ဇွန်လ ၂၃ ရက်နေ့ ထိပ်တန်းသတင်းများ - ဖားကန့် ဆိုင်းတောင်မှာ ရှိတဲ့ ကေအိုင်ကေ ‌ကေအိုင်အို ရုံးတွေကို စစ်ကောင်စီဝင်ရောက်စီးနင်း ပြည်သူတချို့ သေဆုံး

ရေးသားခဲ့သည်။

ဟူးကောင်းခရိုင် ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေ အဖြစ် ကေအိုင်အေ ထုတ်ပြန်

ကချင်ပြည်နယ်၊ ဟူးကောင်းခရိုင်ထဲက ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေ ဆိုပြီး ကေအိုင်အေ အမှတ်(၁၄)တပ်ရင်းက ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီနယ်မြေအတွင်းမှာ ရွှေတူးဖော်တာ၊ ငါးဖမ်းတာ၊ တောင်ယာလုပ်တာ ၊ စက်ယန္တာရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာတွေကို အလုပ်အကိုင်မရှိတာကို အကြောင်းပြပြီး နယ်မြေအတွင်းနေထိုင်တာတွေ မပြုလုပ်ဖို့ ထုတ်ပြန်စာထဲမှာပါရှိပါတယ်။

သတ်မှတ်လိုက်တဲ့ ကန့်သတ်နယ်မြေအတွင်း နေထိုင်သူတွေကို ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ နဲ့ အသိပေးတဲ့ နေ့ကစပြီး ကန့်သတ်နယ်မြေအတွင်းရောက်ရှိနေတဲ့ လူပုဂ္ဂိုလ် ဘယ်သူကိုမဆိုအရေးယူသွားမယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

“ဒီနားမှာရှိတဲ့သူတွေက(ရှဒူဇွပ်) တစ်ပိုင်တစ်နိုင်ပဲရှိတယ်။ အင်နဲ့အားနဲ့တူးတဲ့သူတွေကပြောင်းကုန်ပြီ။ အခုက မဖြစ်နိုင်လို့ မတတ်နိုင်လို့ ရွှေတူးစားတဲ့သူတွေတော့ရှိတယ်။ အခု စာထုတ်တယ်ဆိုတော့ နားကြမှာပေါ့။ ဘယ်တတ်နိုင်မလဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှဒူဇွပ်ဒေသခံတွေကတော့ စာနဲ့ပတ်သက်ပြီး ၂၅ရက်နေ့နောက်ဆုံးဖြစ်တာကြောင့် လွှတ်ကျောင်းထားတဲ့ မိမိတို့ရဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေကို ပြန်လည်သိမ်းဆည်းခေါ်ယူတာတွေ ပြုလုပ်နေပြီး တချို့နေရာတွေကိုတော့ ကေအိုင်အေက မသွားဖို့ ညွှန်ကြားတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီညွှန်ကြားချက်ထွက်အပြီးမှာတော့ အဲဒီအနီးတဝိုက်က တောင်ယာနဲ့လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်တဲ့ ဒေသခံတချို့ အခက်တွေ့နေတယ်လို့သိရပါတယ်။​

အခုလို ကန့်သတ်နယ်မြေ သတ်မှတ်ရတာဟာ ရှဒူးဇွပ်မှာ ဦးမင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက မိုင်းထောင်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်သောကြောင့် ကန့်သတ်ရခြင်းဖြစ်တယ်လို့ ပါရှိပါတယ်။

ပူတာအို ခရိုင် နောင်မွန်း မြို့မှာ ရေကြီးနေတာ ၅ ရက်ရှိလာပေမဲ့ ရေပြန်မကျသေး

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့ကနေစပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် ရေကြီးနေသလို လမ်းတွေ ပျက်စီးနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြတ်တောက်မှုတွေရှနေတယ်လို့သိရပါတယ်။

