ကာမိုင်း ဂိတ်ကနေ ပိတ်ထားတာကြောင့် ဖားကန့်ဒေသကို စက်သုံးဆီသယ်ယာဥ်တွေလုံးဝ မရောက်လာတော့တာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် ဖားကန့်မှာ ဓာတ်ဆီတစ်လီတာကို ၅၀၀၀ ကျော်နဲ့ လမ်းဘေးဆိုင် တွေကတဆင့် ဝယ်ယူသုံးစွဲနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသအတွင်းဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကစက်သုံးဆီဆိုင် ၁၀ ဆိုင်နီးပါးက စက်သုံးဆီအရောင်းမရှိပဲ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခြားစက်သုံးဆီဖြစ်တဲ့ ဒီဇယ်အမျိုး အစားနဲ့ အောက်တိန်းဓာတ်ဆီအမျိုးအစားတွေကိုတော့ ဓာတ်ဆီတိုင်ကြီးတွေမှာလုံးဝ မရောင်းတာ ၂ပတ်‌ကျော်အထိကို ကြာနေပြီလို့ သိရပါတယ်။

ဖားကန့်ဒေသက စက်သုံးဆီပြတ်လမှုကြောင့် ဒေသခံတွေအတွက် သွားလာရေး၊ အိမ်တွင်းမှုစီးပွားလုပ်ငန်းတွေရပ်ဆိုင်းတဲ့အထိ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကတော့ စက်သုံးဆီတွေအသုံးပြုပြီး စက်ယန္တရားတွေနဲ့ ဆက်လက်တူးဖော်နေဆဲလို့ ဒေသခံတွေက ပြောကြပါတယ်။ ဖားကန့်ဒေသအတွင်းမှာ စက်သုံးဆီပြတ်လနေမှုက လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားတာလို့ ကချင်ပြည်နယ်က အဆင့်မြင့်အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အရင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုမှာ ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေနဲ့လည်ပတ်ခဲ့တာလို့ စစ်ခေါင်းဆောင်ပြော

အရင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုမှာ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကို အားပေးဆောင်ရွက်ခဲ့တာမရှိဘဲ ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေနဲ့ Non Trade (ကုန်သွယ်မှုမဟုတ်တဲ့ဝင်ငွေ)ကရတဲ့ နိုင်ငံခြားငွေတွေနဲ့ဖြည့်ဆည်းသုံးစွဲခဲ့ကြတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ အရင်အစိုးရတွေလက်ထက်က ပြည်ပထောက်ပံ့ငွေနဲ့ချေးငွေတွေရှိခဲ့ပေမဲ့ သူတာဝန်ယူဆောင်ရွက်ချိန်မှာ ပြည်ပထောက်ပံ့ငွေနဲ့ချေးငွေတွေရရှိတာမရှိဘူးလို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။ မနေ့က နိုဝင်ဘာ၅ရက်က မြိတ်မြို့ မှာ အသေးစား၊အ ငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းတွေကဖော်ပြပါတယ်။

နိုင်ငံရဲ့ စီးပွားရေးပျက်ယွင်းစေဖို့ နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုတွေ၊ ငွေကြေးလည်ပတ်သုံးစွဲမှုတွေကို ထိခိုက်စေဖို့နဲ့ ဘဏ်စနစ်ပြိုလဲအောင်ဆောင်ရွက်တာတွေရှိခဲ့တာကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့တယ် လို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။ ဒါ့အပြင် တိုင်းပြည်ဟာ နိုင်ငံရေးအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပြီးစီးပွားရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ ဒါကိုကုစားဖို့ သူတို့လုပ်နေပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတွေကိုအားပေးဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လုပ်ငန်းရှင်တွေနဲ့ လှည့်လည်တွေ့ဆုံနေတာလို့လည်း ဆိုပါတယ်။

အခက်အခဲများကြားမှ နိုင်ငံ့ စီးပွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ အခုအခါ နိုင်ငံစီးပွားရေးတိုးတက် သင့်သလောက်တိုးတက်လာခဲ့တာကိုတွေ့ရမယ်လို့လည်းပြောခဲ့တာပါ။ လုပ်ငန်းများဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမှာဖြစ်ပြီး ကိုယ်တိုင်လည်း တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံကြဖို့လိုတယ်လို့လည်းပြောပါတယ်။

လုပ်ငန်းရှင်အချို့ကတော့ စစ်ကောင်စီဘက်က နိုင်ငံတွင်း အသေးစားအလတ်စားလုပ်ငန်းတွေကို အားပေးတယ်လို့ပြောနေပေမဲ့ ဆိုးရွားတဲ့လျှပ်စစ်မီးပြတ်တောက်တဲ့ပြဿနာနဲ့ ငွေကြေးမူဝါဒတွေနဲ့တရားသေငွေလဲနှုန်းသတ်မှတ်ထားမှုနောက်မှာ ထုတ်ကုန်အတွက်သုံးရမယ့် ပြည်ပသွင်းအားစုတွေ စျေးမြင့်တက်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောနေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ငွေကြေးနဲ့နည်းပညာအကူအညီတွေကိုရပ်ဆိုင်းထားသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း နိုင်ငံတွင်းကနေ ထွက်ခွာနေတာဖြစ်ပါတယ်။

ဟွန်ဒီငွေလွှဲလုပ်ငန်းတွေ တရားဝင်လိုင်စင်ယူကြဖို့ ဗဟိုဘဏ်ပြော

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရယူထားတာမရှိဘဲ ဟွန်ဒီငွေလွှဲလုပ်ငန်းဆောင်ရွက်နေသူတွေအနေနဲ့ တရားဝင်လိုင်စင်ရယူဆောင်ရွက်ဖို့ ဆိုပြီး ဗဟိုဘဏ်ဘက်ကပြောလာပါတယ်။ နိုဝင်ဘာ ၅ရက်က တာချီလိတ်၊မူဆယ်က လုပ်ငန်းရှင်တွေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံချိန်ပြောခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဒေသတွေမှာခွင့်ပြုပေး‌နေတဲ့ ဘတ် - ကျပ် ၊ ယွမ် -ကျပ် အစီအစဥ်တွေမှာ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ တရားဝင်လိုင်စင်ရယူဆောင်ရွက်ဖို့လုပ်မယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ် ရဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကလည်း ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်တွေနဲ့ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ခွင့်လုပ်ငန်းလိုင် စင်လျှောက်ထားရာမှာလိုအပ်တဲအချက်အလက်တွေကို ရှင်းပြခဲ့တယ်လို့ သိပါတယ်။

ဗဟိုဘဏ်ရဲ့ ဒီလိုပြောကြားချက်ဟာ တရားမဝင်ငွေကြေးလွှဲပြောင်းမှုတွေကိုထိန်းချုပ်ဖို့နဲ့ တဖက်အဖွဲ့အစည်းကငွေကြေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး ပြည်ပငွေလွှဲလုပ်ငန်းတွေသိနိုင်ဖို့ အဓိကရည်ရွယ်တာဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဗဟိုဘဏ်နဲ့အတူ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့လည်းတက်ရောက်ပြီး ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင် ရာ တွေနဲ့ပတ်သက်ပြီးပြောခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်ထားပြီး ဒီစာရင်းကလွတ်နိုင်ဖို့ စစ်ကောင်စီလက်အောက်ဗဟိုဘဏ်ကကြိုးစားမယ်လို့ပြောထားပြီးနောက် ငွေကြေးလွှဲပြောင်းမှုတွေနဲ့ပတ်သက်ပြီး အခုရက်ပိုင်းမှာ ထိန်းချုပ်စောင့်ကြည့်ဖို့ လုပ်လာတာဖြစ်ပါတယ်။

ကျမ်းစာသင်ကျောင်းထဲကိုလက်နက်ကြီးကျရောက်ခဲ့မှု KBC ပြင်းထန်စွာကန့်ကွက်

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် (KBC)ရဲ့ ကချင်ဓမ္မကောလိပ်ကျမ်းစာသင်ကျောင်းထဲကိုလက်နက်ကြီးကျရောက်ခဲ့တာ‌နဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ် က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၃ရက် ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျမ်းစာသင်နေတဲ့ ကျောင်းသားလေးဦး ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။