မိုးရွာသွန်းမှုကြောင့်လမ်းတံတားတွေပျက်စီးပြီး စပါးပျိုးပင်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်မွန်းမြို့နယ်အတွင်းက လမ်းတံတား ပျက်စီးမှုတွေနဲ့ တောင်ပြိုကျလို့ လမ်းပိတ်နေတာတွေကို ပြန်လည်ပြင်ဆင်ဖို့ အတွက်ကလည်း မိုးကအဆက်မပြတ်ရွာနေတာဖြစ်လို့ ပြန်လည်ပြင်ဆင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဇွန် ၁၉ ရက်ညနေကနေ ရေကြီးနေတာ။ မြေပြိုတာတွေလည်း ရှိနေဆဲပဲ။ မိုးရွာနေလို့ ရှင်းတာတွေ လုပ်ဖို့ နည်းနည်းခက်ခဲနေတယ်။ မိုးကသေချာမတိတ်သေးဘူး။ တံတားလေးတွေ ပျက်သွားတယ်။ မချမ်းဘော့နဲ့ပူတာအို ကားလမ်းကလည်း ပြတ်တောက်နေတာပေါ့။ အခုရှင်းဖို့ လုပ်မလို့ မိုးရွာတော့ ရှင်းတဲ့လုပ်ငန်းတွေလုပ်လို့မရသေးဘူး။ ဒီနှစ်က ခါတိုင်းနှစ်ထက် စောပြီးမိုးရွာတယ်။ ရေကြီးတယ်။ လယ်တွေလည်း ပျက်စီးတယ်လို့သိရတယ်။ ပျက်စီးတာ အတိအကျမသိရသေးဘူး။ လူထိခိုက်မှုကတော့ ဒီနေ့ထိတော့ မကြားမိသေးဘူး။ ဆက်သွယ်လို့ရသလောက်ကတော့ ဒီနေ့ထိကတော့ ရေက မကျသေးဘူး" နောင်မွန်း ဒေသခံ တာဝန်ရှိသူတစ်ယောက်ကဆိုပါတယ်။

MFTB နဲ့ MICB နှစ်ခု အမေရိကန်က စီးပွားရေးပိတ်ဆို့လိုက်တဲ့နောက် ဗဟိုဘဏ်ကိုယ်တိုင် အွန်လိုင်း ထရိတ်ဒင်းစနစ်နဲ့ တစ်ဒေါ်လာ ၂၉၀၀ ကျော်နဲ့ အရောင်းအဝယ်လုပ်

စစ်ကောင်စီလက်အောက် ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB) မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ ပြင်ပမှာ ဒေါ်လာစျေးက ခန့်မှန်းမရလောက်အောင် စျေးတွေ ဖြစ်နေသလို ပြင်ပမှာ လည်း အရောင်းအဝယ်စျေးကွက် မတည်မငြိမ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားတဲ့နှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ငွေကျပ် ၂၁၀၀ သတ်မှတ်ထားရာကနေ ဇွန် ၂၁ ရက်ကစလို့ အွန်လိုင်းထရိတ်ဒင်းစနစ်ဆိုပြီး ဘဏ်တွေနဲ့ ဘဏ်တွေအချင်းချင်းကြား၊ ဘဏ်တွေနဲ့ ကာစတန်မာတွေကြား အရောင်းအဝယ်တွေကို အွန်လိုင်းကနေ ဗဟိုဘဏ်ကို အကြောင်းကြားပြီး သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချလိုက်ဖို့ ဆိုတဲ့စနစ်စတင်လိုက်တဲ့နောက် မနေ့ ဇွန် ၂၂ ရက်နေ့မှာ အဲဒီစနစ်နဲ့ အရောင်းအဝယ် ပြုလုပ်မှုမှာ တစ်ဒေါ်လာကို ၂၉၂၂ ကျပ်နဲ့ ဒေါ်လာ ၆.၈၆ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ငွေလဲလှယ်ကောင်တာတချို့မှာတော့ ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ ပြင်ပပေါက်စျေးက ‌ဒေါ်လာ ဝယ်မယ်ဆိုရင် ၃၂၀၀ ၊ ဒေါ်လာ ရောင်းမယ်ဆိုရင်တော့ ၃၀၂၀ စျေး ပေါက်နေပြီး ငွေလဲလှယ် ကောင်တာအများစုကတော့ ‌ဒေါ်လာ အရောင်းရောအဝယ်ရော ပိတ်ထားတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုကြပါတယ်။

"နေ့လယ် ၂ နာရီ လောက်မှာ‌တော့ ၃၂၀၀ ကျပ်နဲ့ လာဝယ်လို့ရတယ်လို့ ပြောတယ်။ အချိန်နဲ့ အမျှ အပြောင်းအလဲ ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒေါ်လာစျေးကတော့ ဘယ်လိုမှ ထိန်းလို့မရတဲ့ အခြေအနေပါ" လို့ ဒေါ်လာ လဲလှယ်မယ့်သူတစ်ဦးကပြောပါတယ်။

စစ်‌ကောင်စီဘက်ကတော့ ဒီပိတ်ဆို့မှုကြောင့် ထိခိုက်မှုတွေ အနည်းနဲ့အများကြုံတွေ့ရမယ်လို့ မျှော်လင့်ထားပြီး မိတ်ဆွေနိုင်ငံတွေရဲ့အကူအညီနဲ့ ကျော်ဖြတ်သွားမယ်လို့ တုံ့ ပြန် ပြောဆိုထားပါတယ်။

အမျိုးသမီး ရဲမေတွေရဲ့ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံတွေကို ကာကွယ်ရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေတွေရဲ့ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံတွေကို ကာကွယ်ရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်လိုက်ပါတယ်။

S&C အဖွဲ့က ပရဟိတ လုပ်ကိုင်နေသူတစ်ဦးကို စစ်ကောင်စီဖမ်းဆီး သုံးရက်ကြာအထိ အဆက်အသွယ်မရသေး

စစ်ကိုင်းတိုင်းထဲက စစ်ဘေးဒဏ်ခံနေရတဲ့ဒေသတွေက လိုအပ်ချက်တွေကို ကူညီပေးနေတဲ့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့ က အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားပြီး လက်ရှိ ၃ ရက်ကြာအချိန်အထိ အဆက်အသွယ်မရသေးဘဲ ပြတ်တောက်နေတယ်လို့ S & C အဖွဲ့ ထံက သိရပါတယ်။

" ဇွန် လ ၂၁ ရက်နေ့က ရေတွင်းတူးတဲ့အဖွဲ့က အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ် နားကနေ ဖြတ်သွားတဲ့အချိန်မှာ ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းဆီးလိုက်တာပါ။ ဖမ်းဆီးလိုက်မှန်း ကျွန်တော်တို့လည်း မသိရဘူး။ သူက ဆိုင်ကယ်နဲ့ နောက်မှာ ကျန်ခဲ့တာ။ လိုက်လာတာ မတွေ့လို့ ရှာမှ အဲဒီနားကလူတွေကို အင်္ကျီ ဘာအ‌ရောင် ဆိုင်ကယ်ဘာအရောင် အသက် ၃၀ လောက် လူတစ်ယောက် တွေ့မိလားဆိုပြီး လိုက်မေးကြည့်တော့မှ စစ်ကောင်စီက ဖမ်းသွားတယ်လို့ သိလိုက်ရတာပါ။ အခုထိ ဘယ်မှာထားလဲ။ လိုက်စုံစမ်းနေတုန်းပဲ။ အကျိုးအကြောင်း မသိရသေးပါဘူး" လို့ S & C အဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခု ဖမ်းဆီးခံခဲ့ရသူက ပရဟိတ အလုပ်တွေကိုပဲ ဦးစားပေးလုပ်ဆောင်နေသူဖြစ်ပြီး သာမန် ပရဟိတလုပ်ကိုင်နေသူသာဖြစ်တယ်လို့ အဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ တစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ပဝက်ကုန်းကျေးရွာအနီး တိုက်ပွဲ နှစ်ဘက် သေဆုံးမှုတွေရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝက်ကုန်းကျေးရွာကို ဇွန်လ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်တွေက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသကာကွယ်ရေး ပူးပေါင်း အဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက် နှစ်ဘက် သေဆုံးမှုတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက မနေ့က ဇွန်လ ၂၂ နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

ဇွန်လ ၂၁ ရက်နေ့အထိ နှစ်ဘက် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့သလို ကာကွယ်ရေးတပ်တွေဘက်ကလည်း ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေ အနေနဲ့ မြိတ်-ပုလောလမ်းမကြီးကို အသုံးပြုပြီး ခရီးသွားလာခြင်းကို မလိုအပ်ဘဲ လုံးဝမပြုလုပ်ကြဖို့ ကာကွယ်ရေးအဖွဲ့တွေဘက်က အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးစာရင်းနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို တနင်္သာရီတိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဦးယဥ်ထွေး ကိုဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