KBC ရဲ့ထုတ်ပြန်စာမှာတော့ သမ္မာကျမ်းစာဓမ္မပညာရပ်တွေကိုသင်ကြားနေတဲ့ ကျောင်းတော်ကို အကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်ပြီး အံ့သြထိတ်လန့်တုန်လှုပ်မိတယ်လို့ ဖော်ပြပါတယ်။

ခရစ်ယာန်ဓမ္မပညာကို ဘေးကင်းလုံခြုံစွာဆက်လက်သင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

အဲဒီ နိုဝင်ဘာ ၃ရက်ညပိုင်းက စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးထိမှန်မှုဟာ ကျမ်းစာသင်ကျောင်းအပြင် ‌‌မန်အောင်စုစည်းနဲ့ ဟွေခုတ်ကျေးရွာတွေမှာလည်း ကျရောက်ပေါက်ကွဲခဲ့တာလို့ အ‌စောပိုင်းသတင်းတွေကဖော်ပြထားပါတယ်။

ဧရာဝတီလင်းပိုင် အရေအတွက်စစ်တမ်းမကောက်နိုင်တာ ၂လကြာပြီလို့ဆို

စစ်ဘေးကြောင့် ဧရာဝတီလင်းပိုင်ကြည့်တဲ့ ခရီးစဥ်တွေရပ်တန့်နေ

ဧရာဝတီမြစ်အတွင်း လင်းပိုင်အရေအတွက်ကို စစ်တမ်း မကောက်နိုင်တာ နှစ်လကျော်ကြာခဲ့ပြီလို့ ရေလုပ်သားတွေထံက ပြောပါတယ်။

အရင်က ခရီးသွားရာသီအစပိုင်းနဲ့ နှစ်ကုန်ခါနီးတိုင်းကောက်ကြပေမယ့် အခုအခါ သားငှက်ထိန်းသိမ်းရေး WCS အဖွဲ့နဲ့ပါ ပူးပေါင်းစစ်တမ်းမကောက်နိုင်တော့တာလို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ရေလုပ်သားတွေထံကသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေး-ဗန်းမော်ကနေ ဧရာဝတီလင်းပိုင်ကြည့်ရှုတဲ့ ခရီးစဥ်တွေလည်း မရှိသလောက်ဖြစ်သွားပြီလို့ ဧရာဝတီလင်းပိုင်ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြတဲ့ ရေလုပ်သားတွေထံကသိရပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေရှာရတဲ့ လင်းပိုင်ထိန်းသိမ်းရေး ရွာအများစုရဲ့ နေအိမ်တွေဟာ မီးရှို့ခံရလို့ ရေလုပ်သားတွေ ထွက်ပြေးနေရတာ လချီကြာပြီ ဖြစ်ပါတယ်။

"ပစ္စည်းတွေရောအကုန်ကုန်တာဘဲ။ ဘာတခုမှမကျန်တော့ဘူး။ရေလုပ်သားအလုပ်လည်း ကောင်းကောင်းမလုပ်နိုင်တော့သလို၊ အဆက်အသွယ်တွေလည်း ပြတ်နေပြီ" လို့ စဉ့်ကူးမြို့နယ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ရေလုပ်သားတစ်ဦးကပြောပါတယ်။

အရင်က ခရီးသွားရာသီအစမှာ လင်းပိုင်လေ့လာရေးအတွက် ပြည်ပခရီးသွားတွေအလာရှိခဲ့ပေမယ့် ကိုဗစ်ဖြစ်ပြီးနောက်မှာ ပြည်တွင်းခရီးသွားတွေသာ လာရောက်လေ့လာကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ လင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အားနည်းခဲ့သလို လေ့လာရေး ခရီးစဉ်တွေလဲ မရှိသလောက်ဖြစ်ခဲ့တယ်လို့ လင်းပိုင်ထိန်းသိမ်းရေးနယ်၊ ရေလုပ်သားတွေက ပြောပါတယ်။

အခုခရီးသွား ရာသီမှာလည်းပြည်ပကခရီးသွားတွေက ခရီးစဉ်တွေ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် လုံခြုံရေး အခြေနေကြောင့် ခရီးလမ်းညွှန်မှုကို ငြင်းပယ်ခဲ့တာတွေ ရှိတယ်လို့ ဧည့်လမ်းညွှန် တစ်ဦးက ပြောပါတယ်။

"သူတို့ဘက်က အာမခံမှုဘယ်လိုတွေ ယူခဲ့လဲမသိဘူးလေ။ ဒီဘက်မှာ တခုခုဖြစ်ရင် တာဝန်ယူရမှာ အကြီးကြီး။ လမ်းခရီး လုံခြုံရေးက အာမမခံနိုင်ဘူးလေ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ အေးဖြစ်ရင် ကျွန်မျွန်က ရှင်းရဆောင်ရွက်ရမှာ။ ဒါကြောင့် လမ်းညွှန်လာချိတ်တာတွေ ပယ်လိုက်တယ်" လို့ သူက ပြောပါတယ်။

ကိုဗစ်မဖြစ်ခင်က လင်းပိုင်အကောင်ရေ စစ်တမ်းကောက်ချက်အရ ၇၅ကောင်အထိရှိနေတာပါ။ အဲ့ဒီနောက် လင်းပိုင်တချို့ သေဆုံးတာတွေရှိခဲ့သလို ဒီနှစ်အတွင်းမှာ လင်းပိုင်သားပေါက်တစ်ကောင် တွေ့ရှိတယ်လို့လည်းဧရာဝတီလင်းပိုင်သုတေသနအချက်အလက်တွေအရသိရပါတယ်။

ခရီးသွားဖော်ဆောင်မှုကို စစ်ကောင်စီဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဒီနှစ်စပိုင်းကတည်းက လေ့ကျင်သင်ကြားရေး တွေပြုလုပ်နေပါတယ်။ ဧည့်လမ်းညွှန်ပိုင်းအတွက် ရှရှားဘာသာစကားကို ထပ်တိုး သင်တန်းတွေပေးပေမယ့် လက်တွေ့မှာ ပြည်ပဝင်ငွေရှိတဲ့ လင်းပိုင်ထိန်းသိမ်းရေးနဲ့ လေ့လာရေးလုပ်ငန်းတွေကတော့ ရပ်နားထားရဆဲဖြစ်တယ်လို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

ပုလောမြို့နယ် အနီးတိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ပလမြို့ မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေရှိလို့ ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပလမြို့ မှာ ရဲကင်းစခန်းရှိပြီး တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေရှိနေလို့ တိုရွာ၊ သင်္ကန်းတောအပါအဝင် ရွာအချို့က ဒေသခံတွေဟာတိုက်ပွဲတွေပြင်းထန်မှာစိုးရိမ်လို့ ဘုန်းကြီးကျောင်းတွေမှာခိုလှုံကြရသလို မြိတ်မြို့ပေါ်ကိုလည်းတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

'' ရွာတွေကကျတော့ စစ်တပ်ဘက်နဲ့ ပီဒီအက်ဖ်ဘက်နဲ့ကြားထဲကလိုဖြစ်နေတော့မနေရဲကြတော့ဘူး။ ရွာထဲကို မနေ့က စစ်ကြောင်းကလည်းဝင်တယ်။ လူငယ်၁၀ယောက်လောက်ဖမ်းတယ်။ ပြီးတော့ပြန်လွှတ်ပေးတယ်။ အဲဒါဆိုတော့ကြောက်ကြတယ်လေ၊ရွာထိပ်မှာလည်းဟိုနေ့ကတစ်ယောက်လက်နက်ကြီးထိလို့သေတယ် '' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နိုဝင်ဘာ၄ရက်က စစ်ကောင်စီတပ်ဘက်ကပစ်တဲ့လက်နက်ကြီး က ပလမြို့ တိုရွာအနီးရောက်လာပြီး ဒေသခံတစ်ဦးထိမှန်သေဆုံးခဲ့တာကြောင့် လက်ရှိမှာ ပလမြို့ထဲက ကျေးရွာအများစုထွက်ပြေးတိမ်းရှောင်နေကြတာလို့လည်းပြောပြကြပါတယ်။