ဖားကန့်မြို့နယ် ဆိုင်းတောင် ရပ်ကွက် (၃) မှာရှိတဲ့ ကေအိုင်အေ၊ ကေအိုင်အို တိုက်နယ်အုပ်ချုပ်ရေးရုံးနဲ့ ကေအိုင်အေ ပြည်သူ့စစ်ရုံးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက် မနက်က ဝင်ရောက်စီး နင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စီးနင်းမှုတွေအတွင်း လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇွန်လ ၂၁ ရက်နေ့ မနက်အစောမှာ ဆိုင်းတောင် (ဆိပ်မူ) ရပ်ကွက် ၃ မှာရှိတဲ့ ကေအိုင်အေ တိုက်နယ်ရုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စီးနင်းခဲ့ပြီးနောက် မနက် ၁၀ နာရီ လောက်မှာတော့ ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်ကလည်း ကေအိုင်အေ တိုက်နယ်ရုံးကို စစ်ကောင်စီက ကားတွေနဲ့ လာရောက်ချိန်မှာ ရုံးအနီးအနားမှာ ရှိနေတဲ့ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး ထွက်ပြေးတဲ့ ပြည်သူတွေကိုသေနတ်နဲ့ လိုက်ပစ်တာကြောင့် သေဆုံးသူ ၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၂ယောက် ရှိခဲ့တာပါ။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ဖားကန့်ဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားတွေက ပို့ဆောင်ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်းတောင်ဒေသခံတစ်ဦး ကတော့ " ဆိုင်းတောင်ရပ်ကွက်(၃)တိုက်နယ်ရုံးကို ဝင်စီးကြတယ်။ မနက် ၄ နာရီမှာ အဲ့နားက ပြည်သူတွေ ၃ယောက် သေတယ်။ သူတို့တိုက်နယ်ရုံးမှာ ဖမ်းထားတဲ့သူတွေ ဒဏ်ရာရတယ် ၁၂ ယောက် အဲ့နားကလူတွေ အယောက်၃၀ ဖမ်းသွားတယ်။ ပြီးရင်အပေါ်က တိုက်နယ်ရုံးအပေါ်က ကေအိုင်အေ ပြည့်စစ်ရုံးကိုလည်း မီးတင်ရှို့သွားတယ်။ ၁၀နာရီလောက်မှာ မီးရှို့သွားတယ်။ ထွက်ပြေးတဲ့သူ အချုပ်သားတွေအပစ်ခံရတယ်။ ဒဏ်ရာရတယ်တဲ့။ အချုပ်သားတွေ ဒဏ်ရာရတယ်တဲ့။ အားလုံး ၁၂ ယောက်ထိထားတယ်။ ကေအိုင်အေ ကေအိုင်အို တိုက်နယ်ရုံး အဲ့ရုံးမှာအြစ်ရှိတဲ့အမှု တိုင်ထားတဲ့သူတွေကို ဖမ်းထားတာ မနေ့က ဖြစ်စဉ်မှာ အဲ့ကေအိုင်အို တွေက သတင်း ကြိုရလို့လွတ်တယ်" လို့ ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီက ကေအိုင်အေတိုက်နယ်ရုံးနားက ဖမ်းဆီးသွားတဲ့ပြည်သူတွေကို ဓာတ်ပုံနဲ့ တိုက် စစ်ဆေးတာတွေ၊ ကိုယ်ရေးအချက်အလက်တွေမေးမြန်းတာတွေ လုပ်ခဲ့ပြီး ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ လူ ၁၁ ယောက်ကို အရင်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဖမ်း ဆီးသွားတဲ့ လူအယောက် ၃၀လောက်ကတော့ သေနတ်တွေနဲ့ ရိုက်နက်ခံရတယ်လို့ ဆိုပါတယ်။ ဝင်စီးချိန်မှာ တိုက်နယ်ရုံးမှာ လူ တစ်ယောက်မှ မရှိသလို လက်ရှိဖမ်းဆီးခံရတဲ့သူတွေ၊ သေဆုံး ဒဏ်ရာရသူတွေဟာ အရပ်သားပြည်သူတွေဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှာမှ ပါတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဖားကန့် မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)မှာ ၂၀ ရက်နေ့ ညကတည်းက မှော်ရှန် ၊ ရှမ်းကုန် တွေဘက်မှာ စစ်ကောင်စီတွေက စစ်ဆေးမှုတွေကို လုပ်ခဲ့သလို ဆိုင်းတောင်နဲ့ ရှမ်းကုန်ဈေးမှာ ကားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ယောက် သေနတ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်မြို့နယ်အတွင်းမှာတော့ လုံခြုံရေးအခြေအနေ ဆိုးရွားနေပြီး စစ်ကောင်စီတွေရဲ့ စစ်ဆေးမှုနဲ့ တွေ့လို့ ရပ်ပေးရင်လဲ အရိုက်ခံရသလို ပြေးရင်လဲ ပစ်ခတ်ခံရတဲ့အခြေအနေမျိုးဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းတွေ ဖော်ပြလေ့ ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဇွန်လ ၂၁ ရက်နေ့ မနက် ၄ နာရီခန့်က ဖားကန့်မြို့နယ် ယူမာရပ်ကွက်ကို သတင်းအရ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး KIA အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို KIO ဆိုင်းတောင် တိုက်နယ်ရုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် KIA က ဖမ်းဆီးထားတဲ့ အချုပ်သား ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ ‌လည်း ရေးသားဖော်ပြနေကြတာ‌ တွေ့ရပါတယ်။