မနေ့ နိုဝင်ဘာ ၅ရက်ကတော့ ပုလောမြို့နယ်က ပဝတ်ကုန်းကျေးရွာနဲ့ ပိတပ်ကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့ နှစ်ဖက်တိုက်ပွဲ အ​ပြင်းအထန်ဖြစ်ပွါးနေတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။

ကရင်နီမှာ လက်နက်ကြီး လူနေအိမ်တည့်တည့်ကျလို့ မိသားစုတွေထိခိုက်

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ တောင်ကြီး - လွိုင်ကော် လမ်းမဘေးမှာရှိတဲ့ ကုန်းစွပ်ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျတာကြောင့် နေအိမ်မီးလောင်သွားပြီး မိသားစု လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်နေတဲ့ တိုက်ပွဲမရှိပဲ အောက်တိုဘာ ၅ရက်နေ့ မနက် ၁၁နာရီကျေ်မှာ ကုန်းစွပ်ရွာအနီးကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံနဲ့ မြေပြင်ဘက်ကသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

"ကုန်းစွပ်မှာ လက်နက်ကြီး ပထမဆုံးကျတယ်။ မနက် ၁၁နာရီခွဲမှာ ရွာအနားကို လက်နက်ကြီး ငါးလုံးကျတယ်။ နောက်ဆုံးပစ်တဲ့အလုံးခြံဝန်းတည့်တည့်ကိုကျလို့ အိမ်မီးလောင်ပြီး မိသားစုအားလုံးထိသွားတယ်။ ကလေးငယ်ကတော့ နောက်စေ့ကို ရှပ်ထိတယ်" လို့ ဖြစ်စဥ်ကိုသိရှိသူ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကတော့ အခုလက်နက်ကြီးကျတဲ့ ကုန်းစွပ်အပါအဝင် ကျောက်ကြီး၊ ဒေါသနောရွာစတဲ့နေရာတွေနားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ဖူးလို့ အဲဒီကျေးရွာက ဒေသခံအချို့က အရင်ကစစ်ဘေးရှောင်နေခဲ့ဖူး‌တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေမရှိတဲ့အတွက် ဒေသခံအချို့လည်း မူလနေရာတွေမှာ ပြန်လည်နေထိုင်နေကြတာလည်းရှိတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

လက်နက်ကြီးကြောင့် ၅၄နှစ်အရွယ် အမျိုးသမီး၊ ၃၀နှစ်အရွယ် အမျိုးသမီး၊ ၃၃ နှစ်အရွယ် အမျိုးသားနဲ့၊ ၂နှစ်အရွယ်ကလေးငယ်တို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

၅၄နှစ်အရွယ် အမျိုးသမီးက မျက်စိကိုထိခိုက်ထားပြီး၊ ကလေးငယ်ကလည်း ‌နောက်စေ့ကို လက်နက်ကြီးအစ ရှပ်ထိခဲ့တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ကယားပြည်နယ် (ကရင်နီဒေသ) နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ စစ်ကောင်စီ တပ်တွေရဲ့ လက်နက်ကြီးဒဏ်ကြောင့် ပြီးခဲ့တဲ့နှစ်လအတွင်း သေဆုံးသူ အရပ်သား ၁၃ ဦး အထိ ရှိခဲ့ပါတယ်။

အခုနို၀င်ဘာလဆန်းမှာလည်း အသက်၄ နှစ်အရွယ် မိန်းကလေးအပါအဝင် လက်နက်ကြီးဒဏ်ကြောင့် အရပ်သား (၃) ဦး သေဆုံးခဲ့ရသလို အသက်မပြည့်သေးတဲ့ ကလေးငယ် (၄) ဦးအပါအဝင် (၁၅) ဦး ထိခိုက်ဒဏ်ရာ ရထားတာပါ။

ကရင်နီဒေသဘက်က တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။